စိုက်ပျိုးရေးပညာ သင်ကြားပေးနေသော အမေရိကန်တက္ကသိုလ်များမှ အောက်ပါပြဌာန်း စာအုပ် နောက်နှစ်အုပ်အကြောင်း၊ ရေးသားဆွေးနွေးပါဦးမည်။ အခန်း (၁၃) ခန်း ပါဝင်ပါသည်။
(ခ) Acquaah, George (2005) Principles of Crop Production: Theory, Techniques and Technology. Prentice-Hall of India. 460p.
(ခ-၁) အခန်း-၁ သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် လူ့အဖွဲ့အစည်းများ (Chapter 1 Crop Production and Society)
ဤအခန်းတွင် ယဉ်ကျေးသောစိုက်ပျိုးရေးလုပ်ငန်းများ မစတင်မှီ စားသောက်ရေး အ တွက် အမဲလိုက်ခြင်း (Hunting)၊ သဘာဝသစ်ဥ၊ သစ်ဖု၊ အသီးများ စုဆောင်းပြီး (Gathering Food) စားသုံးခြင်းမှစတင်ခဲ့ကြောင်း ရှင်းလင်းထားပါသည်၊ နောက်တော့ စိုက်ပျိုးရေးသည် တည်ထွင်မှု (Invention)၊ သမရိုးကျစိုက်ပျိုးရေးစနစ် (Conventional Agriculture) မှသည် ရေရှည်တည်တံ့ ခိုင်မြဲသော စိုက်ပျိုးရေးစနစ် (Sustainable Agriculture) သို့၊ စိုက်ပျိုးမွေးမြူရေးက လူသား အားလုံးအတွက် အစားအစာ (Food)၊ တိရိစ္ဆာန်စာ (Feed)၊ အဝတ်အစား (Clothing)၊ နေထိုင်စရာ (Shelter) လိုအပ်ချက် အားလုံးနီးပါးကို ဖြည့်စည်းပေးပုံ စသည်တို့ကို မိတ်ဆက်ပေးထားပါသည်။ ဤစာအုပ် တွင် စိုက်ပျိုးမွေးမြူရေးသည် ဝိဇ္ဇာ၊ သိပ္ပံပညာရပ်များသာမက စီးပွားရေး၊ ကူးသန်းရောင်း ဝယ်ရေး (Business) ရှု့ဒေါင့်ကပါ တစ်ဖက်လှည့်ဆွေးနွေးထားပါသည်၊ နိုင်ငံ တကာ တွင်တော့ သီးနှံထုတ်လုပ်သူတောင်သူ (Crop Producer) ကဘဲ ဆုံးဖြတ်မည့်သူ (Decision Maker) ဖြစ်ပါသည်။
ခေတ်မီစိုက်ပျိုးမွေးမြူရေး၏ဆင့်ကဲဖြစ်စဉ် (Evolution of Modern Agriculture) များ မှာ ၁၉၀၀-ခုနှစ်မတိုင်မှီ အရင်းအမြစ်ကို အမြတ်ထုတ်သည့် စနစ် (Era of Resource Exploitation)၊ ၁၉၀၀-နှစ်များ အစောပိုင်းမှာ အရင်းအမြစ်များထိန်းသိမ်းခြင်း နှင့် ပြန်လည်တိုးပွားစေခြင်း (Era of Resource Conservation and Regeneration)၊ ၁၉၀၀-နှစ်များ အလယ်ပိုင်းမှာ အရင်းအမြစ်များ အစားထိုးခြင်း (Era of Resource Substitution)၊ ၂၀၀၀-နှစ်များ အချက်အလက်ဖေါ်ထုတ်သုံးစွဲခြင်း (Era of Information) ခေတ်များဖြစ်ပါသည်။
စိုက်ပျိုးမွေးမြူရေး၏အောင်မြင်မှုသည် ခိုင်မာတောင့်တင်း၊ ကြံ့ခိုင်သောမူဝါဒ (Sound Policy) အပေါ် မူတည်ပါသည်။
အမေရိကန်လယ်ယာကွင်းများက မွေးမြူထုတ်လုပ်ရေး (Animal Production) ကို အထူးပြု၊ မြေယာဧရိယာများစွာ တောင်သူတစ်ဦးခြင်းထုတ်လုပ် (Operated by Individuals)၊ ကိုယ်ပိုင်လုပ်ငန်း/အရင်းရှင်စနစ် (Some Form of Private ownership) ဖြစ်ပါသည်။
