ဇီဝမြေဩဇာများ (အပိုင်း -၁)

21/04/2026 16:05 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

ဇီဝမြေဩဇာအပါအဝင် မြေဩဇာများ အကြောင်း မိတ်ဆက်ကို အခြေခံစိုက်ပျိုးရေးသိပ္ပံ ပညာ အမှတ်စဉ် (၁၀၀၊ ၁၀၁) တို့တွင်ရေးသား ဆွေးနွေးခဲ့ပြီးဖြစ်ပါသည်၊ 

ယခု ဓာတ်မြေဩဇာ အစားထိုးသုံးစွဲမှု နည်းပညာတစ်ခုအနေနှင့် ဇီဝမြေဩဇာများ အသုံး ပြုခြင်း အကြောင်းကို ဆက်လက် ဆွေးနွေးပါမည်။ 

အဏုဇီဝမြေသြဇာများ အကြောင်း

ယနေ့ခေတ် စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုမြေသြဇာများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော ဂေဟစနစ်နှင့် စီးပွားရေးဆိုင်ရာ ထိခိုက်မှုများသည် ရေရှည်တွင် မတည်တံ့နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိလာပါသည်။ ယခု ဓာတ်မြေဩဇာ များဈေးနှုန်းကြီးမြင့်မှုကြောင့် အသုံးလျှော့ပြီး သီးနှံပင်များ အထွက်မလျော့စေရန် အခြားနည်းလမ်းများကို ပြောင်းလည်းအသုံးပြုရပါမည်။

ဇီဝမြေသြဇာ (Biofertilizers) ဆိုသည်မှာ အကျိုးပြုအဏုဇီဝပိုးများ (Effective Microorganisms) ပါဝင်သော သဘာဝပစ္စည်းများဖြစ်ပြီး မြေဆီလွှာ၏ သဘာဝ ဖြစ်စဉ် များကို ပြန်လည်ကောင်းမွန်စေကာ သီးနှံအထွက်နှုန်းကို မြှင့်တင်ပေးနိုင်သည့် အဓိက ဖြေရှင်းချက်တစ်ခု ဖြစ်လာပါသည်။ ဤဇီဝမြေသြဇာများသည် လေထုထဲမှ နိုက်ထရိုဂျင် ကို ဖမ်းယူပေးခြင်း၊ မြေကြီးအတွင်းရှိ မပျော်ဝင်နိုင်သော အာဟာရဓာတ်များ ကို ပျော်ဝင် စေခြင်းနှင့် အပင်များ၏ ရောဂါဒဏ်နှင့် ရာသီဥတုဒဏ် ခံနိုင်ရည်ကို မြှင့်တင်ပေးခြင်း တို့ကို လုပ်ဆောင်ပေးပါသည်။

Microbial Biofertilizers to Bolster Food Security | ASM.org

ပုံ - ၁ အဏုဇီဝမြေဩဇာများ အလုပ်လုပ်ပုံ

ဇီဝမြေသြဇာများ၏ အမျိုးအစားနှင့် လုပ်ဆောင်ချက်များ

ဇီဝမြေသြဇာများကို ၎င်းတို့ လုပ်ဆောင်ပေးသော အဓိက အာဟာရဓာတ်အလိုက် ခွဲခြား နိုင်ပါသည်။ အဓိကအားဖြင့် ဘက်တီးရီးယားများ၊ မှိုများ၊ ရေမှော်များနှင့် အက်တီးနိုမိုင် ဆီးတီးစ် (Actinomycetes) များ ပါဝင်တတ်ကြပါသည်။

ဇယား - ၁ ဇီဝမြေဩဇာအမျိုးမျိုး

လုပ်ဆောင်ချက် အမျိုးအစား

အကျိုးပြု အဏုဇီဝပိုးများ

အဓိက လုပ်ဆောင်ချက်

ရရှိသော အကျိုးကျေးဇူး

အမြစ်ဖု နိုက်ထရိုဂျင်ဖမ်းပိုး (ရိုက်ဇိုဘီယမ်၊ ဘရာဒီရိုက်ဇိုဘီယမ်)

Rhizobium, Bradyrhizobium

ပဲမျိုးရင်းအပင်များတွင် အမြစ်ဖုဖြစ်စေပြီး လေထုနိုက်ထရိုဂျင်ကို ဖမ်းယူပေးနိုင်

နိုက်ထရိုဂျင်

လွတ်လပ်စွာနေ နိုက်ထရိုဂျင်ဖမ်းပိုး

Azotobacter, Clostridium

မြေဆီလွှာထဲတွင် လွတ်လပ်စွာနေထိုင်ပြီး နိုက်ထရိုဂျင်ဖမ်း ယူခြင်းနှင့် ဟော်မုန်း ထုတ်ပေးခြင်း

