မြေဆီလွှာတွင် လွတ်လပ်စွာနေထိုင်သောအကျိုးပြုအဏုဇီဝများ (Free-living soil micro-organisms) ဆိုသည်မှာ အပင်အမြစ်အတွင်း သို့မဟုတ် အပင် လက်ခံပင် (host) တစ်ခုအပေါ် မူတည်မနေဘဲ မြေဆီလွှာအတွင်း လွတ်လပ်စွာ နေထိုင်နိုင်သော အကျိုးပြု သေးငယ်ဇီဝများ (microbes) ဖြစ်ပါသည်။ ၎င်းတို့သည် စိုက်ပျိုးရေး၊ သဘာဝစိုက်ပျိုးရေး (Regenerative agriculture) နှင့် ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေသော စိုက်ပျိုး ရေး (Climate-smart agriculture) များတွင် အလွန်အရေးပါလာနေပါသည်။
၎င်းတို့သည်
-
မြေဆီအာဟာရကို ပြန်လည် ရရှိစေခြင်း
-
အပင်ကြီးထွားမှုကို အားပေးခြင်း
-
ရောဂါပိုးများကို တားဆီးခြင်း
-
မြေဆီဖွဲ့စည်းပုံ ကောင်းမွန်စေခြင်း
-
ဓာတ်မြေဩဇာလိုအပ်မှု လျှော့ချခြင်း
-
ရေရှားမှုနှင့် ပတ်ဝန်းကျင်ဖိအားများကို ခံနိုင်ရည်တိုးစေခြင်း တို့ကို ဆောင်ရွက်ပေးပါသည်။
ဤအဏုဇီဝသက်ရှိများမှာ ဘက်တီးရီးယား (Bacteria)၊ မှို (Fungi)၊ အက်တီနိုမိုင်စိ အမျှင်ပါဘက်တီးရီးယား (Filamentous-Gram positive Bacteria,Actinomycetes)၊ စိန်းပြာရေညှိ (Cyanobacteria - Blue-green algae)၊ အဇိုလာ-ရေကျောက်ခက် (Azolla)၊ ပရိုတိုဇူးဝါး (Protozoa) တို့ ပါဝင်ပြီး မြေဆီလွှာအတွင်း လွတ်လပ်စွာ နေထိုင်ကြသည်။
|
|
|
ပုံ - ၁ ရေကျောက်ခက်နှင့်စိန်းပြာရေညှိ နိုက်ထရိုဂျင်ဖမ်းယူပေးသောသက်ရှိအပင်များ
၎င်းတို့ကို အများအားဖြင့် အပင်ကြီးထွားမှုကိုအားပေးသောသက်ရှိ (Plant Growth Promoting Microorganisms -PGPM)၊ အပင်ကြီးထွားမှုကိုအားပေးသော ရိုက်ဇို ဘက် တီးရီးယား (Plant Growth Promoting Rhizobacteria -PGPR)၊ မြေတွင်းရှိအကျိုးပြု အနုဇီဝသက်ရှိများ (Beneficial soil microbes)၊ ဇီဝမြေဩဇာသုံးအနုဇီဝသက်ရှိများ (Biofertilizer microorganisms) ဟု ခေါ်ကြပါသည်။
အဓိက အကျိုးပြု အနုဇီဝသက်ရှိ (Free-living Micro-organisms) အုပ်စုများ
(က) နိုက်ထရိုဂျင်ဖမ်းယူပေးသော ဘက်တီးရီးယားများ (Nitrogen Fixing Bacteria)
ဤဘက်တီးရီးယားများသည် လေထုအတွင်းရှိ နိုက်တြိုဂျင် (Nitrogen - N₂) ကို အပင်အသုံးပြုနိုင်သော ပုံစံသို့ ပြောင်းလဲပေးကြပါသည်။
(က-၁) အဇိုတိုဘက်တာ (Azotobacter)