(ခ-၂) အခန်း-၂ စိုက်ပျိုးသီးနှံပင်အစိတ်အပိုင်းများနှင့် လုပ်ငန်းဆောင်တာများ (Chapter 2 Crop Plant Structure and Function)
ဤအခန်းတွင် သီးနှံပင်၏ရုက္ခဗေဒ (Crop Botany) သဘောတရားများ၊ အပင် အမျိုး အစားခွဲခြားခြင်း (Plant Taxonomy)၊ အပင်ပြင်ပရုပ်သွင်ပညာ (Plant Taxonomy)၊ မြက်ပင်၊ အရွက်ကြီးများကိုအမျိုးအစားခွဲခြင်း (Grass and Broadleaf Identification)၊ သီးနှံပင်ပန်းပွင့်ချိန်၊ ပွင့်ချပ်၊ ပွင့်ဖတ်၊ အဖိုပွင့်၊ အမပွင့် စသည်ဖြင့် အသေးစိတ်ရှင်းလင်း ဖေါ်ပြထားပါသည်။
အပင်ဆဲလ် (Plant Cell)၊ အပင်တစ်ရှူး (Plant Tissue)၊ အရွက်၏လုပ်ငန်းများ (Functions of Leaves)၊ ပင်စည်၏လုပ်ငန်းများ (Functions of Stem)၊ အမြစ်အမျိုးမျိုး နှင့်လုပ်ငန်းများ (Different Types of Root and its Functions)၊ ပန်းပွင့်၊ အသီး၊ စေ့ရွက် စုံပင် (Dicotyledon)၊ စေ့ရွက်ထီးပင် (Monocotyledon) စသည်တို့ အကြောင်းလည်း ရှင်းလင်းထားပါသည်။
(ခ-၃) အခန်း-၃ သီးနှံပင်ဖြစ်စဉ်နှင့်ကြီးထွားမှုအဆင့်ဆင့် (Chapter 3 Plant Metabolism and Growth)
ဤအခန်းတွင် သီးနှံပင်ဇီဝကမ္မဖြစ်စဉ်များ (Crop Physiology)၊ အပင်အလင်းဖွဲ့ အစာ ချက်ခြင်း (Plant Photosynthesis)၊ သကြားဓာတ်ဖြစ်ပေါ်ခြင်း (Sugar Formation)၊ ကာဘွန် ၃-လုံး (C-3 Pathway)၊ ကာဘွန် ၄-လုံး (C-4 Pathway)၊ အစာချက်နှုန်း (Photosynthesis Rate)၊ ဓာတ်ငွေ့လဲလှယ်မှု (Respieation)၊ ဇီဝအထွက်နှုန်း (Biological Yield)၊ စီးပွားဖြစ် အထွက်နှုန်း (Economic Yield)၊ အပင်ဟော်မုံးများ (Plant Hormone) စသည်တို့ အကြောင်းရှင်းလင်းရေးသားထားပါသည်။
(ခ-၄) အခန်း-၄ သီးနှံပင်ဖွံ့ဖြိုးတိုးတက်မှု (Chapter 4 Crop Improvement)
ဤအခန်းတွင် ဗီဇသိပ္ပံပညာ (The Science of Genetics)၊ သီးနှံပင်ဗီဇများအကြောင်း (Crop Genes)၊ ဒီနင်အေ (DNA)၊ အာနင်အေ (RNA)၊ မော်လီကျူးဆိုင်ရာဇီဝဗေဒ (Molecular Biology)၊ အပင်မျိုးမွေးမြူခြင်း (Plant Breeding)၊ မွေးမြူနည်းအမျိုးမျိုး (Breeding Methods)၊ ပင်ထီးဝတ်မှုံကူးခြင်း (Self-Pollination)၊ ပင်ခြားဝတ်မှုံကူးခြင်း (Cross-Pollination)၊ စပ်မျိုးအမျိုးမျိုး (Types of Hybrids)၊ သီးနှံထုတ်လုပ်မှုတိုးရန် အပင်မျိုးမွေးမြူနည်းမဟာဗျူဟာများ (Breeding Strategy for Increased Crop Productivity)၊ အပင်ဇီဝနည်းပညာ (Plant Biotechnology) စသည်တို့ကို ပြောင်းလဲ လာသောခေတ်နှင့် အညီ ရေးသားဖေါ်ပြထားပါသည်။
