စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၂)

15/07/2026 13:30 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာများ အကြောင်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၉) အပင်များအတွက် လိုအပ်သောရေ (Water for Plants) အပိုင်းတွင် မိတ်ဆက် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ဆည်မြောင်းဦးစီးဌာနမှ ဆောင်ရွက်နေသော ရေသွင်းခြင်း ဆိုင်ရာ အင်ဂျင်နီယာပညာ (Irrigation Engineering) ရှုထောင့်မှ မဟုတ်ဘဲ အပင်၏ ရေလိုအပ်ချက် (Plant water requirement)၊ မြေကြီး၏ ရေလိုအပ်ချက် (Soil Water Requirement)၊ မြေ-ရေ-အပင် တို့ ဆက်နွယ်နေပုံ (Soil Water Plant Relationships) ကို စိုက်ပျိုးရေးပညာ ရှုထောင့်မှရေးသားဆွေးနွေးပါမည်။

ကမ္ဘာနိုင်ငံအားလုံးတွင် သီးနှံများစိုက်ပျိုးရာ၌ မိုးကောင်းသောက်မြေများ (Rainfed Lands) နှင့် ရေသွင်းစိုက်မြေများ (Irrigated Lands) ဟူ၍ ၂-ပိုင်းရှိပါသည်။ ရေသွင်း စိုက်ပျိုးခြင်းစနစ်သည် ကမ္ဘာဦးအစ စိုက်ပျိုးရေးသမိုင်းကတည်းက ရှိခဲ့ပါသည်။

ဆည်ရေပေးစနစ်/ရေသွင်းနည်းစနစ် (Irrigation) ဆိုသည်မှာ သဘာဝမိုးရေမလုံလောက်သော သို့မဟုတ် မိုးရွာသွန်းမှု မမှန်ကန်သော အခြေအနေများတွင် သီးနှံများ ကောင်းမွန် စွာ ကြီးထွားနိုင်စေရန် သီးနှံများအတွက် လိုအပ်သောရေကို လူကဖန်တီး စီမံ၍ လယ်ယာ မြေသို့ပို့ဆောင်ပေးသောနည်းစနစ် ဖြစ်ပါသည်။

ဆည်ရေပေးစနစ်သည် လူ့ယဉ်ကျေးမှု သမိုင်းတွင် အရေးအကြီးဆုံး တီထွင်ဖန်တီးမှုများထဲမှ တစ်ခုဖြစ်ပြီး၊ လူသားများကို အမြဲတမ်း အခြေချနေထိုင်နိုင်စေခြင်း၊ စားနပ်ရိက္ခာ ထုတ်လုပ်မှု တိုးတက်လာစေခြင်းနှင့် မြို့ပြများ၊ နိုင်ငံများ တည်ထောင်နိုင်စေခြင်းတို့၏ အခြေခံအုတ်မြစ် ဖြစ်ခဲ့ပါသည်။

ယနေ့ခေတ် ဆည်ရေပေးစနစ်သည် နှစ်ပေါင်း ၈,၀၀၀ ကျော် သမိုင်းရှိပြီး၊ ရိုးရှင်းသော လက်ဖြင့်ရေလောင်းသည့် နည်းစနစ်များမှ စတင်ကာ ယနေ့ခေတ် အာရုံခံကိရိယာ (Sensors)၊ ဂြိုဟ်တု (Satellite) နှင့် ဉာဏ်ရည်တု (Artificial Intelligence - AI) အသုံး ပြုသော Precision Irrigation (တိကျစွာ ရေပေးစနစ်) အထိ ဖွံ့ဖြိုးတိုးတက်လာ ခဲ့ပါ သည်။

ရာသီဥတု (Climate)၊ မြေဆီလွှာ (Soil) နှင့် ရေ (Water) တို့သည် အောင်မြင်စွာ သီးနှံ စိုက်ပျိုး ထုတ်လုပ် ရေး အတွက် အရေးပါသော သဘာဝအရင်းအမြစ် (Natural Resources) ၃-ခုဖြစ်ပါသည်။

History of Irrigation - " Irrigation Tools" - 灌溉大师

Irrigation - Wessels Living History Farm

ပုံ - ၁ ရေသွင်းစိုက်ပျိုးရေး၏ သမိုင်းမှတ်တမ်းများ

(က) ဆည်ရေပေးစနစ် မပေါ်ပေါက်မီကာလ (ဘီစီ ၆,၀၀၀ မတိုင်မီ)