အင်္ဂါရပ်များ - လေလိုအပ်သော (Aerobic Bacteria) ဘက်တီးရီးယားဖြစ်ပါသည်၊ ပုံမှန်မြေ (Neutral Soil) မှ ဆားပေါက်မြေ (Alkaline soil) များတွင် ကောင်းစွာနေထိုင် နိုင်ပါသည်၊ ဗီတာမင် (Vitamins) နှင့် အပင်ဟော်မုန်း (Plant hormones) များ ထုတ် ပေးနိုင်ပါသည်။
အကျိုးကျေးဇူးများ - နိုက်ထရိုဂျင်ကိုဖမ်းယူပေးနိုင်ခြင်း (Nitrogen fixation)၊ အမြစ် ဖွံ့ဖြိုးမှု တိုးတက်စေနိုင်ခြင်း၊ အပင်ကြီးထွားမှု အားကောင်းစေခြင်း၊ မျိုးစေ့ အပင်ပေါက် နှုန်းတိုးတက်စေခြင်းတို့ရရှိစေနိုင်ပါသည်။
သင့်လျော်သော သီးနှံများ - ဂျုံ၊ ပြောင်းဖူး၊ ဟင်းသီးဟင်းရွက်၊ ဝါ၊ ကြံ
|
|
|
ပုံ - ၂ အဇိုတိုဘက်တာမြေတွင်းနေထိုင်ပုံနှင့်ဇီဝမြေဩဇာ
(က-၂) အဇိုစပိုင်ရဲလမ် (Azospirillum)
အင်္ဂါရပ်များ - အပင်အမြစ်နားတွင် နေထိုင်လေ့ရှိသည်၊ မြက်မျိုးရင်းဝင်သီးနှံပင်များ (Grass crops) များနှင့် အထူးသက်ဆိုင်မှုရှိသည်
အကျိုးကျေးဇူးများ - နိုက်တြိုဂျင်ကိုဖမ်းယူပေးနိုင်ခြင်း (Nitrogen fixation)၊ အမြစ်များ သန်မာစေရန်အားပေးခြင်း (Root stimulation)၊ မိုးခေါင်ဒါဏ်ခံနိုင်ရည် (Drought tolerance) ရှိလာစေခြင်း တို့ရရှိပါသည်။
အသုံးများသော သီးနှံများ - ဆန်စပါး၊ ပြောင်းဖူး၊ နှံစားသီးနှံနှင့် မြက်များ
|
|
|
ပုံ - ၃ အဇိုစပိုင်ရဲလမ်အမြစ်တွင်းနေထိုင်ပုံနှင့်ဇီဝမြေဩဇာ
(က-၃) စိုင်ရာနိုဘက်တီးရီးယား (Cyanobacteria - Blue-green algae)
ဥပမာ — အေနာဘေးနား (Anabaena)၊ နော့်စတော့ (Nostoc)
အကျိုးကျေးဇူးများ - စပါးခင်းများတွင် နိုက်ထရိုဂျင်တိုးတက်စေပါသည်၊ ဩဂဲနစ်ပစ္စည်း (Organic matter) တိုးတက်စေပါသည်၊ မြေဆီလွှာဇီဝလှုပ်ရှားမှု (Soil biological activity) တိုးတက်စေပါသည်။
(ခ) Phosphate Solubilizing Micro-organisms (ဖော့စဖရပ်ပျော်ဝင်စေသော အဏုဇီဝ များ)
မြေဆီတွင် ဖေါ့စဖေါ့ရပ်ဓာတ်များစွာရှိသော်လည်း အပင်အသုံးမပြုနိုင်သော ပုံစံများစွာ ရှိနေပါသည်။ ဤအနုဇီဝပိုး (Microbes) များသည် ဩဂဲနစ်အက်ဆစ် (Organic acids) များ ထုတ်ပေးကာ ဖေါ့စဖေါ့ရပ်ဓာတ်ကို ပျော်ဝင်စေခြင်းအားဖြင့် အပင်မှလွယ်ကူစွာ စုတ်ယူရရှိနိုင်ပါသည်။
အရေးကြီးသော မျိုးစုများ - ဘက်စီလပ် (Bacillus)၊ ဆူဒိုမိုးနပ်စ် (Pseudomonas)၊ အက်စပါးဂျီးလပ်စ် (Aspergillus)၊ ပင်နီစလင် (Penicillium)
