Basic Agricultural Science – (75)
The 100 Years of Agricultural Education in Myanmar (22 December 2024) အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၇၅)
ဒီတစ်ပတ်မှာတော့ ကျွန်တော်၏ အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ ဆောင်းပါး (၇၅) ခု မြောက်နှင့် စိုက်တက္ကသိုလ် နှစ် ၁၀၀-ပြည့် အကြိုဆွေးနွေးပွဲအကြောင်း တိုက်ဆိုင်နေသည့်အတွက် ဆွေးနွေးကြရအောင်ပါ။
၂၀၂၃ ခုနှစ် မေလ ၂၇ ရက်နေ့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် စိန်ရတုဓမ္မာရုံတွင် ကျင်းပခဲ့သော ရာပြည့်အကြို အာစရိယပူဇော်ပွဲအပြီး ကန်တော့ခံဆရာကြီးများနှင့် စိုက်တက္ကသိုလ် ပါချုပ်၊ ဒုချုပ်များ၊ ဆရာဆရာမများ၊ စိုက်တက္ကသိုလ် ဘွဲ့ရဌာနဆိုင်ရာ အကြီးအကဲများ ရာပြည့်အခမ်းအနားကျင်းပရေး အကြိုဆွေးနွေးပွဲလေးပြုလုပ်ပါသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးပညာသင်ကြားမှုသည် ၁၉၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်၌ မန္တလေးမြို့တွင် စိုက်ပျိုးရေးကောလိပ်နှင့် သုတေသနဌာန (Agricultural College and Research Institute) အနေနှင့် စတင်ခဲ့ပါသည်။ နောက်နှစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် နှစ် ၁၀၀ ပြည့်ပါပြီ။
ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာကျော်သန်းလက်ထက် ၁၉၉၉ ခုနှစ်တွင် ကျင်းပခဲ့သော စိုက်ပျိုးရေးတက္ကသိုလ် ၇၅ နှစ် အထိမ်းအမှတ် စိန်ရတုဓမ္မာရုံကြီး ဆောက်လုပ်ပြီးစီးခဲ့ခြင်းက အထင်ကရအမှတ်အသားတစ်ခုပဲဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဗိုလ်ချုပ်မြင့်အောင် လက်ထက်မှာပါ။ စိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့ရများအသင်း (Agricultural University Alumni Association - AUAA) သည်လည်း စိန်ရတုနှင့် အတူတူပေါက်ပွားလာပြီး အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ အာစရိယပူဇော်ပွဲကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ၂၄ ကြိမ်တိုင်ခဲ့ပြီဖြစ်သည်။
ပုံ ၁ - စိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့ရများအသင်း (AUAA)
စိန်ရတုအချိန်တုန်းက စိန်ရတုအထိမ်းအမှတ်စာစောင်၊ စိန်ရတုအထိမ်းအမှတ်မဂ္ဂဇင်း၊ စိန်ရတုအထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲမှသည် သုတေသနစာတမ်းပေါင်းချုပ် ထုတ်ဝေခြင်း၊ စိန်ရတုအထိမ်းအမှတ် အမှတ်တရပစ္စည်းများ ဥပမာ - ပြက္ခဒိန်၊ စာရေးစက္ကူ၊ ဖန်ခွက်၊ မတ်ခွက်၊ အိပ် စသည်တို့ဖြင့် စုံလင်လှပါသည်။