(ခ-၅) အခန်း-၅ ရာသီဥတုနှင့်မိုးလေဝသ (Chapter 5 Climate and Weather)
ဤအခန်းတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှာ ရာသီဥတု၊ မိုးလေဝသများ အရေးကြီးပုံ၊ ဒေသအမျိုးမျိုးတွင်တွေ့နိုင်သော ရာသီဥတုအမျိုးမျိုး၊ ရာသီဥတုပြောင်းလဲမှု (Climate Change)၊ ကမ္ဘာကြီးပူနွေးမှု (Global Warming)၊ ဖန်လုံအိမ်အာနီသင် (Greenhouse Effect)၊ မုတ်သုံအမျိုးမျိုး (Monsoon Types)၊ မုန်တိုင်းအမျိုးမျိုး ဥပမာ - ဆိုင်ကလုံး၊ တိုင်ဖုံး၊ ဟာရီကိန်း (Storms_Cyclones, Typhoone, Hurricanes)၊ အယ်နီညို (El Nino)၊ လာနီညာ (La Nina)၊ သီးနှံပင်အတွက် အရေးကြီးသော မိုးရေချိန် - ဆီးနှင်းမှအစိုဓာတ်ရရှိမှု (Rainfall_Precipitation)၊ အပူချိန် (Temperature)၊ နေရောင်ချည် (Solar Radiation) စသည် တို့ကို အသေးစိတ် ရေးသားရှင်းလင်း ပြသထားပါသည်။
(ခ-၆) အခန်း-၆ မြေဆီလွှာနှင့်စိုက်ပျိုးမြေများအကြောင်း (Chapter 6 Soil and Agricultural Land)
ဤအခန်းတွင်တော့ မြေဆီလွှာဖြစ်ပေါ်လာပုံ (Soil Formation)၊ ဖြစ်ပေါ်ရခြင်း အ ကြောင်းရင်းများ (Factors Responsible for Soil Formation)၊ စိုက်ပျိုးရန် အပေါ်ရန် မြေဆီလွှာ (Top Soil) အရေးကြီးပုံ၊ မြေဆီလွှာ အမျိုးအစားခွဲခြားခြင်း (Soil Classification)၊ မြေဆီလွှာဩဂဲနစ်ပစ္စည်းများ (Soil Organic Matters)၊ သီးနှံစိုက်ပျိုး ထုတ်လုပ်ရေးအတွက် သင့်တော်သောမြေနေရာများ (Lands suitable for Crop Production)၊ အပင်မှလိုအပ်သော အဟာရဓာတ်များ (Plant Nutreients)၊ မြေဩဇာ အမျိုးမျိုး (Types of Fertilizers) စသည်တို့ပါဝင်ပါသည်။
(ခ-၇) အခန်း-၇ အပင်နှင့်မြေဆီလွှာရေအကြောင်း (Chapter 7 Plant and Soil Water)
ဤအခန်းတွင် ရေသံသရာ (Hydrologic Cycle)၊ မြေဆီလွှာရေရွေ့လျှားမှု (Soil Water Movement)၊ မြေဆီလွှာရေ တိုင်းတာနည်းစနစ်များ (Measurement of Soil Water Content)၊ မြေဆီ လွှာရေကိုစီမံခန့်ခွဲမှု (Soil Water Management )၊ ရေသွင်းနည်းအမျိုး မျိုး (Methods of Irrigation)၊ ရေအနဲသွင်းနည်း (Micro-irrigation) စသည်တို့ ပါဝင် ပါသည်။
(ခ-၈) အခန်း-၈ သီးနှံစိုက်ပျိုးရေးတွင်ဖျက်ပိုးများ (Chapter 8 Pests in Crop Production)
