ဆစ်ဒနီတက္ကသိုလ်တွင် ဥယျာဉ်ခြံသီးနှံဘာသာရပ် သင်ကြားနေမှုကို လေ့လာသူအဖြစ် မိမိကိုယ်တိုင်နှင့်အဝေးမှ/အွန်လိုင်း (Blended Learning) လိုက်တက်ရင်း ပါမောက္ခ ဆရာက မတ်ချာလဘက်ရည်၊ မတ်ချာကော်ဖီ ဈေးတက်လာမှု အခြေအနေကို သင်ကြားပြသရာ မြန်မာနိုင်ငံတွင်များ ဤကဲ့သို့ အခွင့် အရေး ရရှိနိုင်မည်လား ဟူ၍ စာရေးသူစိတ်ကူး ဝင်ရင်း ဤဆောင်းပါးကို ရေးမိပါသည်။

ပုံ - ၁ မတ်ချာလဘက်ရည်ဖျော်ပုံ
မတ်ချာလဘက်ရည်မှာ ဂျပန်နိုင်ငံက စတင်ခဲ့သော လဘက်ခြောက် အစိမ်းမှုန့် (Green Tea Fine Powder) ကို သောက်သုံးသော ဓလေ့ကစတင်ခဲ့ပါသည်။
Matcha မက်ချာ စျေးနှုန်း ဘာကြောင့် ပိုမြင့်သလဲ?
(၁) မတ်ချာ ထုတ်လုပ်မှုလုပ်ငန်းစဉ် ပိုမိုရှုပ်ထွေးခြင်း
မတ်ချာ (Matcha) သည် သာမန် လဘက်ခြောက်စိမ်း (Green Tea) နှင့် မတူဘဲ အထူးနည်းလမ်းဖြင့် ထုတ်လုပ်ရပါသည်။
(၁-က) အရိပ်အောက် စိုက်ပျိုးရခြင်း (Shade-growing)
မရိတ်သိမ်းမီ ၂–၄ ပတ်ခန့် အရိပ်ဖုံးအုပ်ထားပြီး စိုက်ပျိုးရပါသည်။ ဒီနည်းလမ်းကြောင့် အစိမ်းရောင်ကလိုရိုဖီးလ် (Chlorophyll) နှင့် အယ်သီနင်း (L-theanine) ပမာဏ မြင့်တက်လာပါသည်။ (မြန်မာနိုင်ငံအတွက်အခက်အခဲမရှိလောက်ပါ)
(၁-ခ) လက်ဖြင့် ရိတ်သိမ်းရခြင်း (Hand Picking)
အရည်အသွေးမြင့် မတ်ချာ (Matcha) သည် နူးညံ့သော အရွက်သစ်များကိုသာ လက်ဖြင့်ရိတ်သိမ်းပြီး ဆောင်ရွက်ရသောလုပ်ငန်းဖြစ်ပါသည်။ (မြန်မာနိုင်ငံအတွက်အခက်အခဲမရှိလောက်ပါ)
(၁-ဂ) ကျောက်စက်ဖြင့် နှေးကွေးစွာ ကြိတ်ရခြင်း (Stone grinding)
အလွန်အနုမှုန့် ဖြစ်အောင် ကျောက်စက်ဖြင့် နှေးကွေးစွာ ဖြေးညင်းစွာကြိတ်ရသည်။
(မြန်မာနိုင်ငံအတွက်အခက်အခဲမရှိလောက်ပါ၊ ကျောက်စက်ကိုဝယ်ယူစရိတ်တော့ရှိနိုင် ပါသည်)
ဒီအဆင့်များသည် အလုပ်သမားကုန်ကျစရိတ်၊ အချိန်နှင့် စက်ကိရိယာကုန်ကျစရိတ် ပိုများသောကြောင့် စျေးနှုန်းမြင့်တက်ပါသည်။
(၂) အရည်အသွေးနှင့် ကျန်းမာရေးတန်ဖိုး
လူများသည် မတ်ချာ (Matcha) ကို ပိုစျေးပေးဝယ်ယူကြသော အကြောင်းရင်းများမှာ –
(၂-က) အင်တီအောက်ဆီဒန့် (Antioxidants) ပမာဏ မြင့်မားသည်။
(၂-ခ) အယ်သီနင်း (L-theanine) ပိုများသည်။
(၂-ဂ) အရသာမှာ ချိုသန့်၊ နူးညံ့ပြီး ဥမာမီ (Umami) အရသာရှိသည်။
(ဥမာမီ (Umami) ဆိုတာ ချဉ်၊ ချို၊ ခါး၊ ငန် ဆိုတဲ့ အခြေခံ အရသာကြီး (၄) မျိုးအပြင် ပဉ္စမမြောက် အခြေခံ အရသာတစ်မျိုးကို ခေါ်ပါတယ်။ ဥမာမီဆိုတဲ့ စကားလုံးဟာ ဂျပန်စကားလုံး "うま味" (Umami) ကနေလာတာဖြစ်ပြီး "နှစ်လိုဖွယ်ရာ အရသာ" သို့မဟုတ် "အရသာရှိခြင်း" လို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမယ့် သာမန် အရသာရှိတာထက် ပိုပြီး အထူးပြုပါတယ်။ ဥမာမီအရသာကို အကြမ်းဖျဉ်း အား ဖြင့် "ချိုမြိန်မွှေးပျံ့သော အရသာ" လို့လည်း ဖော်ပြလေ့ရှိပါတယ်။ ဟင်းရည်တွေ၊ အသားတွေမှာပါတဲ့ အရသာနက်နက်ကြီး၊ ခံတွင်းကိုပွင့်စေတဲ့ မွှေးရနံ့မျိုးကို ခံစားရတာက ဥမာမီအရသာပဲ ဖြစ်ပါတယ်။
ဘယ်လိုခံစားရလဲ?
