စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)

29/07/2026 12:59 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

 

စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာများ အကြောင်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၉) အပင်များအတွက် လိုအပ်သောရေ (Water for Plants) အပိုင်းနှင့် အမှတ် စဉ် (၂၃၁၊ ၂၃၂) စိုက်ပျိုးရေးဆိုင်ရာရေသွင်းနည်းပညာ အပိုင်း-၂ နှင့် ၃ တို့တွင် ရေးသား ဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ ဆည်မြောင်းဦးစီးဌာနမှ ဆောင်ရွက်နေသော ရေသွင်းခြင်း ဆိုင်ရာ အင်ဂျင်နီယာပညာ (Irrigation Engineering) ရှုထောင့်မှ မဟုတ်ဘဲ အပင်၏ရေ လိုအပ်ချက် (Plant water requirement)၊ မြေကြီး၏ ရေလိုအပ်ချက် (Soil Water Requirement)၊ မြေ-ရေ-အပင် တို့ ဆက်နွယ်နေပုံ (Soil Water Plant Relationships) ကို စိုက်ပျိုးရေး ပညာရှုထောင့်မှ ဆက်လက်ရေးသားဆွေးနွေးပါမည်။

မြေဆီလွှာ–အပင်–ရေ ဆက်စပ်မှု (Soil Plant Water Relationship) သည် စိုက်ပျိုးရေ သွင်းလယ်ယာသီးနှံပညာ (Irrigation Agronomy) ၏အခြေခံသဘောတရား တစ်ခုဖြစ် ပြီး၊ မြေဆီလွှာ၏ ဂုဏ်သတ္တိများ၊ ရေရရှိနိုင်မှု၊ အပင်၏ အမြစ်များနှင့် သီးနှံ၏ ရေအသုံးပြု မှု တို့အကြား အပြန်အလှန် သက်ရောက်မှုကို ရှင်းလင်းဖော်ပြပေးပါသည်။ ဤဆက်စပ်မှုကို နားလည်ခြင်းသည် ထိရောက်သော ရေသွင်းစနစ်များ ဒီဇိုင်းဆွဲခြင်း၊ ရေသွင်းချိန်ဇယားဆွဲခြင်း၊ ရေအသုံးချမှု စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်းနှင့် သီးနှံအထွက် နှုန်း မြင့်မားလာစေရန်အတွက် မရှိမဖြစ် လိုအပ်ပါသည်။

စိုက်ပျိုးထုတ်လုပ်မှုသည် အောက်ပါ အကောင်းဆုံး မျှခြေကို ထိန်းသိမ်းခြင်းအပေါ် မူတည်သည်။

မြေဆီလွှာ → ရေကို သိုလှောင်ပြီး ဖြည့်ဆည်းပေးသည်၊

အပင်၏ အမြစ်များ → ရေနှင့် အာဟာရများကို စုပ်ယူသည်၊

ရေ → ဇီဝကမ္မဖြစ်စဉ်များနှင့် သီးနှံကြီးထွားမှုကို အထောက်အကူပြုသည်၊ 

သီးနှံတစ်ပင်သည် မြေဆီလွှာတွင် အပင်လိုအပ်ချက်ကို ဖြည့်ဆည်းရန် လုံလောက်သော ရေရရှိနေပြီး ရေလွှမ်းမိုးခြင်း သို့မဟုတ် အောက်ဆီဂျင်ချို့တဲ့ခြင်း မဖြစ်စေဘဲ အကောင်း ဆုံး စွမ်းဆောင်ရည်ကို ရရှိရမည်ဖြစ်ပါသည်။

17 Soil-plant-atmosphere continuum (SPAC) showing water movement from... |  Download Scientific Diagram

Image

ပုံ - ၁ မြေဆီလွာ-အပင်-ရေ ဆက်စပ်မှု

(က) မြေဆီလွှာ–အပင်–ရေ ဆက်စပ်မှု၏ အစိတ်အပိုင်းများ

က-၁. မြေဆီလွှာ–ရေ ဆက်စပ်မှု - မြေဆီလွှာသည် ရေသိုလှောင်ရန် ကန်တစ်ခု အဖြစ် ဆောင်ရွက်ပြီး အပင်များအတွက် ရေကို ဖြည့်ဆည်းပေးသည်။