နိုက်ထရိုဂျင်၊ အပင်ကြီးထွားမှုဟော်မုန်း

အမြစ်ပူးတွဲ နိုက်ထရိုဂျင်ဖမ်းပိုး

Azospirillum

အမြစ်မျက်နှာပြင်တွင် ကပ်တွဲနေထိုင်ပြီး နိုက် ထရိုဂျင်ဖမ်းယူခြင်း

နိုက်ထရိုဂျင်၊ အမြစ်ကြီးထွားမှု

ဖော့စဖရပ်ပျော်ဝင်စေသောပိုး (PSB)

Bacillus megaterium, Pseudomonas

အော်ဂဲနစ်အက်စစ်များ ထုတ်ပေးခြင်းဖြင့် ဖော့စဖရပ်ကို ပျော်ဝင်စေခြင်း

ဖော့စဖရပ် (P)

ဖော့စဖရပ် စုပ်ယူမှုမြှင့်တင်ပေးသောမှို

Arbuscular Mycorrhizal Fungi (AMF/VAM)

မှိုမျှင်ကွန်ရက်များမှတစ်ဆင့် ဝေးလံသော နေ ရာရှိဖော့စဖရပ်နှင့် ဇင့် တို့ကို စုပ်ယူပေးခြင်း

ဖော့စဖရပ်၊ ဇင့်၊ ရေ

ပိုတက်စီယမ် ဖော်ဆောင်ပေးသောပိုး

Bacillus mucilaginous

ကျောက်တွင်းထွက်ပစ္စည်းများမှပိုတက်စီယမ် ကို ထုတ်ပေးခြင်း

ပိုတက်စီယမ် (K)

ဇင့်နှင့်အဏုအာဟာရ ပျော်ဝင်စေသောပိုး

Acinetobacter, Pseudomonas

အော်ဂဲနစ်အက်စစ်များဖြင့် ဇင့်နှင့် သံဓာတ်ကို ပျော်ဝင်စေခြင်း

ဇင့်၊ သံဓာတ်၊ မန်းဂနိစ်

ရောဂါကာကွယ်ရေး နှင့်ကြီးထွားမှုမြှင့်တင်ရေးမှို

Trichoderma spp.

ရောဂါဖြစ်စေသော မှိုများကို ပြန်လည်တိုက်ခိုက်ခြင်းနှင့် အပင်၏ ခုခံအားကို မြှင့်တင်ပေးခြင်း

ရောဂါနှိမ်နင်းရေး၊ ကြီးထွားမှု

အဆိုပါ အဏုဇီဝပိုးများသည် အမြစ်ဝန်းကျင်မြေလွှာ (Rhizosphere) အတွင်းတွင် အဓိက လှုပ်ရှားကြပြီး မြေဆီလွှာ၏ တည်ဆောက်ပုံနှင့် ရေထိန်းသိမ်းနိုင်စွမ်းကိုလည်း ကောင်းမွန်စေပါသည်။

ရိုင်ဇိုဘီယမ် (Rhizobium) နှင့် ပဲမျိုးရင်းဝင်အပင်များ၏ အပြန်အလှန်အကျိုးပြုပုံ

ရိုင်ဇိုဘီယမ်နှင့် ပဲမျိုးရင်းဝင်အပင်များ၏ ဆက်နွယ်မှုသည် ကမ္ဘာ့နိုက်ထရိုဂျင် သံသရာ (World Nitrogen Cycle) တွင် အလွန်အရေးကြီးပြီး တစ်နှစ်လျှင် နိုက်ထရိုဂျင် တန်ချိန် သန်း ၂၀၀ ခန့်ကို ဇီဝနည်းဖြင့် ဖမ်းယူပေးနေပါသည်။ ပဲပုပ်၊ မြေပဲနှင့် ကုလားပဲ၊ ပဲဒီစိမ်း  စသည့် ပဲမျိုးရင်းအပင်များသည် တစ်ဟက်တာလျှင် နိုက်ထရိုဂျင် ၂၀၀ မှ ၃၀၀ ကီလို ဂရမ်အထိ ဖမ်းယူနိုင်စွမ်းရှိကြပါသည်။