စိုက်ပျိုးရေးတက္ကသိုလ်၏ သန္ဓေတည်ရာသည် မန္တလေးမြို့မှစတင်ခဲ့သဖြင့် ရှေ့မီနောက်မီ ဆရာကြီး၊ ဆရာမကြီးများ၏ တက္ကသိုလ်အကြောင်းပြန်ပြောင်း၊ အောင်းမေ့စရာ ပြောကြားခဲ့သည်များကို မှတ်တမ်းတင်ထားသင့်ပါသည်။
ကျွန်တော်နှင့် ကျွန်တော်တို့နှစ်က သူငယ်ချင်းများ (၁၉၇၉ ကျောင်းဆင်း)သည်ပင် မန္တလေးစိုက်ပျိုးရေးတက္ကသိုလ်ကို မတက်ဖူးခဲ့ပါ။ မန္တလေးမှသည် ပျဉ်းမနားရေဆင်းသို့ ၁၉၇၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ပြောင်းရွှေ့ခဲ့သဖြင့် ကျွန်တော်တို့သည် ရေဆင်းတွင် ပထမနှစ်မှ နောက်ဆုံးနှစ်အထိတက်ခဲ့ရသော ဒုတိယအသုတ်ဖြစ်ပါသည်။ ယခင်က မြန်မာနိုင်ငံရှိတက္ကသိုလ် ၂ ကျောင်း (ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်) တို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်စနစ် (Autonomous University System) နှင့် မဟာဌာနများ (Faculty) ပါဝင်သောဘာသာစုံသင်ကြားပေးသည့် တက္ကသိုလ်များ (Comprehensive Universities) ဖြစ်ကြပါသည်။
ကျွန်တော်တို့ မိတ်ဆွေအာဆီယံနိုင်ငံများထဲက ထိုင်းနိုင်ငံ ကဆက်ဆပ် စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်သည် ၁၉၄၃ ခုနှစ် (မြန်မာနိုင်ငံထက် ၁၉ နှစ်နောက်ကျပြီးမှ) စိုက်ပျိုးရေးကောလိပ် (Kaset သည်ထိုင်းလို စိုက်ပျိုးရေးပါ) အဖြစ် စတင်ပေါက်ဖွားလာခဲ့သည် ကောလိပ်ကလေးသည် ယခုတော့ ထိုင်းနိုင်ငံမှာ၊ အာစီယံနိုင်ငံများကြားမှာ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ အကောင်းဆုံးတက္ကသိုလ် တွေထဲမှာပါဝင်နေပါပြီ။
၂၀၂၂ ခုနှစ်မှာ စုစုပေါင်းကျောင်းသား (၇၀၀၀၀) ကျော်နှင့် ဝန်ထမ်းဦးရေ (၃၅၀၀) ကျော်က နယ်မြေ (Campus) ပေါင်း ၅ ခု မှာ စိုက်ပျိုး၊ မွေးမြူရေး၊ သစ်တော၊ ပတ်ဝန်း ကျင်နှင့် ငါး၊ ပုစွန်လုပ်ငန်းကို အဓိကထားသင်ကြားနေပါသည်။
ကျွန်တော်တို့ တက္ကသိုလ် နှစ် ၁၀၀ ပြည့်နှင့်အတူ အာစီယံနိုင်ငံများနှင့် ကမ္ဘာအထိ အမီလိုက်ရပါမည်။
နှစ် ၁၀၀ ပြည့် အမှတ်တရ အဆောက်အအုံလည်း လိုအပ်သလို ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ဘာသာရပ်အသစ်များ၊ ဌာနအသစ်များ၊ သင်ရိုးညွန်းတန်းများဆင့်ကဲ ပြောင်းလည်းလာမှုကို မှတ်တမ်းတင်ထားရပါမည်။ ဆရာကြီး ဦးစံသိန်း ဆွေးနွေးခဲ့သလို စိုက်ပျိုးရေးပညာရပ်ဆိုင်ရာ တိုးတက်မှုစာတမ်းများ၊ ပြောင်းလဲလာသော ဘာသာရပ်များ၊ သင်ရိုးညွန်းတန်းများ၊ ဘာသာရပ်အလိုက် ပြုပြင်သင်ကြားခဲ့မှု များသည် သမိုင်းမှတ်တန်းတင်ရမည့် အချက်အလက်များ ဖြစ်ပါသည်။ ဂျပန်နိုင်ငံမှ အကူအညီ ပေးအပ်သော ဂျိုက်ကာ (JICA) စီမံကိန်းနှင့် အိန္ဒိယနိုင်ငံမှ အကူအညီပေးအပ်သော အေကဲ(ACARE Projects) စီမံကိန်းများတို့ကြောင့် ခေတ်မီအဆောက်အဦးကြီးများ၊ ဓာတ်ခွဲခန်းနှင့် ဓာတ်ခွဲခန်းပစ္စည်းများ တိုးတက်ရရှိလာမှု၊ ၂၀၁၃-၁၄ ခုနှစ် ပါမောက္ခချုပ် ဒေါက်တာတင်ထွဋ် လက်ထက်နိုင်ငံတကာအဆင့်မီ ဘွဲ့နှင်းသဘင်ခန်းမကြီး ပေါ်ထွက်လာခဲ့မှုတို့သည် ချန်လှပ်၍ မရတော့သော အမှတ်တရများစွာဖြစ်ပါသည်။ ကျွန်တော်တစ်ဦးတည်း၏ စိတ်ကူးကတော့ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်လျှက်ရှိသော၊ လိုအပ်မည်ဖြစ်သောခေတ်၊ စနစ်နှင့် လိုက်လျောညီထွေဖြစ်စေသော တက္ကသိုလ်များ၏ဖွဲ့စည်းပုံ ပြောင်းလဲ၊ ပြင်ဆင်၊ မွန်းမံမှု၊ အကျိုးရှိနိုင်သော ဘာသာရပ်အသစ်များ တိုးချဲ့၊ တီထွင်၊ ဖန်တီးမှုများကို ပညာရှင်ပေါင်းစုံ၊ ဆရာကြီး၊ ဆရာမ ကြီးများ၊ ပြင်ပပုဂ္ဂိုလ်များ၊ ဘွဲ့ရကျောင်းသား ဟောင်းများ၊ လူငယ်များ၊ မူဝါဒချမှတ်မည့် အကြီးအကဲများအားလုံး (All Stakeholders) ပါဝင်သော ရာပြည့်အထိမ်းအမှတ် ဆွေးနွေးပွဲမှသည် တိကျပြတ်သားသော စနစ်တစ်ခုပြောင်းလဲနိုင်အောင် အခြေချပေးခဲ့ခြင်းဖြင့် နောင်လာနောက်သား၊ အနာဂတ် စိုက်ပျိုးရေးကဏ္ဍကို ခေါင်းဆောင်မည့်လူငယ်များ (Future Leaders in Agriculture) အတွက် ရှေ့ဆက်ဆောင်ရွက်ရန် (Ways Forward) အမှတ်တစ်ရ သမိုင်းမှတ်တမ်းတစ်ခုအနေဖြင့် ကျန်ရှိသွားနိုင်သည်ဟု ထင်မြင်မိပါသည်။
ကျွန်တော့်ဆရာ၊ ဆရာကြီးများ ပြောခဲ့မှုအရ စိုက်ပျိုးရေးပညာသည် ABC ကစခဲ့ပါသည်။ A – Agronomy လယ်ယာသီးနှံ၊ B – Botany (Agricultural Botany) စိုက်ပျိုးရေး ရုက္ခဗေဒ၊ C – Chemistry (Agricultural Chemistry) စိုက်ပျိုးရေး ဓာတုဗေဒမှသည် ABCDE - ၂ ဘာသာထပ်တိုး (D – Disease; Plant Pathology) အပင်ရောဂါဗေဒ နှင့် (E – Entomology) ကိမိလဗေဒဘာသာတို့ဖြစ်ပါသည်။ ကျွန်တော်တို့ ကျောင်းသားဘဝအထိ ဤဌာနကြီး ၅ ခုပဲ ပါမောက္ခနေရာရှိပါသည်။ နောက်မှ စိုက်ပျိုး စီးပွားရေးပညာဘာသာ (Agricultural Economics) နှင့် ဥယျာဉ်ခြံသီးနှံပညာဘာသာ (Horticulture) တို့ဌာနကြီးဖြစ်ကာ ပါမောက္ခရာထူးအထိရှိသွားပါသည်။ ဆရာကြီး ဒေါက်တာ စိုင်းမြင့်လွင်နှင့် ဒေါက်တာစိန်လှဗိုလ်တို့ ကထိကရာထူးအထိ အမြင့်ဆုံးရခဲ့ပါသည်။ ဌာနများ၊ ဘာသာရပ်များ ပြောင်းလဲလာပုံ အဆင့်ဆင့်ကို သုတေသနပြု မှတ်တမ်းတင်ထားမှ ရပါတော့မည်။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာမြင့်သောင်းလက်ထက် ၂၀၀၇-ခုနှစ် မြန်မာနိုင်ငံနေရာအနှံ့နယ်မြေ ၇ ခု (လှည်းကူး၊ မှော်ဘီ၊ မော်လမြိုင် (ဖားအောက်)၊ ဖြူး (ညောင်ပင်သာ)၊ မကွေး၊ အောင်ပန်း၊ ကျောက်ဆည် (လွန်ကျော်) နယ်မြေများ (Campuses) စတင် ပေါက်ဖွားလာခဲ့သည်ကလည်း ချန်လှပ်၍မရနိုင်ပါ။
