စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာများ အကြောင်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၉) အပင်များအတွက် လိုအပ်သောရေ (Water for Plants) အပိုင်းနှင့် အမှတ် စဉ် (၂၃၁၊ ၂၃၂၊ ၂၃၃) စိုက်ပျိုးရေးဆိုင်ရာရေသွင်းနည်းပညာ အပိုင်း-၂, ၃ နှင့် ၄ တို့တွင် ရေးသား ဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ ဆည်မြောင်းဦးစီးဌာနမှ ဆောင်ရွက်နေသော ရေသွင်း ခြင်း ဆိုင်ရာ အင်ဂျင်နီယာပညာ (Irrigation Engineering) ရှုထောင့်မှ မဟုတ်ဘဲ အပင်၏ ရေ လိုအပ်ချက် (Plant water requirement)၊ မြေကြီး၏ ရေလိုအပ်ချက် (Soil Water Requirement)၊ မြေ-ရေ-အပင် တို့ ဆက်နွှယ်နေပုံ (Soil Water Plant Relationships) ကို စိုက်ပျိုးရေး ပညာရှုထောင့်မှ ဆက်လက်ရေးသားဆွေးနွေးပါမည်။
ရေသွင်းနည်း အမျိုးအစားများ (Irrigation Methods)
ရေသွင်းနည်းများကို အဓိကအားဖြင့် (၄) မျိုးခွဲခြားနိုင်သည်။
(၁) မြေမျက်နှာပြင်မှ ရေသွင်းနည်း (Surface Irrigation)
ရေကို မြေမျက်နှာပြင်ပေါ်မှ သဘာဝဆွဲအား (Gravity) ဖြင့် စီးဆင်းစေသော ရေသွင်းနည်းဖြစ်သည်။

ပုံ - ၁ မြေမျက်နှာပြင်အပေါ်မှရေသွင်းခြင်း
(၁-က) ရေလွတ်ချခြင်း (Wild Flooding or Free Flooding)
ရှေးခေတ်များစွာကတည်းက စိုက်ပျိုးသူတောင်သူကြီးများ အသုံးပြုသောနည်းစနစ်ဖြစ်သည်။ အရိုးရှင်းဆုံးနှင့် ရှေးအကျဆုံးသော ရေသွင်းနည်းတစ်ခုဖြစ်ပါသည်။ အထူးသဖြင့် စပါးစိုက်ပျိုးနည်း စနစ်များတွင် အကွက်မညီညာ၊ အရွယ်အစားမမှန်သော မြေကွက်များတွင် မြေကွက်များ၏ မြင့်ရာမှ နှိမ့်ရာသို့ ဖေါက်ချ၍ အကွက်လိုက်သွင်း နေသော နည်းစနစ် ဟောင်းဖြစ်ပါသည်၊ တစ်နည်းအားဖြင့် ‘ကွက်ဆင့်သောက်ရေသွင်းနည်းစနစ် ဟူ၍လည်း ခေါ်ဆိုကြပါသည်။ ဤနည်းတွင် ရေကို ရေမြောင်း (Field Channel) မှ စိုက်ခင်းထဲသို့ လွှတ်ပေးပြီး ရေစီး ကြောင်းကို အထူးထိန်းချုပ်ခြင်း မရှိဘဲ သဘာဝမြေမျက်နှာပြင် အနေ အထား (Slope) နှင့် ဆွဲငင်အား (Gravity) အတိုင်းလွတ်လပ်စွာ ပျံ့နှံ့စီးဆင်းစေပါသည်။
ဤနည်းကို အများအားဖြင့် စပါးခင်းများ၊ သဘာဝမြက်ခင်းများ (Natural Pastures)၊ စားကျက်မြေများ (Grazing Lands)၊ မြက်စိုက်ခင်းများ (Meadows)၊ သစ်တော စိုက်ခင်း များ၊ သစ်သီးဥယျာဉ်အချို့၊ ပုံသဏ္ဍာန်မမှန်သော စိုက်ခင်းများ၊ မြေညှိရန် ကုန်ကျစရိတ် များသော ဒေသများ၊ ရေအလုံအလောက် ရရှိနိုင်သော ဒေသများတွင် အသုံးပြုကြသည်။ သို့သော် အတန်းလိုက်စိုက်ပျိုးသော သီးနှံများ (Row Crops) အတွက် မသင့်တော်ပါ။
ဤနည်း၏ အားသာချက်များ (Advantages)
-