အမြစ်ဖုဖြစ်ပေါ်မှုနှင့် အချက်ပြစနစ်

အမြစ်ဖုဖြစ်ပေါ်ရေးအတွက် အပင်နှင့် ဘက်တီးရီးယားကြားတွင် ရှုပ်ထွေးသော မော်လီ ကျူးအဆင့် ဆက်သွယ်မှုတစ်ခု လိုအပ်ပါသည်။ နိုက်ထရိုဂျင် နည်းပါးချိန်တွင် အပင်က Flavonoids ဒြပ်ပေါင်းများကို ထုတ်လွှတ်ပြီး ရိုင်ဇိုဘီယမ်ပိုးများကို ဆွဲဆောင်ပါသည်။ ထိုအခါ ဘက်တီးရီးယားက နော့ဖြစ်စဉ်အကြောင်းရင်း (Nod factors) ဟုခေါ်သော အချက်ပြမော်လီကျူးများကို ပြန်လည်ထုတ်လွှတ်ပြီး အပင်၏အမြစ်ကို ဝင်ရောက်ကာ အမြစ်ဖုများ စတင်တည်ဆောက်ပါသည်။

နိုက်ထရိုဂျင်နေးစ် (Nitrogenase) အင်ဇိုင်းနှင့် စွမ်းအင်လိုအပ်ချက်

လေထုထဲမှ နိုက်ထရိုဂျင် (N2) ကို အပင်သုံးစွဲနိုင်သော အမ်မိုးနီးယား (NH3) အဖြစ် ပြောင်းလဲရန် နိုက်တြိုဂျီနေ့စ် (Nitrogenase) အင်ဇိုင်းအစုကို အသုံးပြုပါသည်။ ဤဖြစ်စဉ်သည် စွမ်းအင် အလွန်လိုအပ်ပြီး နိုက်ထရိုဂျင် တစ်မော်လီကျူးကို ဖြိုခွဲရန် အနည်းဆုံး အက်ဒီနိုဆင်း တြိုင်ဖေါ့စဖိတ် (Adenosine Triphosphate_ATP) ၁၆ လုံး လိုအပ်ပါသည်။ ညီမျှခြင်းမှာ အောက်ပါအတိုင်းဖြစ်သည်-

နိုက်ထရိုဂျင်နေးစ်အင်ဇိုင်းသည် အောက်ဆီဂျင်နှင့် ထိတွေ့လျှင် ပျက်စီးလွယ်သဖြင့် အပင်က လက်ဟေမိုဂလိုဘင် (Leghemoglobin) ဟုခေါ်သော အနီရောင်ရှိသော ပရိုတင်းတစ်မျိုးကို ထုတ်လုပ်ကာ အောက်ဆီဂျင်ပမာဏကို ထိန်းညှိပေးရပါသည်။

INTRODUCTION TO RHIZOBIA

List of a Few Rhizobium species and their corresponding hosts | Download  Table

ပုံ - ၂ ရိုက်ဇိုဘီယမ်ဘက်တီးရီးယားအမျိုးမျိုး

ဇယား - ၂ ရိုက်ဇိုဘီယမ်အုပ်စုနှစ်စုကွာခြားချက်များ

သတ်မှတ်ချက်

ရိုက်ဇိုဘီယမ်

Rhizobium

ဘရာဒီရိုက်ဇိုဘီယမ်

Bradyrhizobium

ကြီးထွားနှုန်း (growth)

မြန်

နှေး

မြေဆီလွှာအခြေအနေ

ပုံမှန်

အက်ဆစ်နည်းမြေတွင်ကောင်း

အသုံးများသောအပင်

ပဲစိမ်း၊ ပဲလုံး

ပဲပုပ်၊ မြေပဲ

မြစ်ဖုဖြစ်မှု

မြန်

နှေး

ရိုက်ဇိုဘီယမ်မျိုးစိတ်များ (Rhizobium species) နှင့် ၎င်းတို့နှင့် သက်ဆိုင်သော ပဲမျိုးများ (Legumes)

ရိုက်ဇိုဘီယမ်  မျိုးစိတ်များသည် စိုက်ပျိုးရေးတွင် အရေးကြီးသော ပဲမျိုးတစ်မျိုးခြင်းနှင့် သီးသန့် သဟဇာတ ဆက်နွယ်မှု (specific symbiotic relationship) ကို လေ့လာ နိုင်ပါ သည်။

ဇယား - ၃ ရိုက်ဇိုဘီယမ်မျိုးစိတ်တစ်ခုခြင်းအလိုက် သီးသန့်ပဲမျိုးများ

စဉ်

ရိုက်ဇိုဘီယမ်မျိုးစိတ်

သဟဇာတဖြစ်ပဲမျိုး

R. leguminosarum bv. viciae

စားတော်ပဲ (Pisum sativum), စားကျက်ပဲဗက်ချ်- Common Vetch (Vicia sativa), ပဲနီလေး Lentil (Lens esculenta), တရုတ်ပဲ၊ တောင်ကြီးပဲ - Faba Bean (Vicia faba)

R. leguminosarum bv. trifolii

ကလိုဗာ - Clover (Trifolium spp.)