လွန်ခဲ့သော နှစ်ပေါင်း ၁၀,၀၀၀ မှ ၁၂,၀၀၀ ခန့် တွင် လူသားများသည် စိုက်ပျိုးရေးကို စတင်လုပ်ကိုင်လာကြပြီး ဂျုံ (Wheat)၊ မုယောစပါး/ဘာလီ (Barley)၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်များစွာ စသည်တို့ကို စိုက်ပျိုးခဲ့ကြပါသည်။

သို့သော် စိုက်ပျိုးရေးသည် မိုးရေကိုသာ အားထားရသော (Rainfed Agriculture) ဖြစ်သဖြင့် မိုးရွာသွန်းမှု မမှန်ကန်လျှင် သီးနှံများ ပျက်စီးလေ့ရှိပါသည်။ ထို့ကြောင့် လူသားများသည် မြစ်ရေကို လယ်ယာသို့ လမ်းကြောင်းဖောက်၍ ပို့ဆောင်အသုံးပြုရန် စတင်စဉ်းစားလာကြပြီး ယင်းသည် ဆည်ရေပေးစနစ်၏ အစပျိုး ဖြစ်လာခဲ့ပါသည်။

(ခ) ကမ္ဘာ့ပထမဆုံး ဆည်ရေပေးစနစ် (ဘီစီ ၆,၀၀၀–၅,၀၀၀)

ဆည်ရေပေးစနစ်ကို ပထမဆုံး စတင်အသုံးပြုခဲ့သည့် နေရာမှာ မက်ဆိုပိုတေးမီးယား (Mesopotamia) ဖြစ်ပြီး ယနေ့ခေတ် အီရတ်နိုင်ငံ အတွင်း တည်ရှိပါသည်။

ဤဒေသသည် တိုက်ဂရစ်မြစ် (Tigris River)၊ ယူဖရေးတီးမြစ် (Euphrates River)

အကြားတွင် တည်ရှိပြီး မိုးရေ နည်းပါးသော ဒေသဖြစ်သည်။

တောင်သူများသည် ရေမြောင်းများ (Canals)၊ ချောင်းငယ်များ (Ditches)၊ ရေတား တမံ များ (Embankments)၊ ရေသိုလှောင်ကန်များ ကို တည်ဆောက်ကာ မြစ်ရေကို လယ်ယာ သို့ပို့ဆောင်ခဲ့ကြသည်။ အဓိကရေသွင်းစိုက်ပျိုးသော သီးနှံများမှာ ဂျုံ၊မုယောစပါး၊ ပိုက်ဆံ လျှော် (Flax)၊ စွန်ပလွံသီး (Date Palm) တို့ ဖြစ်ကြသည်။ ဤဆည်ရေပေးစနစ်ကြောင့် လူ့ယဉ်ကျေးမှု ၏ ပထမဆုံး မြို့ပြများ ပေါ်ပေါက် လာခဲ့ပါသည်။

(ဂ) ရှေးဟောင်းအီဂျစ်၏ ဆည်ရေပေးစနစ် (ဘီစီ ၅,၀၀၀–၃,၀၀၀)

ရှေးဟောင်းအီဂျစ်နိုင်ငံ၏ စိုက်ပျိုးရေးသည် နိုင်းလ်မြစ် (Nile River) ၏ နှစ်စဉ် ရေလွှမ်းမိုးမှုအပေါ် အခြေခံထားပါသည်။ နောက်ပိုင်းတွင် Basin Irrigation (အပင်ခြေရေဝပ်ကွက်သွင်းစနစ်) ကို တီထွင်အသုံးပြုခဲ့ပါသည်။

Basin Irrigation ၏ လုပ်ဆောင်ပုံ - လယ်ကွက်ပတ်လည်တွင် မြေတံတိုင်းများဆောက်သည်။ မြစ်ရေကို လယ်ကွက်အတွင်းသို့ သွင်းသည်။ ရေကို ရက်သတ္တပတ်အနည်းငယ် ထိန်းသိမ်းထားသည်။ ပိုလျှံသော ရေကို ပြန်ထုတ်ပါသည်။