က-၂. မြေဆီလွှာရေ၏ ပုံစံများ - မြေဆီလွှာရေသည် အဓိက ပုံစံသုံးမျိုးဖြင့် တည်ရှိသည်။

(က-၂-၁) ဆွဲငင်အားရေ (Gravitational Water)

ဆွဲငင်အားကြောင့် မြေဆီလွှာအပေါက်များအတွင်းမှ အောက်သို့ စီးဆင်းသွားသော ရေ။  မိုးသည်းထန်စွာရွာပြီး သို့မဟုတ် ရေသွင်းပြီးနောက် များသောအားဖြင့် လျင်မြန်စွာ စီး ထွက်သွားသည်။ ရေရှည်အပင်အသုံးပြုရန် မရနိုင်ပါ။ ပိုလျှံပါက ရေလွှမ်းမိုးခြင်းနှင့် အမြစ် လေဝင်လေထွက်မကောင်းခြင်းကို ဖြစ်စေသည်။

(က-၂-၂) ဆံချည်ပြွန်ရေ/ရေကြောမျှင်များ (Capillary Water) (အရေးအကြီးဆုံး)

ဆံချည်မျှင်အားဖြင့် မြေဆီလွှာအပေါက်ငယ်များတွင် ဆုပ်ထားသောရေ။ အပင်များ အတွက် ရေ၏အဓိက ရေအရင်းအမြစ် ဖြစ်ပါသည်။ ရာနှုန်းပြည့်အပင်မှရရှိနိုင်သော အစိုဓာတ် အခြေအနေ/စိုက်ကွင်းရှိရေ/ပြည့်ဝရေ/မြေဆီလွှာရေထိန်းနိုင်စွမ်း (Field Capacity) နှင့် အမြဲတမ်းအပင်ညှိုးနွမ်းသည့်အမှတ် (Permanent Wilting Point) ကြားတွင် ဤရေကိုအပင်မှရရှိနိုင်သည်။

(က-၂-၃) စုပ်ယူအငွေ့ရေ (Hygroscopic Water)

မြေဆီလွှာအမှုန်များတွင် တင်းကျပ်စွာ ကပ်နေသော ရေပါးလွှာသော အလွှာဖြစ်ပြီး အပင်များအတွက် မရရှိနိုင်ပါ။

A Guide to Soil Moisture - ConnectedCrops

4 Plant available water of different soils at permanent wilting point... |  Download Scientific Diagram

ပုံ - ၂ မြေဆီလွာရေ တိုင်းတာမှု

(ခ) အရေးကြီးသော မြေဆီလွှာရေ သဘောတရားများ

မြေဆီလွှာရေထိန်းနိုင်စွမ်း (Field Capacity - FC) ဆိုသည်မှာ ပိုလျှံသော ဆွဲငင်အားရေ စီးထွက်သွားပြီးနောက် မြေဆီလွှာတွင် ကျန်ရှိနေသော ရေပမာဏဖြစ်သည်။ ရေသွင်း ခြင်း သို့မဟုတ် မိုးရွာပြီး ၁ ရက်မှ ၃ ရက်ခန့်တွင် ဖြစ်ပေါ်နိုင်ပါသည်။ မြေဆီလွှာ အမျိုးအစား အလိုက် အပင်အတွက် ရရှိနိုင်သောရေ ကွာခြားနိုင်ပါသည်။ 

ဥပမာ: - သဲမြေ: ရေထိန်းနိုင်စွမ်း နိမ့်သည်။ ရွှံ့စေးမြေ: ရေထိန်းနိုင်စွမ်း မြင့်သည်။

အမြဲတမ်းညှိုးနွမ်းသည့်အမှတ် (Permanent Wilting Point - PWP)

အမြဲတမ်းညှိုးနွမ်းသည့်အမှတ် ဆိုသည်မှာ အပင်များသည် ရေကို လုံလောက်စွာ မထုတ် ယူနိုင်တော့ဘဲ အမြဲတမ်း ညှိုးနွမ်းနေသည့် မြေဆီလွှာအစိုဓာတ်အဆင့်ဖြစ်သည်။