ဤအခန်းတွင် အင်းဆက်ဖျက်ပိုးမွားများ (Insect Pests)၊ အပင်ရောဂါများ (Plant Diseases)၊ ပေါင်းပင်များ (Weeds)၊ ၎င်းတို့အား ကာကွယ်နှိမ်နှင်းနည်းသဘောတရားများ (Principles of Pest Management)၊ ပိုးသတ်ဆေးနှင့်ပတ်ဝန်းကျင် (Pesticides and Management)၊ စုပေါင်းကာကွယ်နှိမ်နှင်းနည်းစနစ်များ (IPM_Integrated Pest Management)၊ ဓာတုသတ်ဆေးအမျိုးမျိုး (Pesticides)စသည်တို့ပါဝင်ပါသည်။
(ခ-၉) အခန်း-၉ စိုက်ပျိုးထုတ်လုပ်မှုစနစ်များ (Chapter 9 Agricultural Production Systems)
ဤအခန်းတွင် သဘာဝဂေဟစနစ် (Natural Ecosystem) နှင့် သီးနှံစိုက်ပျိုးရေးဆိုင်ရာ ဂေဟစနစ် (Agroecosystem) တို့အကြောင်း၊ အပင်စုပေါင်း စနစ်နှင့်ပြိုင်ဆိုင်မှု (Plant Communities and Competition)၊ သီးနှံတစ်မျိုးထည်းစိုက်ပျိုးခြင်း (Monoculture)၊ သီးနှံစုံစိုက်ပျိုးခြင်း (Polyculture)၊ မြေဆီအဟာရဓာတ်ပြန်လည်ဖြည့်တင်းခြင်း (Soil Fertility Restoration)၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း (Agroforestry)၊ ဩဂဲနစ် စိုက်ပျိုးနည်းစနစ်များ (Organic Farming) စသည်တို့ပါဝင်ပါသည်။
(ခ-၁၀) အခန်း-၁၀ မြေဆီလွှာထွန်ယက်မှုနှင့်စိုက်ခင်းစွမ်းအင်စနစ်များ (Chapter 10 Land Preparation and Farm Energy)
ဤအခန်းတွင် မြေဆီလွှာထွန်ယက်စနစ်များ (Tillage Systems)၊ မြေဆီလွှာ ထိမ်းသိမ်း သော ထွန်ယက်စနစ် (Conservation Tillage)၊ ထယ်ထိုး၊ ထွန်မွေကိရိယာများ (Tillage Implements)၊ စက်မှုလယ်ယာစနစ်နှင့်ကိရိယာများ (Farm Machinery and Equipments) စသည်တို့ပါဝင်ပါသည်။
(ခ-၁၁) အခန်း-၁၁ မျိုးစေ့နှင့်မျိုးချစိုက်ပျိုးခြင်း (Chapter 11 Seed and Seeding)
ဤအခန်းတွင် မျိုးစေ့စစ်ဆေးပုံ (Seed Analysis)၊ အညောက်ပေါက်ခြင်း (Germination)၊ မျိုးစေ့အရည်အသွေးကိုလွမ်းမိုးနေသော အချက်များ (Factors Affecting Seed Quality)၊ အညောက်ပေါက်ရာတွင် ရေ/အစိုဓာတ် (Water/Moisture )၊ အပူချိန် (Temperature)၊ လေ (Wind)၊ အလင်းရောင် (Light) တို့လွမ်းမိုးမှု၊ မျိုးစေ့ငုတ် ခြင်း (Seed Dormancy)၊ မျိုးစေ့ချပြီးစီးချိန်တွင် လွမ်းမိုးနေသော အချက်များ (Factors Affecting Crop Stand)၊ အပင်ဦးရေ (Plant Density)၊ အကွက်ချစိုက်ပျိုးပုံ (Plant Arrangement)၊ စိုက်ချိန် (Time of Sowing/Planting)၊ စိုက်နည်းစနစ်များ (Sowing/ Planting Methods) စသည်တို့ပါဝင်ပါသည်။
(ခ-၁၂) အခန်း-၁၂ သီးနှံများရိတ်သိမ်းခြင်းနှင့်သိုလှောင်ခြင်း (Chapter 12 Harvesting and Storage of Crops)