ဤနည်းစနစ်ကြောင့် မြေဆီဩဇာ ပိုမိုကောင်းမွန်လာသည်။ မြေတွင်းအစိုဓာတ် ကြာရှည်စွာ တည်ရှိသည်။ သီးနှံအထွက်နှုန်း တိုးတက်လာသည်။ နောက်ပိုင်းတွင် ရှာဒု (Shaduf) ဟုခေါ်သော လက်ဖြင့် ရေတင်စက်ကိုလည်း တီထွင်ခဲ့ကြပါသည်။

 

Understanding Irrigation Techniques: Flood Irrigation vs. Basin Irrigation -

ပုံ - ၂ ကွက်ပြည့်ရေသွင်းခြင်းနှင့်အပင်ခြေရေသွင်းခြင်း

(ဃ) အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှု (ဘီစီ ၃,၃၀၀–၁,၃၀၀)

အိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှုတွင် ရေတွင်းများ၊ ရေသိုလှောင်ကန်များ၊ ရေစီးဆင်းမှုစနစ်များ၊ ဆည်ရေမြောင်းများကို စနစ်တကျ တည်ဆောက်ခဲ့ကြသည်။

အိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှုသည် ဝါ (Cotton) ကို အကြီးစားစိုက်ပျိုးခဲ့သည့် ပထမဆုံးယဉ်ကျေးမှုတစ်ခုဟု ယူဆကြသည်။

(င) ရှေးဟောင်းတရုတ်နိုင်ငံ၏ ဆည်ရေပေးစနစ်

တရုတ်နိုင်ငံတွင် အဝါရောင်မြစ် (Yellow River)၊ ယန်စီမြစ် (Yangtze River) တို့မှ ရေကို အသုံးပြုခဲ့ကြသည်။ တီထွင်ခဲ့သော နည်းစနစ်များမှာ ရေမြောင်းများ၊ တာတမံများ၊ ရေသို လှောင်ကန်များဖြစ်သည်။ ဆန်စပါး စိုက်ပျိုးရေး တိုးတက် လာခြင်းနှင့်အတူဆည်ရေပေး စနစ်လည်း ဖွံ့ဖြိုးလာခဲ့သည်။

ယနေ့တိုင် အသုံးပြုနေဆဲ ကမ္ဘာ့ရှေးအကျဆုံး ဆည်ရေပေးစနစ်တစ်ခုမှာ ဒူဂျီယမ် ရေ သွင်းစနစ် (Dujiangyan Irrigation System) ဖြစ်ပြီး ဘီစီ ၂၅၆ ခုနှစ်တွင် တည်ဆောက် ခဲ့သည်။

(စ) ရှေးဟောင်းအိန္ဒိယနိုင်ငံ

အိန္ဒိယတွင် ရေကန်များ၊ အဆင့်လိုက်ရေတွင်းများ (Step Wells)၊ ရေလှောင်ကန်များ၊ ဆည်ရေမြောင်းများ ကို တည်ဆောက်အသုံးပြုခဲ့ကြသည်။ အထူးသဖြင့် အိန္ဒိယ တောင် ပိုင်းရှိ ရေကန်ကြီးများမှာ ယနေ့အချို့ဒေသများတွင် ဆက်လက်အသုံးပြု လျက်ရှိပါသည်။

(ဆ) ပါရှား (ယနေ့ အီရန်နိုင်ငံ) ၏ ကွာနက် (Qanat) စနစ်

ပါရှားနိုင်ငံသည် ကွာနက် Qanat ဟုခေါ်သော ထူးခြားသည့် မြေအောက်ရေပို့စနစ်ကို တီထွင်ခဲ့သည်။ ကွာနက်ဆိုသည်မှာ တောင်ပေါ်ရှိ မြေအောက်ရေကို မြေအောက် လိုဏ် ခေါင်းများဖြင့် လယ်ယာမြေများသို့စက်မလိုဘဲ ပို့ဆောင်သော စနစ်ဖြစ်သည်။

အားသာချက်များ - ရေငွေ့ပျံမှု နည်းသည်။ ရေကို အဆက်မပြတ် ရရှိနိုင်သည်။ သဲက န္တာရဒေသများတွင် အထူးသင့်တော်သည်။ ယနေ့အချိန်အထိ အီရန်နိုင်ငံနှင့် အနီးပတ်ဝန်း ကျင်ဒေသများတွင် ကွာနက်Qanat များကို တွေ့ရှိနိုင်သေးသည်။