ကုန်ကျစရိတ်နည်းသည် - မြေပြင်ပြင်ဆင်မှု အလွန်နည်းသည်။ ဘောင်၊ မြောင်း၊ ချိုင့် (Borders၊ Furrows၊ Basins) များ တည်ဆောက်ရန် မလိုအပ်သဖြင့် စတင်ရင်းနှီးမြှုပ်နှံမှု နည်းပါးသည်။
-
လုပ်ဆောင်ရလွယ်ကူသည် - နည်းပညာအထူး မလိုအပ်ပါ။ ရေကို လွှတ်ပေးရုံဖြင့် ရေသွင်းနိုင်သည်။
-
ပုံသဏ္ဍာန်မမှန်သော စိုက်ခင်းများအတွက် သင့်တော်သည် - အရွယ်အစားနှင့် ပုံသဏ္ဍာန် မညီသော စိုက်ခင်းများတွင် အသုံးပြုနိုင်သည်။ တောင်စောင်းနှင့် မညီညာသော မြေများတွင်လည်း အသုံးပြုနိုင်သည်။
-
စတင်ရင်းနှီးမြှုပ်နှံမှုနည်းသည် - မြေညှိစက်များ မလိုအပ်ပါ။ ရေထိန်းချုပ်ရေး အဆောက်အဦများ မလိုအပ်ပါ။
-
မြက်ခင်းနှင့် စားကျက်မြေများအတွက် သင့်တော်သည် - မြက်များအတွက် ရေဖြန့်ဝေမှု အလွန်တိကျရန် မလိုအပ်သဖြင့် သင့်တော်သည်။
-
လုပ်သားလိုအပ်ချက်နည်းသည် - စိုက်ခင်းကို ပြင်ဆင်ရန် လုပ်သားနည်းနည်းသာ လိုအပ်သည်။
ဤစနစ်၏ အားနည်းချက်များ (Disadvantages)
-
ရေသုံးစွဲထိရောက်မှု အလွန်နည်းသည် - စိုက်ခင်းထဲသို့ ပေးသွင်းသော ရေအားလုံးကို သီးနှံက မသုံးနိုင်ပါ။ ပုံမှန်အကျိုးရှိမှု ၃၀-၅၀-ရာခိုင်နှုန်း ၉Application Efficiency = 30–50%) ခန့်သာ ရှိသည်။ ကျန်သောရေများသည် - မြေအောက်သို့ အလွန်အကျွံ စိမ့်ဝင်ခြင်း (Deep Percolation)၊ ရေစီးထွက်ခြင်း (Runoff)၊ အငွေ့ပျံခြင်း (Evaporation)တို့ကြောင့် ဆုံးရှုံးသွားသည်။
-
ရေဖြန့်ဝေမှု မညီမျှခြင်း - မြေမြင့်နေရာများတွင် ရေမလုံလောက်ဖြစ်နိုင်သည်။ မြေနိမ့် နေရာများတွင် ရေအလွန်များပြီး ရေဝပ်နိုင်သည်။ ထို့ကြောင့် သီးနှံကြီးထွားမှု မညီမျှ နိုင်ပါ။
-
ရေဝပ်ခြင်း (Waterlogging) - ရေများစွာ စုဝေးနေသော နေရာများတွင် မြေဆီလွှာ အတွင်း လေဝင်လေထွက် မကောင်းခြင်း၊ အမြစ်များ ပုပ်နိုင်ခြင်း၊ သီးနှံကြီးထွားမှု နဲပါး ကျဆင်းခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
-
မြေဆီလွှာ တိုက်စားခြင်း (Soil Erosion) - အထူးသဖြင့် တောင်စောင်းဒေသများတွင် အပေါ်ယံမြေဆီလွှာများ ပျက်စီးခြင်း၊ မြောင်းများ ဖြစ်ပေါ်လာခြင်း၊ မြေဆီဩဇာဓာတ်များ နဲပါး၊ ကျဆင်းခြင်း တို့ ဖြစ်နိုင်သည်။
-
အာဟာရဓာတ်များ ဆုံးရှုံးနိုင်ခြင်း - ရေစီးဆင်းမှုကြောင့် နိုက်ထရိုဂျင် (Nitrogen)၊ ပိုတက်စီယမ် (Potassium)၊ ဆာလ်ဖာ (Sulfur) ကဲ့သို့သော အာဟာရဓာတ်များ ဆုံးရှုံးနိုင်ပြီး ဓာတ်မြေဩဇာ အသုံးချထိရောက်မှုကို လျော့နည်းစေသည်။
-
ပေါင်းပင်များ ပိုမိုပေါက်ရောက်နိုင်ခြင်း - ရေစိုသောအခြေအနေကြောင့် ပေါင်းပင်များ ပိုမိုကြီးထွားနိုင်သည်။
-