ဤအခန်းတွင် သီးနှံမျိုးအလိုက်ရိတ်သိမ်းရမည့်အချိန် (Time to harvest)၊ ရိတ်သိမ်း နည်း စနစ်အမျိုးမျိုး (Methods of harvesting)၊ သီးနှံစေ့များ သိုလှောင်ရာတွင် သိရှိရမည့် အချက်များ၊ မျိုးစေ့အခြောက်ခံခြင်း (Seed Drying)၊ သီးနှံသိုလှောင် ဖျက်ပိုးများ (Storage pests)၊ မြက်ခြောက်နှင့်မြက်ချဉ်ပတ်ပြုလုပ်ခြင်း (Making hay and Silage) စသည်တို့ပါဝင်ပါသည်။
(ခ-၁၃) အခန်း-၁၃ သီးနှံများရောင်းဝယ်ခြင်းနှင့်စီမံခန့်ခွဲခြင်း (Chapter 13 Marketing and Handling Grain Crops)
ဤအခန်းတွင် သီးနှံများရောင်းဝယ်ခြင်း၊ ဈေးကွက်သဘောတရားများ၊ အုပ်စုလိုက် ခွဲခြားခြင်း (Grading)၊ ရောင်းဝယ်ရာ၌စွန့်စားရမှုများ (Managing Risks) စသည် တို့ပါဝင်ပါသည်။
တတိယစာအုပ်မှာ - ဩစတေလျနိုင်ငံထုတ်ဖြစ်ပါသည်။
(ဂ) Prately, J. (2003) Principles of Field Crop Production. 4th Ed. Oxford University Press. 550p.
ဩစတေလျနိုင်ငံ၊ စိုက်ပျိုးရေးပညာသင်ကြားနေသောတက္ကသိုလ်များတွင် ယနေ့အထိ ပြဌာန်းစာအုပ်အဖြစ် သတ်မှတ်ထားသော စာအုပ်လည်းဖြစ်ပါသည်။
ဩစတေလျနိုင်ငံ စိုက်ပျိုးမွေးမြူရေးက စနစ်ကျ အပြောင်းအလဲမရှိ၊ ဓာတုဓာတ်ကြွင်း အန္နရယ်နဲ၊ သန့်ရှင်းပြီး အရည်အသွေးမြင့်သည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ (Consistent, Clean, High-quality Agricultural Products with low levels of Pesticide Residues) ကြောင့် ကမ္ဘာတွင်နံမည်ကြီးပါသည်။
(ခ-၁) အခန်း-၁ ဩစတေလျစိုက်ပျိုးမွေးမြူရေးတစ်စတစ်စပြောင်းလဲတိုးတက်မှုများ (Chapter-1 Evolution of Australian Agriculture)
ဩစတေလျနိုင်ငံ စိုက်ပျိုးမွေးမြူရေးသမိုင်းက မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာများ ကဲ့သို့ဘဲ တိရစ္ဆာန်ဆွဲသော လယ်ယာသုံးကိရိယာများ (Animal-drawn Farm Implements) ကစတင်ခဲ့ပါသည်၊ သူတို့နိုင်ငံများတွင်တော့ မြင်းကို အသုံးပြုပါသည်။ မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံများတွင်တော့ ကျွဲ၊ နွားတိရစ္ဆာန်များကို အသုံးပြုခဲ့ ပါသည်။ ယခုလည်း ဒေသအချို့တွင်အသုံးပြုနေဆဲပါ။

ပုံ - ၁ ယခင်ကာလများက နွား၊ မြင်းများဖြင့် ထယ်ထိုးနေပုံ
မြေပြင် စိုက်ပျိုးရာတွင် ၂ မျိုးရှိပါသည်။
Primary Tillage - ထယ်ထိုးပေးခြင်း
Secondary Tillage - ထွန်မွေပေးခြင်း
Sowing/Seeding - မျိုးစေ့ချစိုက်ပျိုးခြင်း