ဤအချိန်တွင်- အမြစ်များသည် မြေဆီလွှာရေတင်းအားကို ကျော်လွှား၍ မရနိုင်တော့ပါ။  သီးနှံကြီးထွားမှု ရပ်တန့်သွားသည်။ ရေမဖြည့်ဆည်းပေးပါက အပင်သေဆုံးနိုင်သည်။

ရရှိနိုင်သော ရေပမာဏ (Available Water Capacity - AWC)

အပင်အတွက် ရရှိနိုင်သော ရေ (Plant Available Water – PAW) မှာ-

ရရှိနိုင်သောရေ (PAW) = ကွင်းဆင်းရေ/မြေဆီလွှာရေထိန်းနိုင်စွမ်း (FC) – အမြဲတမ်း ညှိုးနွမ်းသည့်အမှတ် (PWP)

(ဂ) ရေရရှိနိုင်မှုအပေါ် သက်ရောက်သော မြေဆီလွှာအချက်များ

(ဂ-၁) မြေဆီလွှာအမှုန်အရွယ်အစား (Soil Texture)

အမှုန်အရွယ်အစားဆိုသည်မှာ အောက်ပါတို့၏ အချိုးအစားကို ရည်ညွှန်းသည်-

သဲ (Sand)၊ နုန်း (Silt)၊ မြေစေး (Clay)

သဲမြေအားသာချက်များ: - ရေနုတ်မြောင်းကောင်း၊ အမြစ်ထိုးဖောက်ဝင်ရောက်ရန် လွယ်ကူသည်၊ သဲမြေအားနည်းချက်များ: - ရေထိန်းနိုင်စွမ်း နိမ့်/နဲပါး၊ မကြာခဏ ရေသွင်းရန် လိုအပ်ပါသည်။

မြေစေး/ရွှံ့စေးမြေအားသာချက်များ: ရေသိုလှောင်မှု မြင့်မားသည်၊ အားနည်းချက်များ:

ရေနုတ်ရာတွင် ညံ့ဖျင်း/အားနဲသည်၊ အမြစ်ကြီးထွားရန် ခက်ခဲနိုင်ပါသည်၊

နုန်းမြေ (Loam) သီးနှံအများစုအတွက် စံပြမြေဖြစ်ပါသည်။ ရေထိန်းသိမ်းမှုနှင့် လေဝင် လေထွက်ကောင်းမွန်မှု မျှတသည်။

(ဃ) မြေဆီလွှာဖွဲ့စည်းပုံ (Soil Structure)

ကောင်းမွန်သော မြေဆီလွှာဖွဲ့စည်းပုံ- သင့်လျော်သော အပေါက်များ (pore spaces) ကို ဖန်တီးပေးသည်။ ရေစိမ့်ဝင်မှုကို ကောင်းမွန်စေသည်။ အမြစ်ကြီးထွားမှုကို မြှင့်တင် ပေးသည်။

အော်ဂဲနစ်ပစ္စည်း (Organic Matter) သည် မြေဆီလွှာဖွဲ့စည်းပုံကို ကောင်းမွန်စေပြီး ရေထိန်းနိုင်စွမ်းကို တိုးစေသည်။

(င) မြေဆီလွှာအနက် (Soil Depth)

မြေဆီလွှာနက်သော နေရာများ: ရေပိုမိုသိုလှောင်နိုင်ပါသည်၊ ပိုမိုနက်ရှိုင်းသော အမြစ် စနစ်များကို အထောက်အကူပြုပါသည်၊ ရေသွင်းရန် မကြာခဏလိုအပ်မှု နည်းပါးနိုင် ပါသည်။

မြေဆီလွှာတိမ်သော နေရာများ

ရေသိုလှောင်နိုင်စွမ်း အကန့်အသတ်ရှိပါသည်။ မကြာခဏ ရေသွင်းရန် လိုအပ်ပါသည်။ 

(စ) အပင်–ရေ ဆက်စပ်မှုများ (Plant Water Relationship)

အပင်များအတွက် ရေသည် အောက်ပါလုပ်ငန်းဆောင်တာများစွာကိုလုပ်ဆောင်ပေးသော ကြောင့် မရှိမဖြစ် လိုအပ်ပါသည်။