R. leguminosarum bv. phaseoli

ဗိုလ်စားပဲ/မြေထောက်ပဲ Common Bean (Phaseolus vulgaris)

R. etli

ဗိုလ်စားပဲ/မြေထောက်ပဲ Common Bean (Phaseolus vulgaris), ပဲလွန်း Cowpea (Vigna unguiculata)

R. tropici

ဗိုလ်စားပဲ/မြေထောက်ပဲ Common Bean (Phaseolus vulgaris), ဘောစကိုင်း Leucaena (Leucaena leucocephala)

R. lupini

လူပင်ပဲ Lupine (Lupinus spp.)

R. meliloti

အယ်လဖါဖါ/လူဆန် Alfalfa/Lucerne (Medicago sativa), ကလိုဗာအချို Sweet Clover (Trifolium melilotus)

R. hainanense

ဒက်စမိုဒီယမ်နွားစားပဲ Desmodium

R. galegae

Goat’s Rue (Galega spp.)

 

Bradyrhizobium မျိုးစိတ်များ 

သက်ဆိုင်သော ပဲမျိုး

B. japonicum

ပဲပုတ် Soybean (Glycine max)၊ ပဲလွန်း  Cowpea, ပဲဒီစိမ်း Mung Bean၊ ဆိုင်ရာတြိုစားကျက်ပဲ Siratro

B. elkanii

ပဲပုတ် Soybean (Glycine max)၊ ပဲလွန်း Cowpea (Vigna unguiculata)

B. diazoefficiens/B. liaoningense

ပဲပုတ် Soybean (Glycine max)

B. yuanmingense

လက်ပီဒီဇာပဲ Lespedeza

B. canariense

ပဲတစ်မျိုး Genistoid legumes (e.g., Cytisus, Genista), လူပင်းပဲ Lupins, ဆာရာဒယ်လာပဲ Serradella

စာရေးသူ၏အတွေး

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်းတွင် ဇီဝမြေဩဇာများကို ဝယ်ယူနိုင်ပါသည်၊ မြန်မာနိုင်ငံ ပုဂ္ဂလိကကုမ္ပဏီများက ဇီဝမြေဩဇာများကို  အီးအမ် မြေဩဇာ (EM-Effective Microorganisms Fertilizer) မှအပ ရောင်းချနေသည်ဆိုတာတော့ စာရေးသူ သတိမထားမိပါ၊ ဇီဝမြေဩဇာများ သည် ဓာတ်မြေဩဇာစသည့် အခြားမြေဩဇာများနှင့် ကွာခြားချက်မှာ -

(က) အနုဇီဝပိုးများဖြင့်ပြုလုပ်ထား သည်ဖြစ်၍ မျက်စိဖြင့်မမြင်နိုင်ပါ၊ သို့ဖြစ်ပါ၍ မြေဩဇာဝယ်ယူပြီးပါက သတ်မှတ်ထားသော အသက်ရှိ အနုဇီဝပိုး အရေအတွက် ပါခြင်း၊ မပါခြင်းကို စစ်ဆေးရခက်ပါသည်၊

(ခ) အထက်ပါအတိုင်း ဇီဝမြေဩဇာမှာ သက်ရှိများဖြစ်၍ လမ်းခရီးတွင် လေလုံ၍၎င်း၊ နေပူဒါဏ်မိ၍၎င်း၊ စိုက်ခင်းအတွင်းမရောက်မှီ လျှော့နဲ၊ သေဆုံးသွားနိုင်ပါသည်။ 

စာရေးသူ ဩစတေလျတွင် လေ့လာရေးခရီးထွက်စဉ်က တောင်သူဦးကြီးတိုင်း မိမိလယ် ယာမြေအိမ် (Farm House) ထဲတွင် ရေခဲသေတ္တာ အပိုရှိပြီး ရိုက်ဇိုဘီယမ်အပါအဝင် ဇီဝ မြေဩဇာများကို ရေခဲသေတ္တာ ထဲတွင် ထည့်သိမ်းထားပြီး၊ စိုက်ခါနီးမှ စိုက်ကွင်းထဲတွင် ထည့်သွင်း စိုက်ပျိုး သည့်ဓလေ့ကို သတိပြုမိခဲ့ပါသည်၊ ထို့ကြောင့် အကျိုးပြုဇီဝသက်ရှိပိုး များ သီးနှံမျိုးစေ့ များနှင့်သဟဇာတရပြီး အထွက်ပိုတိုးကြပါသည်။

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Rai, M.K. (2006) Handbook of Microbial Biofertilizers. Food Products Press. 610p.

 

Somasegaran, P. and Hoben, H.A. (1994) Handbook for Rhizobia. Springa Verlag. 456p.

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်