ရှေးယခင်က ရွေ့ပြောင်းတောင်ယာစနစ် (Shifting Agriculture) စိုက်ပျိုးမှုလည်းရှိခဲ့ပြီးမှ ခေတ်မှီစိုက်ပျိုးရေးစနစ်များ (Modern Farming) ပြောင်းလဲလာခဲ့ပါသည်။
ဩစတေလျှနိုင်ငံရာသီဥတု အခြေအနေများအရ အခြောက်စိုက်ပျိုးနည်းစနစ် (Dry Farming) ကို အသုံးပြုရာတွင် ထယ်နက်နက်ထိုးခြင်း (Deep Ploughing)၊ မကြာခဏ ထွန်မွေပေးခြင်း (Frequent Harrowing) တို့ကို ပြုလုပ်ခဲ့ကြပါသည်။ ထို့အတူ စားကျက် ပဲစိုက်ပျိုးရေး (Pasture legume Growing) ကရှေးယခင်ကတဲက ပါဝင်ခဲ့သောနည်းစနစ် ဖြစ်ပါသည်။ နောက်သမိုင်းကြောင်းအရ ဓာတုဆေး၊ မြေဩဇာသုံးစိုက်ပျိုးနည်းစနစ် (Chemical Farming System) ပေါ်လာခဲ့ပါသည်။
(ခ-၂) အခန်း-၂ ပြောင်းလဲနေသောရာသီဥတုနှင့်အတူ သီးနှံစိုက်ပျိုးနည်းစနစ်များ စီမံခြင်း (Chapter – 2 Managing Cropping Systems in Variable Climates)
ဩစတေလျှနိုင်ငံ သီးနှံများစိုက်ပျိုးထုတ်လုပ်ခြင်း အကြောင်းဖြစ်၍ စိုက်ပျိုးထုတ်လုပ်သူ၊ တောင်သူများ၊ သုတေသီများ၊ ကျောင်းသားကျောင်းသူများ သည် ဩစတေလျရာသီဥတု စနစ် (Australian Climate Systems)၊ ရာသီဥတုပြောင်းလဲနေမှု (Climate Variability)၊ ရာသီဥတုကြိုတင်ခန့်မှန်းခြင်း (Climate Forecasting ) များ အကြောင်းကို လေ့လာ မိစေရန် အခန်း-၂ တွင်ရေးသားထားပါသည်။
(ခ-၂) အခန်း-၂ သီးနှံပင်နှင့်ပတ်ဝန်းကျင် ဆက်စပ်မှုကိုလေ့လာစေခြင်း (Chapter – 2 Crop Adaptation)
ဤအခန်းတွင် အပင်၏ကြီးထွားမှု (Growth) နှင့်ဖွံ့ဖြိုးမှု (Development) ကို လေ့လာစေပါသည်၊ ထို့အပြင် သီးနှံပင်အမျိုးမျိုးနှင့် တနှစ် ရာသီဥတု ၄-မျိုး ဆက်စပ်မှု လေ့လာရာတွင် သီးနှံပင်၏ နေ့တာတိုရှည်မှု (Daylength)၊ အပူချိန် (Temperature)၊ အချင်းချင်းပြိုင်ဆိုင်မှု (Crop Competition)၊ သင့်တော်သောမျိုးများရွေးချယ်ခြင်း (Selection of Suitable Crops) စသည်တို့ပါဝင်ပါသည်။
(ခ-၄) အခန်း-၄ အပင်မျိုးမွေးမြူခြင်း (Chapter – 4 Plant Breeding)
ဤအခန်းတွင် အပင်မျိုးမွေးမြူခြင်းဆိုတာဘာလဲ၊ ဘာကြောင့် မျိုးမွေးမြူရတာလည်း၊ သီးနှံပင်အရိုင်းများမှစားသုံးသီးနှံများဖြစ်လာခြင်း (Crop Plant Domestication)၊ ဗီဇ မျိုးများထိမ်းသိမ်းခြင်း (Genetic Conservation)၊ မျိုးရိုးလိုက်ခြင်း (Heritability) စ သည်တို့ ပါဝင်ပါသည်။
(ခ-၅) အခန်း-၅ စိုက်ပျိုးမြေဆီလွှာအားစီမံခန့်ခွဲခြင်း (Chapter – 5 Managing the Soil)