ဥမာမီအရသာကို ခံစားရချိန်မှာ လျှာပေါ်မှာ အရည်ကျဲကျဲဖြစ်ပြီး ပါးစပ်ထဲတစ်ခုလုံး ပြည့်နှက်နေတဲ့ ခံစားမှု၊ လျှာရဲ့ နောက်ကျောဘက်နဲ့ လည်ချောင်းအထိ ပျံ့နှံ့သွားတဲ့ ခံစားမှုမျိုး ခံစားရတတ်ပါတယ်။
ဥမာမီအရသာကို ဘယ်လိုရရှိလဲ?
ဒီအရသာဟာ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ ဂလူတမိတ် (Glutamate) နဲ့ နျူကလီအိုတိုက် (Nucleotides) လို့ခေါ်တဲ့ အိုင်နိုဆီနိတ် (Inosinate) နဲ့ ဂွါနိုင်လိတ် (Guanylate) ဓာတ်တွေကြောင့် ဖြစ်ပေါ်လာတာပါ။
ဥမာမီအရသာ ကြွယ်ဝတဲ့ အစားအစာတွေကတော့- ခရမ်းချဉ်သီး (အထူးသဖြင့် ခရမ်းချဉ်သီးနှစ်)၊ ရှိတာကီ မှို (Shiitake mushroom)၊ ပါမေစန် ဒိန်ခဲ (Parmesan cheese)၊ ပဲငံပြာရည်၊ ငံပြာရည်၊ အသား၊ ငါး (အထူးသဖြင့် အချဉ်ဖောက်ထားတဲ့ ငံပြာရည်၊ ငါးပိ)၊ ဤလက်ဖက်စိမ်းရည် (Matcha)၊ ပဲပုပ်နဲ့လုပ်တဲ့ ပဲငံပြာရည်၊ ကမာကောင်နဲ့လုပ်တဲ့ ကမာဆီ (ဥပမာ- ကြော်ထားတဲ့ဟင်းထဲထည့်တဲ့ ကမာဆီ) စသည်တို့ ဖြစ်ပါသည်၊
အနှစ်ချုပ်ပြောရရင် ဥမာမီဆိုတာ ဟင်းတစ်ခွက်ကို ပိုပြီးပြည့်ပြည့်စုံစုံ၊ နှစ်နှစ်ခြိုက်ခြိုက်၊ အရသာရှိရှိ ဖြစ်စေတဲ့ အခြေခံအရသာတစ်မျိုး ဖြစ်ပါသည်။ မြန်မာဟင်းလျာတွေမှာ ဆိုရင် ငံပြာရည်၊ ငါးပိ၊ ပဲငံပြာရည်တွေက ဒီဥမာမီအရသာကို ဖြည့်ဆည်းပေးနေတာ ဖြစ်ပါသည်။)

ပုံ - ၂ ဥမာမီအရသာ
(၂-ဃ) ကျန်းမာရေးကောင်းမွန်စေသော (Wellness/Healthy Lifestyle) ထုတ်ကုန် အဖြစ် ဈေးကွက်တွင် အလွန်ရေပန်းစားသည်။
ထို့ကြောင့် အရည်အသွေးမြင့်ထုတ်ကုန် (Premium Product) အဖြစ် စျေးနှုန်း မြင့်တက်နေပါသည်။
စာရေးသူ၏ထင်မြင်ချက်
မြန်မာနိုင်ငံတွင်စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ်ဆောင်ရွက်နိုင်ပါသလား?
မြန်မာနိုင်ငံတွင် လက်ဖက်စိုက်ပျိုးမှု သမိုင်းရှည်လျားပြီး၊ တောင်တန်းဒေသများတွင် ရာသီဥတုကောင်းမွန်ပါသည်။ သို့သော် မတ်ချာ “Matcha” ဟု အမည်ပေးခြင်းသာ မလုံလောက် ပါ။ အရည်အသွေးနှင့် ထုတ်လုပ်မှုနည်းပညာ အလွန်အရေးကြီးပါသည်။
၄။ အရည်အသွေးကောင်းဆုံးမတ်ချာ Premium Matcha စျေးကွက်ဝင်ရန် လိုအပ်ချက်များ
စိုက်ပျိုးရေးနှင့် ထုတ်လုပ်မှုနည်းလမ်း
(၄-က) မတ်ချာ (Matcha) အတွက် သင့်လျော်သော လက်ဖက်မျိုးစိတ် ရွေးချယ်ရမည်။ ဒေသမျိုး ရွေဖီးမိုးလွတ်မျိုးတွေထဲက ရွေးမည်လား၊ ဂျပန်က မျိုးရနိုင်ပါမည်လား?
