ပတ်ဝန်းကျင်သိပ္ပံပညာ

13/02/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (62) Environmental Science 

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၆၂) ပတ်ဝန်းကျင်သိပ္ပံပညာ   

ကျွန်တော်တို့၏ မူရင်းရည်ရွယ်ချက်ဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာများကို စုစည်း အကောင်အထည်ဖော်ကြည့်ရာတွင် ပတ်ဝန်းကျင်သိပ္ပံပညာ ဆိုသည်မှာ ‘လူသားနှင့်ပတ်ဝန်းကျင် အပြန်အလှန်အကျိုးပြုမှုကို လေ့လာသော' သိပ္ပံပညာဖြစ်သည် (The Study of How Human interact with Environment)။

သဘာဝ (သို့မဟုတ်) လူသားကလုပ်ဆောင်ထားသည့် အရာဝတ္တုများ ကျွန်တော်တို့၏ ပတ်ဝန်းကျင်တွင် ဝိုင်းဝိုင်းလည်နေပါသည်။  လူသားနှင့်

  • (က) သက်ရှိများ (Living Things) ဥပမာ - တိရစ္ဆာန်၊ အပင်၊ သစ်တော၊ အဏုဇီဝ၊ မှို အစရှိသည်..
  • (ခ) သက်မဲ့များ (Non-Living Things) ဥပမာ - မြေကြီး၊ ကျောက်ဆောင်များ၊ တိမ်၊ ပင်လယ်၊ သမုဒ္ဒရာစသည်..
  • (ဂ) လူလုပ်ပတ်ဝန်းကျင်များ (Our Built Environment) ဥပမာ - အဆောက်အဦများ၊ တံတား၊ ကား ရထားလမ်းများစသည်..
  • (ဃ) လူမှုဆက်ဆံရေးနှင့်အဖွဲ့အစည်းများ (Social Relationships and Institutions) စသည်တို့ဖြစ်ပါသည်။

သဘာဝအရင်းအမြစ်များ (Natural Resources ) သည် လူသားတို့ အသက်ရှင်ရပ်တည်မှုအတွက် အဓိကကျသောအရာများ ဖြစ်ပါသည်။ နှစ်မျိုးခွဲခြားနိုင်ပါသည်။

(၁) ပြန်လည်အားဖြည့်နိုင်သော ပြည့်ဖြိုးစွမ်းအင်နှင့် အရင်းအမြစ်များ(Renewable Energy and Natural Resources) ဥပမာ - နေရောင်ခြည် (Solar Energy)၊ လေစွမ်းအင် (Wind Energy)၊ ပင်လယ်ဒီရေ (Wave Energy)၊ ဘူမိအပူစွမ်းအင် (Geothermal Energy)၊ စိုက်ပျိုးသီးနှံများ (Agricultural Crops)၊  သစ်တောထွက်ပစ္စည်းများ (Forest Products)၊ လတ်ဆတ်သော ရေ/ရေချို (Fresh Water)

(၂) ပြန်လည်အားမဖြည့်နိုင်သော  အရင်းအမြစ်များ(Non-Renewable Energy and Natural Resources) ဥပမာ - ရေနံ (Crude Oil)၊ သဘာဝဓာတ်ငွေ့ (Natural gas)၊ ကျောက်မီးသွေး (Coal)၊ ကော့ပါး၊ အလူမီနီယမ်နှင့် အခြားဓာတ်ပစ္စည်းများ (Copper, Aluminum and other Metals)

 ၁၉၉၆-ခုနှစ်တွင် လောင်းနှင့်ဖောက်စ် က ‘ကမ္ဘာမြေကြီးပေါ်တွင် ကျွန်တော်တို့ အသက်ရှင်နေထိုင်ရေးအတွက် ပတ်ဝန်းကျင်အရေးကို လေးစားလိုက်နာရပါမည်။ ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းရပါမည်။ ကမ္ဘာကြီးကျန်းမာနေမှ ကျွန်တော်တို့အားလုံး ကျန်းမာနေပါမည်’ စသည်ဖြင့် အဆိုပြုခဲ့ပါသည်(The earth enables our people to survive, the environment must be respected and maintained. As long as the earth remains healthy, the people remain healthy by Long and Fox, 1996)။