(စ-၁) အလင်းမှီစုဖွဲ့ခြင်း/အပင်အစာချက်လုပ်ခြင်း (Photosynthesis) - ရေသည် ဤဖြစ်စဉ်အတွက် မရှိမဖြစ် လိုအပ်ပါသည်။

6CO₂ + 6H₂O → C₆H₁₂O₆ + 6O₂

ရေချို့တဲ့ခြင်း၊ ရေမလုံလောက်ခြင်းသည် အပင်ကြီးထွားမှုနှင့် သီးနှံအထွက်နှုန်းကို လျော့ကျစေသည်။

(စ-၂) အပင်အတွင်းသို့ အမြစ်မှအာဟာရစုပ်ယူမှု (Nutrient Uptake)

ရေသည် အောက်ပါတို့ကို ကူညီပေးသည်- မြေဆီလွှာအာဟာရများကို ပျော်ဝင်စေခြင်း၊ အာဟာရများကို အမြစ်များဆီသို့ သယ်ယူပို့ဆောင်ပေးခြင်း၊ အာဟာရများကို အပင် တစ်သျှူးများမှတစ်ဆင့် ရွှေ့ပြောင်းပေးခြင်း စသည်တို့ဖြစ်ပါသည်။

(စ-၃) ဆဲလ်ကြီးထွားမှုနှင့် ရှင်သန်ကြီးထွားမှု (Cell Expansion and Growth)

လုံလောက်သော ရေသည် အောက်ပါတို့ကို ထိန်းသိမ်းပေးသည်- ဆဲလ်တင်းအား (Cell turgidity)၊ အရွက်ကြယ်ပြန့်ထွက်မှု (Leaf expansion)၊ ပင်စည်ကြီးထွားမှု (Stem growth) တို့ဖြစ်ပါသည်။

(စ-၄) အပူချိန်ထိန်းညှိမှု (Temperature Regulation)

အပင်များသည် ရေငွေ့ပျံထုတ်လွှတ်မှု (transpiration) ဖြစ်စဉ်မှတစ်ဆင့် ရေဆုံးရှုံးနိုင် သော်လည်း၊ ၎င်းသည် အရွက်များကို အေးမြစေပါသည်။

(စ-၅) အမြစ်နှင့်ရေ ဆက်စပ်မှု

အမြစ်များသည် မြေဆီလွှာနှင့် အပင်ကြားရှိ အဓိက ဆက်သွယ်မှုအချက်ဖြစ်ပါသည်။ 

ရေရွေ့လျားမှု: မြေဆီလွှာ → အမြစ်အမွှေးများ (Root Hairs) → အမြစ်အလွှာ (Root cortex) → ရေကြော (Xylem) → အရွက်များ (Leaves) → လေထု (Atmosphere)

(ဆ) အမြစ်မှ ရေစုပ်ယူမှုသည် အောက်ပါအချက်များအပေါ် မူတည်သည်။

(ဆ-၁) အမြစ်စနစ်၏ သွင်ပြင်လက္ခဏာများ - အမြစ်အနက်၊ အမြစ်သိပ်သည်းဆ၊ - အမြစ်ဖြန့်ကျက်မှု၊ အမြစ်လှုပ်ရှားမှု တို့ဖြစ်ပါသည်။

(ဆ-၂) မြေဆီလွှာအခြေအနေများ - မြေဆီလွှာအစိုဓာတ် (Soil Moisture)၊ မြေဆီလွှာ အပူချိန် (Soil Temperature)၊ မြေဆီလွှာ လေဝင်လေထွက်/အောက်ဆီဂျင်ရရှိနိုင်မှု အခြေအနေ (Soil Aeration)၊ မြေဆီလွှာချဉ်ငန်ဓာတ်အနေအထား (Soil pH) တို့ဖြစ်ပါသည်။

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Elbana, Maha (2017) Irrigation Management. Maha, India. 231p.

Majumdar, Dilip Kumar (2016) Irrigation Water Management: Principles and Practice. 2nd Ed. Prentice Hall, India.  557p.

Michael, A. M. (2007) Irrigation: Theory and Practice.  2nd Ed. Noida India. 762p.

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်