(၄-ခ) နောက် ၂၀–၃၀ ရက်ခန့် အရိပ်အောက် စိုက်ပျိုးရမည်။ လက်နှင့်ခူးရပါမည်၊
(၄-ဂ) (အမှုန့်ရသည့် (Tencha) အဆင့်ထိ ထုတ်လုပ်ရမည်၊ ရေနွေးငွေ့ပေါင်း၊ အရိပ်ထဲ အခြောက်ခံ (steam + dry processing) ရပါမည်။
(၄-ဃ) ကျောက်စက်ဖြင့် အနုမှုန့်ရသည်အထိ ဖြေးဖြေးချင်း ကြိတ်ရမည်။
ဒီအဆင့်များ မရှိပါက အရည်အသွေးမြင့် မတ်ချာ Matcha နှင့် မယှဉ်နိုင်ပါ။ မြန်မာနိုင်ငံတွင် လုပ်အား ဈေးပေါများ၍ (၄-က)၊ (၄-ခ) ရနိုင်သော်လည်း (၄-ဂ)၊ (၄-ဃ) ကိုတော့ ပညာရပ် များစွာသင်ယူရဦးမည်ထင်ပါသည်၊
(၅) အရည်အသွေးစစ်ဆေးမှု (Quality Control) နှင့် အသိအမှတ်ပြုလက်မှတ် (Certification)
အရသာ၊ အရောင်၊ အာဟာရတန်ဖိုး စစ်ဆေးခြင်း၊ အစားအစာလုံခြုံစိတ်ချရမှု (Food Safety) စံနှုန်းများ၊ ဩဂဲနစ်စိုက်ပျိုးမှုနိုင်ငံတကာသို့ပြသနိုင်မှုလက်မှတ် (Organic/ Export Certification) စသည့် အချက်များရှိပါက နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက် နိုင်ပြီး စျေးနှုန်းမြင့်တက်စွာ ရရှိနိုင်ပါသည်။
၆။ စိန်ခေါ်မှုများ

စာရေးသူအတွေးကတော့ ပြည်တွင်းတွင် နံမည်ရလာအောင် စမ်းသပ်ထုတ်လုပ်ပြီး (Pilot Production) နောက်ပိုင်း နိုင်ငံတကာဈေးကွက်ဖေါက်ပါကလွယ်ကူမည်ဟု ထင်မြင်မိပါ သည်။
နောက်ဆက်တွဲ - ဥယျာဉ်ခြံသီးနှံဘာသာရပ် အွန်လိုင်းသင်ယူရင်း ဆစ်ဒနီတက္ကသိုလ် ဒုတိယနှစ်သင်တန်း အပင်သိပ္ပံ ဘာသာ လက်တွေ့သင်တန်း (Plant Science Practical Class) လုပ်ဆောင် နေမှုကို ဝင်ရောက်လေ့လာ ခဲ့ပါသည်၊
အတွေ့အကြုံ အနှစ် ၃၀-ကျော် လက်ရှိသင်ကြားနေသော ဆရာမကြီး တွဲဖက်ပါမောက္ခ ဒေါက်တာ ရိုဆန်းနီးကွင်နယ် (Associate Professor Dr Rosannie Quinnel) ရှင်းလင်း ပြသနေသော အပင်သိပ္ပံ ဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ ၁၄၀-ဦးခန့် မှတ်ပုံ တင်ထားရာ လက်တွေ့ အတန်း ၂-ခု ခွဲ၍ ကျောင်းသား/သူ ၇၀-ဦး တစ်ဦးခြင်း မိုက်ကရို စကုပ် တပြိုင်နက် အသုံးပြုနေသည်ကို တွေ့ခဲ့ရပါသည်၊ တက်ရောက်နေသော ကျောင်း သား/သူများမှာ စိုက်ပျိုးရေးနှင့်ပတ်ဝန်းကျင် ၂၅-ရာခိုင်နှုန်းခန့်၊ အခြားအထူးပြု ၂၅-ရာခိုင် နှုန်းခန့် နှင့် ကျန် ၅၀-ရာခိုင်နှုန်းက ပညာရေးအထူးပြု (B.Ed. Bachelor of Education) ဆရာ ဆရာမ ဖြစ်မည့် ကျောင်းသား/သူ များဖြစ်နေသည် ကို ရှင်းလင်းပြပါသည်၊ ဘာသာရပ်စုံ သင်ကြားပေးနေသော တက္ကသိုလ် (Comprehensive University) ဖြစ်ခြင်း ၏ အကျိုး ကျေးဇူးများပါ၊

ပုံ - ၃ အပင်သိပ္ပံ လက်တွေ့ခန်း လေ့လာခဲ့ခြင်း အမှတ်တရ
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။