နေ့စဉ်မွေးဖွားတိုးတက်လာသော လူဦးရေကြောင့် ပတ်ဝန်းကျင်ပြဿနာကို (Environmental Problems)  ပိုမိုဆိုးဝါးစေပါသည်။ ခန့်မှန်းတွက်ချက်မှုအရ ကမ္ဘာကြီးတွင်တစ်နေ့လျှင် လူဦးရေ နှစ်သိန်း (၂၀၀၀၀၀) နေ့စဉ်မွေးဖွားနေပါသည်။ လူနေမှုဘဝ (Lifestyle) က ခေတ်မီနည်းပညာများကြောင့် ပိုမိုချမ်းသာလာခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုကောင်းလာခြင်း၊ အပန်းဖြေလာနိုင်ခြင်းများ ဖြစ်နိုင်ပေမဲ့ သဘာဝပတ်ဝန်းကျင်ကတော့ တိုးတက်လာသည့်လူဦးရေနှင့်အတူ အရည်အသွေးနိမ့်ကျ (Degraded) လာပါသည်။ 

ပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံပညာသည် ဘာသာရပ်ပေါင်းစုံစုစည်းထားသော ဘာသာရပ် (Interdisciplinary Subject/Field) ဖြစ်ပါသည်။ သက်ဆိုင်ရာ ဘာသာရပ်များမှာ ဓာတုဗေဒ (Chemistry)၊ ဇီဝဗေဒ (Biology)၊ ကမ္ဘာ့လေထုဆိုင်ရာသိပ္ပံ (Atmosphere Science)၊ အဏ္ဏဝါဗေဒ (Oceanography)၊ ဘူမိဗေဒ (Geology)၊ ပထဝီ  (Geography)၊ ရှေးဟောင်းသုတေသနပညာ (Archeology)၊ မနုဿဗေဒ (Anthropology)၊ လူမှုရေးပညာ (Sociology)၊ သမိုင်း (History)၊ နိုင်ငံရေးသိပ္ပံ (Political Science)၊ စီးပွားရေးပညာ (Economics)၊ အင်ဂျင်နီယာနှင့်နည်းပညာ (Engineering and Technology)၊ ဂေဟဗေဒ (Ecology)၊ စိုက်ပျိုးမွေးမြူရေး (Agriculture)၊ သစ်တောပညာ  (Forestry)၊ ကိုယ်ကျင့်တရား (Ethics) စသည်တို့ပါဝင်ပါသည်။ 

ယနေ့ ပတ်ဝန်းကျင်ဆိုင်ရာကိစ္စများ (Environmental Issues)၏ စိန်ခေါ်မှုများ (Challenges)

(က) စိုက်ပျိုးမွေးမြူရေးဆိုင်ရာစိန်ခေါ်မှု (Agricultural Challenges)

လူဦးရေနှင့် စားသုံးမှုများပြားလာမှုကြောင့် စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုထုတ်လုပ်လာရကာ ဓာတ်မြေဩဇာများ (Chemical Fertilizers)၊ ဓာတုပိုးသတ်ဆေးများ (Pesticides) ပိုမိုသုံးစွဲလာရပြီး မြေဆီလွှာတိုက်စားမှု (Erosion)၊ သဘာဝဝန်းကျင်ပျက်သုဉ်းမှု (Changed Natural Systems) စသည်တို့ရှိပါသည်။

(ခ) ပတ်ဝန်းကျင် ညစ်ညမ်းစေခြင်းစိန်ခေါ်မှု (Challenges in Pollution) 