ဤအခန်းတွင် မြေဆီလွှာဖွဲ့စည်း တည်ဆောက်ပုံ၊ အပင်အမြစ်များ၊ မြေဆီလွှာ ဩဂဲနစ်ပစ္စည်းများ (Soil Organic Matters)၊ မြေဆီလွှာအတွင်းရှိရေကို စီမံခန့်ခွဲခြင်း၊ ရေသွင်း၊ ရေထုတ်မှု၊ မြေဆီလွှာ အချဉ်အငံဓာတ် (Soil pH) စသည်တို့ဖြစ်ပါသည်။
(ခ-၆) အခန်း-၆ အပင်အတွက်အဟာရဓာတ်များ (Chapter – 6 Crop Nutrition)
ဤအခန်းတွင် အပင်အတွက်အဓိကလိုအပ်သော အဟာရဓာတ်များ (Essential Elements for Crop Growth)၊ သီးနှံများကစုတ်ယူမှု၊ အဟာရချို့တဲ့သောလက္ခဏာများ (Nutrient Deficiencies)၊ ဓာတ်မြေဩဇာစီမံခန့်ခွဲမှုများ (Principles of Fertilizer Management) စသည်တို့ဖြစ်ပါသည်။
(ခ-၇) အခန်း-၇ ခေတ်မှီသီးနှံအလှည့်ကျစိုက်ပျိုးနည်းစနစ်များ (Chapter – 7 Smart Rotation)
ဤအခန်းတွင် သမိုင်းကြောင်းမှသည် အနာဂတ်စိုက်ပျိုးနည်းစနစ်များ (Farming Systems for the Future)၊ ဩစတေလျှစိုက်ပျိုးနည်း စနစ်တွင် ပဲနွယ်ပင်များ ရောနှော စိုက်ပျိုးမှု၏ အလေ့အထ၊ စားကျက်ပဲများ (Pasture Legumes) ထည့်သွင်းမှု၊ ဩစတေ လျှအဓိကသီးနှံ ဂျုံ (Wheat) ကို သီးနှံအမျိုးမျိုး နှင့် အလှည့်ကျစိုက်ပျိုးသောစနစ်များ ဆောင်ရွက်လာပါသည်။
(ခ-၈) အခန်း-၈ သီးနှံများစတင်တည်ထောင်မှုနှင့် စီမံခန့်ခွဲမှုများ (Chapter – 8 Crop Establishment and Management)
ဤအခန်းတွင် ထယ်ရေး၊ ထွန်ရေးကောင်းအောင် ဆောင်ရွက်မှုစနစ် (Tillage Practices)၊ ဘောင်တင်စိုက်ပျိုးနည်း စနစ်များ (Raised Bed Farming)၊ သီးနှံရိုးပြတ် ကောက်ရိုးများကို စီမံခန့်ခွဲမှု (Stubble Management)၊ စဉ်ဆက်မပြတ်စိုက်ပျိုးစေမှု (Continuous Cropping)၊ မြေလှပ်ထားခြင်း (Fallowing)၊ မျိုးစေ့အတိမ်အနက် (Depth of Sowing)၊ မျိုးစေ့ကိုပြင်ဆင်မှု (Seed Preparation)၊ စိုက်နည်းစနစ်များ (Sowing Methods) တို့ပါဝင်ပါသည်။
(ခ-၉) အခန်း-၉ ပေါင်းနှိမ်နည်းစနစ်များ (Chapter – 9 Weed Management)
ဤအခန်းတွင် ပေါင်းပင်များ ပေါက်ရောက်မှုနှင့်ပြန့်ပွားမှုများ (Weed Distribution and Dispersal)၊ ပေါင်းမပေါက်ရောက်အောင် ကြိုတင်ကာကွယ်မှုများ (Prevention of Weeds)၊ လုပ်အားဖြင့်ပေါင်းနှိမ်နှင်းမှု (Mechanical Weed Management)၊ ဓာတုပစ္စည်း ဖြင့်ပေါင်းနှိမ်နှင်းမှု (Chemical Weed Management)၊ ပေါင်းသတ်ဆေးခံနိုင်ရည်ရှိမှုများ (Herbicide Resistance)၊ ပေါင်းသတ်ဆေးဒါဏ်ခံနိုင်ရည်ရှိသော အပင်များ (Herbicide-resistant Crops) စသည်တို့ပါဝင်ပါသည်။
(ခ-၁၀) အခန်း-၁၀ ပိုးမွားရောဂါကာကွယ်နှိမ်နှင်းမှုစနစ်များ (Chapter – 10 Pest and Disease Management)