တန်ဖိုးမြင့်သီးနှံများအတွက် မသင့်တော်ခြင်း - အောက်ပါသီးနှံများသည် ရေဖြန့်ဝေမှု ညီမျှရန် လိုအပ်သောကြောင့် ဤစနစ်က မသင့်တော်ပါ။ ပြောင်းဖူး (Maize)၊ ဝါဂွမ်း (Cotton)၊ ဟင်းသီးဟင်းရွက်များ၊ ပဲမျိုးစုံ၊ ကြံ၊ ဂျုံ စသည်တို့ဖြစ်ပါသည်။
-
ရေဆုံးရှုံးမှုများခြင်း - ရေထိန်းချုပ်မှု မရှိသောကြောင့် ရေအမြောက်အများ ဆုံးရှုံးရပြီး ရေအရင်းအမြစ်များကို အကျိုးရှိစွာ မအသုံးချနိုင်ပါ။

ပုံ - ၂ ရေလွှတ်ချခြင်းပုံ
အလွတ်ရေသွင်းခြင်း/ရေလွှတ်ချခြင်း (Wild Flooding) ဟု ခေါ်ရခြင်းအကြောင်းမှာ Wild ဟူသော စကားလုံးသည် ထိန်းချုပ် မှုမရှိသော သဘောကို ရည်ညွှန်းပါသည်။ ရေသည် ဘောင် (Borders)၊ ရေမြောင်း (Furrows) သို့မဟုတ် ဇလုံပုံစံ (Basins) များဖြင့် လမ်း ကြောင်း သတ်မှတ် ထားခြင်း မရှိဘဲ မြေမျက်နှာပြင်၏ သဘာဝအနေအထားအတိုင်း လွတ်လပ်စွာ စီးဆင်းသွား သောကြောင့် Wild Flooding ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။
(၁-ခ) ရေလွှမ်းရေသွင်းနည်း (Flood Irrigation)
စိုက်ခင်းတစ်ခုလုံးကို ရေဖြင့် လွှမ်းစေသောနည်းဖြစ်သည်။
သင့်တော်သောသီးနှံများ - စပါး၊ မြက်ခင်း စသည်တို့ဖြစ်သည်၊

ပုံ - ၃ စပါးခင်းရေလွမ်းရေသွင်းခြင်း
(၁-ဂ) ဇလုံပုံစံအကွက်လိုက်/ရေဝပ်ကန်စနစ်ရေသွင်းနည်း (Basin Irrigation)
အပင်ကြီး အောက်ခြေရှိမြေကွက်များကို ကန်သင်းဖြင့် ပတ်ပြီး ရေဖြည့်သွင်းသည့်နည်း ဖြစ်ပါသည်။ Basin Irrigation System (ရေဝပ်ကန်စနစ်) သည် ရိုးရှင်း၍ ကုန်ကျစရိတ် သက်သာပြီး ထိရောက်သော မြေမျက်နှာပြင် ရေသွင်းနည်း တစ်ခုဖြစ်သည်။ အထူးသဖြင့် စပါးစိုက် ပျိုးရေး၊ သစ်သီးခြံများနှင့် ရွှံ့မြေ (Clay Soil) များတွင် အလွန်သင့်တော်ပါ သည်။ ၎င်း စနစ်သည် ရေဖြန့်ဝေမှု ညီညာခြင်း၊ ရေဆုံးရှုံးမှုနှင့် မြေတိုက်စားမှု လျော့နည်း ခြင်း၊ စွမ်း အင်အသုံးပြုမှု နည်းခြင်း စသည့် အားသာချက်များ ရှိသော်လည်း မြေညှိခြင်း တိကျရန် လိုအပ်ခြင်း၊ ရေဝပ်ခြင်းနှင့် ဆားဓာတ် စုပုံခြင်း အန္တရာယ်များ ရှိနိုင်ခြင်း စသည့် အားနည်း ချက်များလည်း ရှိပါသည်။ ထို့ကြောင့် မြေအမျိုးအစား၊ သီးနှံအမျိုးအစား၊ ရေ အရင်းအမြစ် နှင့် ရေဆင်းစနစ်တို့ကို သေချာစွာ ထည့်သွင်းစဉ်းစား၍ ဒီဇိုင်းရေးဆွဲခြင်း နှင့်စီမံခန့်ခွဲခြင်း များ ပြုလုပ်ပါက Basin Irrigation System သည် ရေသုံးစွဲမှုထိရောက် ပြီး ရေရှည်တည် တံ့သော စိုက်ပျိုးရေးအတွက် အလွန်အသုံးဝင်သော ရေသွင်းနည်းတစ်ခု ဖြစ်ပါသည်။
ဤစနစ်၏ အားသာချက်များ (Advantages)
၁-ဂ-၁။ ရေသုံးစွဲမှု ထိရောက်မှု မြင့်မားသည် (High Irrigation Efficiency)