စွန့်ပစ်ပစ္စည်း (Waste products) များကြောင့် လေထု (Air Pollution)၊ ရေထု (Water Pollution)၊ မြေထု (Soil/Land Pollution) ညစ်ညမ်းစေမှုများ ဖြစ်စေပါသည်။ သဘာဝကြောင့်မဟုတ်သော ဓာတုပစ္စည်းများ (Artificial Chemicals) ကို စိုက်ကွင်းများ၊ စက်ရုံများ၊ နေအိမ်များတွင် အသုံးပြုမှုကြောင့် စွန်ပစ်ပစ္စည်းများ ဖြစ်စေပါသည်။

(ဂ) ရာသီဥတုဖောက်ပြန်ခြင်း စိန်ခေါ်မှု (Challenges in Climate Change/Disaster) လူသားများလုပ်ဆောင်မှုကြောင့် ကမ္ဘာ့လေထုအတွင်း ဓာတ်ငွေ့များပြောင်းလဲလာကာ ရေခဲမြစ်များအရည်ပျော်လာခြင်း (Melting Glaciers)၊ ပင်လယ်ရေပြင် မြင့်တက်လာခြင်း (Rising Sea Levels) နှင့် ရာသီဥတုပြောင်းလဲသွားကာ မိုးကြီးခြင်း၊ မိုးခေါင်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ဆူနာမီများဖြစ်ပေါ်လာကာ ပိုမိုဆိုးဝါးစေပါတော့သည်။  

သို့ဖြစ်ပါ၍ ရွှေရောင်လွင်ပြင်အဖွဲ့မှသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေးသင်တန်း (The Environmental Conservation online Certificate Course) ကို အောက်ပါ ရည်ရွယ်ချက်များဖြင့်ဖွင့်လှစ်မည်ဖြစ်ပါသည်။ 

  • (က) မိမိတို့နေထိုင်ရာ သဘာဝပတ်ဝန်းကျင်၏ အရည်အသွေးများ တဖြည်းဖြည်း ကျဆင်းလာနေမှုနှင့်ပတ်သက်၍ လူသားတိုင်းတွင် တာဝန်ရှိနေကြောင်း အသိအမြင်ရှိလာကြစေရန်။
  • (ခ)  မိမိတို့၏ နေ့စဉ်ဘဝနေထိုင်မှုတွင် မိမိတို့နှင့်ဆက်နွှယ်နေသည့်သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရမည့်အသိတရားများ သိရှိနေထိုင်သွားနိုင်ကြစေရန်။
  • (ဂ) မိမိတို့နေထိုင်ကြရာကမ္ဘာကြီးအား အစဉ်ရှင်သန်စိမ်းလန်းစေရေးအတွက် ဆောင်ရွက်ကြရမည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အခြေခံနည်းစနစ်များအား သိရှိဆောင်ရွက်နိုင်ကြစေရန်။

သင်တန်းတက်ရောက်သင့်သူများ

“သဘာဝပတ်ဝန်းကျင်အကြောင်းကောင်းစွာနားလည်သဘောပေါက်မှသာ ချစ်ခင်မြတ်နိုးတတ်လာပါမည်၊ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးမှသာ ထိန်းသိမ်းစောင့်ရှောက်တတ်လာပါမည်” 

သဘာဝပတ်ဝန်းကျင်အကြောင်း လေ့လာသိရှိနားလည်လိုသူ မည်သူမဆို  ဤသင်တန်းကိုတက်ရောက်နိုင်ပါသည်။

တက်ရောက်လာသူတိုင်း ကောင်းစွာနားလည်သဘောပေါက်နိုင်ရန် သင်ခန်းစာများကို မြန်မာဘာသာဖြင့် ပြင်ဆင်ပို့ချပေးသွားမည် ဖြစ်ပါသည်။

  သင်တန်းစတင်မည့်ရက် -  ၃.၃.၂၀၂၃

  သင်တန်းပြီးဆုံးမည့်ရက် - ၂၈.၄.၂၀၂၃

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသင်တန်း ပို့ချမည့်ဆရာ/ဆရာမ များနှင့် ဧည့်ပါမောက္ခများ