အကျိုးကျေးဇူးများ - အပင်များမှ ဖော့စဖောရပ်ရရှိစေနိုင်မှု (Phosphorus availability) တိုးစေပါသည်။ အမြစ်ကြီးထွားမှု (Root growth) ကောင်းစေပါသည်၊ ဓာတ်မြေဩဇာသုံးစွဲမှု လျှော့ချပေးနိုင်ပါသည်။
ပုံ - ၄ ဖော့စဖောရပ် ပျော်ဝင်စေသောအနုဇီဝပိုးများ
(ဂ) ပိုတက်ဆီယမ်ပျော်ဝင်စေသော အနုဇီဝများ (Potassium Solubilizing Micro-organisms)
ဤ အနုဇီဝများသည် မြေဆီအတွင်းရှိ ပိုတက်ဆီယမ်ဓာတ်သတ္တု (potassium minerals) များမှ အပင်များစားသုံးနိုင်သော ပိုတက်ဆီယမ်ကို ထုတ်ပေးနိုင်သည်။
ဥပမာ - ဘက်စီလပ်စ် (Bacillus mucilaginosus)၊ ဖရက်တူးရီးယား (Frateuria aurantia)
အကျိုးကျေးဇူးများ - အပင်များကျန်းမာသန်စွမ်းစေပါသည်၊ အပင်ရောဂါခံနိုင်ရည်တိုး စေပါသည်၊ အသီးအနှံများ အရည်အသွေးကောင်းစေပါသည်။
ပုံ - ၅ ပိုတက်ဆီယမ်ပျော်ဝင်စေသောအနုဇီဝပိုးများ
စာရေးသူ၏အတွေး
တကယ်တော့ နိုင်ငံတကာတက္ကသိုလ်၊ သုတေသနဌာနများတွင် ဤပညာရပ်များ ဖွံ့ဖြိုး တိုးတက်စေဘို့ (R&D)၊ တောင်သူဦးကြီးများ အကျိုးရှိစေဘို့ စိုက်ပျိုးရေးပညာရှင် (Agricultural Scientists) များသာမက ဇီဝဗေဒပညာရှင်များ (Biologists)၊ သစ်တော သိပ္ပံပညာရှင်များ (Forest Scientists)၊ အဏုဇီဝဗေဒ ပညာရှင်များ (Microbiologists) က တက္ကသိုလ်တစ်ကျောင်းထဲတွင်ရှိနေပြီး စုပေါင်း လေ့လာ၊ သုတေသနပြု၊ အဖြေရှာလျက် ရှိနေပါပြီ။
နိုင်ငံတကာတက္ကသိုလ်အများစုတွင် ရုက္ခဗေဒ (Botany)၊ သတ္တဗေဒ (Zoology) ဌာန များ သီးသန့်မရှိတော့ပါ၊ ပေါင်းစည်းပြီး ဇီဝသိပ္ပံနည်းပညာ (Biological Sciences) သို့မဟုတ် သက်ရှိသိပ္ပံပညာ (Life Sciences) ဟူ၍ပြောင်းလဲခေါ်ဝေါ်နေကြပါပြီ။ ကမ္ဘာကြီးနှင့်အဆက်ပြတ်ပြီး မိမိဘာသာရပ်တစ်ခုထဲ သီးခြားရပ်တည်နေ၍မရတော့ပါ။
(ဆက်ပါဦးမည်)
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
Amaresan, N.; Patel, P. and Amin, D. (2022) Practical Handbook on Agricultural Microbiology. Springer. 391p.
Prabakaran, G. (2009) Introduction to Soil and Agricultural Microbiology. Global Media. 160p.
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။