ရေသည် Basin အတွင်းတွင် ထိန်းထားနိုင်သောကြောင့် ရေစီးထွက်ဆုံးရှုံးမှု (Runoff Loss) နည်းသည်။ ရေသည် သီးနှံအမြစ်ဇုန်အထိ ကောင်းမွန်စွာ စိမ့်ဝင်နိုင်သည်။
၁-ဂ-၂။ ဒီဇိုင်းနှင့် လုပ်ဆောင်မှု လွယ်ကူသည် (Simple Design and Operation)
တည်ဆောက်ပုံ ရိုးရှင်းသည်။ တောင်သူများအတွက် ဆောက်လုပ်ခြင်းနှင့် စီမံခန့်ခွဲခြင်း လွယ်ကူသည်။ ခေတ်မီစက်ကိရိယာများ မလိုအပ်ပါ။
၁-ဂ-၃။ ရေဖြန့်ဝေမှု ညီညာသည် (Uniform Water Distribution)
မြေပြင်ကို ညီညာစွာ ပြုပြင်ထားလျှင် Basin အတွင်း ရေပြန့်နှံ့မှု ညီမျှသည်။ မြေဆီလွှာ အစိုဓာတ်ကို ညီညာစွာ ရရှိစေပါသည်။
၁-ဂ-၄။ မြေစေးမြေ (Clay Soil) များအတွက် သင့်တော်သည်
မြေစေး (Clay) နှင့် မြေစေးဆန်နှုန်းမြေ (Clay Loam) များတွင် ရေစိမ့်ဝင်နှုန်းနှေးသဖြင့် ရေဝပ်ထားနိုင်ပြီး အမြစ်ဇုန်အထိ ရေစိမ့်ဝင်မှု ကောင်းမွန်သည်။
၁-ဂ-၅။ စပါးစိုက်ပျိုးရေးအတွက် အလွန်သင့်တော်သည်
စပါးအတွက် လိုအပ်သော ရေဝပ်အခြေအနေကို ထိန်းသိမ်းနိုင်သည်။ ပေါင်းပင်များကို လျော့နည်းစေသည်။ အမြစ်ပတ်ဝန်းကျင် အပူချိန် အပြောင်းအလဲကို လျှော့ချပေးသည်။
၁-ဂ-၆။ သစ်သီးပင်များအတွက် သင့်တော်သည်
အပင်တစ်ပင်ချင်းစီအတွက် ဇလုံပုံစံ (Basin) သီးခြားပြုလုပ်နိုင်သည်။ ရေကို အမြစ်ဇုန်အတွင်းသာ အသုံးချနိုင်ပြီး ရေအလေအလွင့် လျော့နည်းစေသည်။
၁-ဂ-၇။ စွမ်းအင်သုံးစွဲမှု နည်းသည် (Low Energy Requirement)
အများအားဖြင့် မြေဆွဲအား (Gravity) ဖြင့် ရေသွင်းနိုင်သည်။ ရေစုတ်ပန့် (Pump) အသုံးပြုမှု နည်းသဖြင့် လောင်စာနှင့် လျှပ်စစ်ကုန်ကျစရိတ် သက်သာသည်။
၁-ဂ-၈။ မြေဆီလွှာ တိုက်စားမှု နည်းသည် (Reduced Soil Erosion)
ရေစီးအား မပြင်းသဖြင့် မြေတိုက်စားမှု အလွန်နည်းသည်။
၁-ဂ-၉။ ဓာတ်မြေဩဇာ အသုံးချမှု ပိုမိုကောင်းမွန်သည်
ရေတွင်ပျော်ဝင်သော ဓာတ်မြေဩဇာများသည် Basin အတွင်းတွင် ရှိနေသဖြင့် အမြစ်ဇုန်အထိ စိမ့်ဝင်နိုင်သည်။ အာဟာရဆုံးရှုံးမှု လျော့နည်းစေသည်။
၁-ဂ-၁၀။ ရေစီးနှုန်းနည်းသော အခြေအနေတွင်လည်း အသုံးပြုနိုင်သည်
ရေအနည်းငယ်ဖြင့်လည်း Basin တစ်ခုချင်းစီကို အဆင့်လိုက် ရေသွင်းနိုင်သည်။ ရေအရင်းအမြစ် နည်းပါးသော ဒေသများတွင်လည်း အသုံးဝင်သည်။
(ဆက်ပါဦးမည်)
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
Elbana, Maha (2017) Irrigation Management. Maha, India. 231p.
Majumdar, Dilip Kumar (2016) Irrigation Water Management: Principles and Practice. 2nd Ed. Prentice Hall, India. 557p.
Michael, A. M. (2007) Irrigation: Theory and Practice. 2nd Ed. Noida India. 762p.
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။