(၁) ဒေါက်တာမျိုးကြွယ် (စိုက်ပျိုးရေးပညာ)

(၂) ဒေါက်တာတင်ငွေ (မွေးမြူရေးပညာ)

(၃) ဒေါက်တာမင်းသန်းညွန့် (ကျန်းမာရေးပညာ)

(၄) ဒေါက်တာထက်ကြူ (စိုက်ပျိုးရေးပညာ)

(၅) ဒေါက်တာသိန်းအောင် (ဇီဝမျိုးစုံမျိုးကွဲပညာ)

(၆) ဒေါက်တာစုစုဝင်း (မြေဆီလွှာပညာ)

(၇) ဒေါ်ညိုညိုအောင် (ပတ်ဝန်းကျင်ပညာ)

(၈) ဦးစည်သူလွင် (ပတ်ဝန်းကျင်ပညာ)

(၉) ဦးရဲခေါင် (သစ်တောပညာ)

(၁၀) ဒေါ်အေးအေးငြိမ်း (စိုက်ပျိုးရေးပညာ)

(၁၁) ဒေါ်ခင်သိန်းထွေး (စိုက်ပျိုးရေးပညာ)

(၁၂) ဒေါက်တာမေဦးခိုင် (စိုက်ပျိုးရေးပညာ) 

 ဧည့်ပါမောက္ခများဖြစ်ကြသည့် ဆရာကြီးဦးသိန်းဆုနှင့် ပါမောက္ခဆရာကြီး ဒေါက်တာစန်းဝင်းတို့က 

  1. သဘာဝ သယံဇာတ အရင်းအမြစ်များ
  2. သဘာဝဘေးအန္တရာယ်များနှင့် မှန်ကန်သောစီမံခန့်ခွဲမှုများ
  3. သစ်တောပြုန်းတီးမှု/သစ်တောအဆင့်အတန်းကျဆင်းခြင်းနှင့် သစ်တောစီမံမှု
  4. ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်း
  5. လေထုသန့်စင်ရေး အားလုံးပါဝင်ဆောင်ရွက်စို့ 
  6. မြေ၊ ရေသန့်ရှင်းမှုအစဉ်သတိပြု 
  7. စိုက်ပျိုးရေးလုပ်ငန်းများ၏ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများနှင့် ဆိုးကျိုးများလျော့နည်းစေရန် စီမံခန့်ခွဲမှုများ
  8. သဘာဝမပျက်စိုက်ပျိုးရေး
  9. အပြည်ပြည်ဆိုင်ရာပတ်ဝန်းကျင်သဘောတူညီမှုများ
  10. မွေးမြူရေးလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု
  11. ရာသီဥတုပြောင်းလဲခြင်းနှင့် စိုက်ပျိုးရေးအမြင်
  12. အမှိုက်/စွန့်ပစ်ပစ္စည်းများပြသနာကိုဖြေရှင်းနိုင်ဖို့အဖြေရှာကြစို့
  13. ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက် (EIA)
  14. ပတ်ဝန်းကျင်ဆိုင်ရာကျန်းမာရေးရှုဒေါင့်မှ ဆန်းစစ်မှု (EHRA) စသည့်ခေါင်းစဉ်များ သင်ကြားဆွေးနွေးပါမည်။

တက်ရောက်ဆွေးနွေးလိုပါက ရွှေရောင်လွင်ပြင်အဖွဲ့ (Golden Plain Livelihood Development Services Co-op Ltd. ) မှ ဒေါက်တာမေဦးခိုင် (ဖုန်း - ၀၉-၇၈၅၁၁၇၁၂၆) ကို ဆက်သွယ်နိုင်ပါသည်။ 

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် စုပေါင်းစွမ်းအားဖြင့် ဆောင်ရွက်ကြရအောင်ပါ။

(ဒေါက်တာမျိုးကြွယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်