ဤအခန်းတွင် ဖြစ်ပေါ်လာသော အကြောင်းအရင်းများ (Identification of the Cause)၊ ပိုးမွားရောဂါဦးရေ စောင့်ကြည့်၊ မှတ်သား၊ စစ်ဆေးပေးခြင်း (Monitoring Populations)၊ အထွက်လျှော့နဲခြင်းအကြောင်းများ (Cause of Yield Loss)၊ ပတ်ဝန်းကျင်နှင့် ပိုးမွား ရောဂါများ (Environment and Pests)၊ ရောဂါပိုးမွား ကာကွယ်နှိမ်နှင်းနည်းစနစ်များ (Methods of Control) စသည်တို့ ပါဝင်ပါသည်။
(ခ-၁၁) အခန်း-၁၁ ရေသွင်းနည်းစနစ် စီမံခန့်ခွဲမှုများ (Chapter – 11 Irrigation Management)
ဤအခန်းတွင် သမိုင်းကြောင်းများ၊ ရေသွင်းရန်အတွက် ရရှိနိုင်သောရေအရင်းအမြစ်များ (Availability of Water Resources)၊ ရေစီးဆင်းမှု၊ မြေပေါ်ရေ၊ မြေအောက်ရေ၊ ရေအ ရည်အသွေး (Water Quality)၊ ရေသွင်း၊ ရေထုတ်နည်း စနစ်များ (Irrigation and Drainage Methods) စသည်တို့ ပါဝင်ပါသည်။
(ခ-၁၂) အခန်း-၁၂ သီးနှံဈေးကွက်နှင့်ရောင်းချမှုစနစ် စီမံခန့်ခွဲမှုများ (Chapter – 12 Crop Marketing and Management)
ဤအခန်းတွင် အသီးအနှံအမျိုးအစားအလိုက်ဈေးကွက် (Crop Commodity Marketing)၊ ရောင်းလိုအားနှင့် ဝယ်လိုအားဆက်စပ်မှုများ (Supply and Demand)၊ စား သောက်ကုန်များ ပြောင်းလဲလာမှု၊ စားသောက်ကုန်များ စားသုံးသူအကြိုက် အစားအစာ ဘေးကင်းလုံခြုံမှု (Food Safety)၊ အစားအစာအရည်အသွေး (Food Quality)၊ လူမှုရေး နှင့်ပတ်ဝန်းကျင်ဂရုစိုက်မှု (Social and Environmental Concerns) စသည်တို့ ဂရုစိုက် လာရမည်ကို ဖော်ပြထားပါသည်။
စာရေးသူ၏အတွေး
တစ်ကယ်တော့ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ အထက်တန်း ကျောင်း သား/သူများ အနေနှင့် ဆရာ၊ ဆရာမသင်ကြားမှု တစ်ခုတည်း လိုက်မှတ်၊ လိုက်ပြီးအလွတ်ကျက်ရုံ သာမက စာကြည့်တိုက်ကို အသုံးချပြီး ပြဌာန်းစာအုပ်များ (Text Books)၊ မှီငြမ်း စာအုပ်များ (Reference Books) ကို ငှားယူ၊ လေ့လာ၊ ဖတ်ရှု၊ ထုတ်နှုတ်သည့် အလေ့အ ကျင့်များပြန်လည်ရရှိအောင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။
(ဆက်ပါဦးမည်)
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
Martin, J.H.; Waldren, R.P. and Stamp, D.L. (2006) Principles of Field Crop Production. 4th Ed. Pearson_prentice Hall, New Jersey. 954p.
Prately, J. (2003) Principles of Field Crop Production. 4th Ed. Oxford University Press. 550p.
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။