(ဇ) စက်မှုတော်လှန်ရေးခေတ် (၁၇၀၀–၁၉၀၀)

ဤကာလတွင် ရေနွေးငွေ့စက်ဖြင့် ရေတင်စက်များ၊ ကွန်ကရစ် ရေမြောင်းများ၊ သံမဏိပိုက်များ၊ ဆည်ကြီးများကို တည်ဆောက်အသုံးပြုလာခဲ့ကြသည်။

အမေရိကန်၊ ဩစတြေးလျနှင့် အိန္ဒိယနိုင်ငံတို့တွင် အကြီးစား ဆည်ရေမြောင်း ကွန်ရက်များ ဖွံ့ဖြိုးလာခဲ့သည်။

(ဈ) ခေတ်သစ် ဆည်ရေပေးစနစ် (၁၉၀၀ ခုနှစ်မှ ယနေ့အထိ)

ယနေ့ခေတ်တွင် အသုံးများသော ဆည်ရေပေးစနစ်များမှာ

  • Surface Irrigation (မြေမျက်နှာပြင်ရေပေးစနစ်)

  • Furrow Irrigation (ထွန်ကြောင်းရေပေးစနစ်)

  • Border Irrigation (အကန့်လိုက်ရေပေးစနစ်)

  • Basin Irrigation (ရေဝပ်ကွက်စနစ်)

  • Sprinkler Irrigation (မိုးရေပန်းစနစ်)

  • Center Pivot Irrigation (ဗဟိုလှည့်ပတ်ရေပန်းစနစ်)

  • Drip Irrigation (အစက်ချရေပေးစနစ်)

  • Subsurface Irrigation (မြေအောက်ရေပေးစနစ်) တို့ဖြစ်ကြသည်။

ထို့အပြင် မြေအစိုဓာတ်တိုင်းကိရိယာ (Soil Moisture Sensors)၊ မိုးလေဝသစခန်းများ၊ ဂျီပီစက် (GPS)၊ ဒရုံး (Drone)၊ ဂြိုဟ်တု၊ ဉာဏ်ရည်တု (Artificial Intelligence - AI) တို့ကို အသုံးပြု၍ Smart Irrigation (အဆင့်မြင့်ခေတ်မှီဆည်ရေပေးစနစ်) များကို ကျယ်ပြန့်စွာ အသုံးပြုလာကြပါသည်။

ဇယား-၁ ကမ္ဘာပေါ်တွင် စိုက်ပျိုးရေသွင်းဧရိယာ (Irrigated Area) အများဆုံးရှိသောနိုင်ငံ (၁၀) နိုင်ငံ

အဆင့်

နိုင်ငံ

စိုက်ပျိုးရေသွင်းဧရိယာ (သန်းဟက်တာ)

စိုက်ပျိုးနိုင်သောမြေ (Cultivated Land) နှင့် နှိုင်းယှဉ်လျှင် (%)

တရုတ် China

၇၅.၇

၅၂%

အန္နိယ India

၇၀.၅

၄၄%

ပါကစ္စတန် Pakistan

၂၀.၀

၅၄%

အီရန် Iran

၈.၅

၅၀%

မက္ကဆီကို Mexico

၇.၄

၃၂%

အင်ဒိုနီးရှား Indonesia

၆.၆

၂၄%

ထိုင်းနိုင်ငံ Thailand

၆.၃

၂၅%

ဘရာဇီးလ် Brazil

၅.၅

၉%

တူရကီ Turkey

၅.၄

၂၃%

၁၀

ဘင်္ဂလားဒေ့ရှ်Bangladesh

၀.၉–၅.၂

၆၁% (Cultivated Land)

မှတ်ချက် – Cultivated Land ဆိုသည်မှာ Arable Land (နှစ်စဉ်စိုက်ပျိုးနိုင်သောမြေ) နှင့် Permanent Crops (နှစ်ရှည်သီးနှံစိုက်ဧရိယာ) တို့ကို ပေါင်းထားခြင်းဖြစ်ပါသည်။

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Elbana, Maha (2017) Irrigation Management. Maha, India. 231p.

Majumdar, Dilip Kumar (2002) Irrigation Water Management: Principles and Practice. Prentice Hall, India.  487p.

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်