ဤဘာသာရပ်အစုအဖွဲ့ကို ကြည့်ရှုလျှင်ပင် အရှေ့တောင်အာရှစိုက်ပျိုးရေး နာမည်ကြီး တက္ကသိုလ်များဖြစ်သည့် ဖိလစ်ပိုင်တက္ကသိုလ်၊ လော့ဘားညို့ (UPLB – The University of Philippines, Los Banos) ရှိ သီးနှံသိပ္ပံအုပ်စု (Crop Science Cluster)၊ ထိုင်းနိုင်ငံ ကဆက်ဆတ်တက္ကသိုလ် (Kasetsart University) စိုက်ပျိုးရေးမဟာဌာန (Faculty of Agriculture) လောက်ပဲရှိပါသည်။ ခေတ်နဲ့အညီပြောင်းလဲလာသော စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်များ (Agricultural Universities) မှာ ဘာသာရပ်အစုံ မဟာဌာန ကြီးများဖွဲ့စည်းပြီး ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား နှစ်သောင်းမှ ငါးသောင်းခန့်အထိ သင်ကြားသုတေသန ပြုပေးလျက်ရှိနေပါသည်။
နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များအနေနှင့် အောက်ဖော်ပြပါ မဟာဌာနများ (Faculties) သို့မဟုတ် ကောလိပ်များ (Colleges) သို့မဟုတ် အုပ်စုကြီးများ (Clusters) စုပေါင်းဖွင့်လှစ်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဘာသာရပ်ပေါင်းစုံ၊ ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းတို့အထဲမှ ကျွန်တော်တို့မြန်မာနိုင်ငံ ရေမြေရာသီဥတုနှင့်ကိုက်ညီသော ဘာသာရပ်များ၊ ပညာရပ်များကို တိုးချဲ့ဖွင့်လှစ်နိုင်ပါသည်။ ဥပမာ -
(၁) သီးနှံသိပ္ပံများမဟာဌာန (Faculty of Crop Sciences) ဤမဟာဌာနအောက်တွင် လယ်ယာသီးနှံ (Agronomy; Field Crops)၊ ဥယျာဉ်ခြံသီးနှံ (Horticulture) ၎င်းအောက်မှပင် ဟင်းသီးဟင်းရွက်သိပ္ပံ (Olericulture; Vegetable Science)၊ သစ်သီးဝလံသိပ္ပံ (Pomology; Fruit Science)၊ ပန်းမန်သိပ္ပံ (Floriculture; Flower Science) စသည်ဖြင့်လည်းကောင်း (အိန္ဒိယနိုင်ငံ IARI, New Delhi တွင်တွေ့ရှိခဲ့ရပါသည်)၊ အပင်မျိုးမွေးမြူရေးနှင့်ဇီဝဗေဒ (Plant Breeding and Genetics)၊ မြေဆီလွှာနှင့်ရေသိပ္ပံများ (Soil and Water Sciences)၊ စိုက်ပျိုးရေးဆိုင်ရာကိမိလဗေဒ (Agricultural Entomology)၊ အပင်ရောဂါဗေဒ (Plant Pathology)၊ ဩဂဲနစ်စိုက်ပျိုးရေး (Organic Agriculture)၊ မျိုးစေ့သိပ္ပံ (Seed Science)၊ စားကျက်သိပ္ပံ (Pasture Science)၊ ပေါင်းသိပ္ပံ (Weed Science)၊ ဝိုင်ထုတ်လုပ်ခြင်းသိပ္ပံ (Wine Science)၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း (Agroforestry) စသည်ဖြင့် ပညာရပ်များစွာ၊ ဌာနများစွာ တိုးချဲ့ဖွင့်လှစ်နိုင်ပါသည်၊
(၂) မွေးမြူရေးဆိုင်ရာသိပ္ပံမဟာဌာန (Faculty of Animal Science) ဤမဟာဌာနအောက်တွင် ဥပမာ - ကျွဲ၊ နွားမွေးမြူခြင်း (Cattle production or Husbandry)၊ ဝက်မွေးမြူထုတ်လုပ်ခြင်း (Pig Production)၊ ကြက်၊ ဘဲမွေးမြူထုတ်လုပ်ခြင်း (Poultry Production)၊ မွေးမြူရေးဆိုင်ရာ အစာအဟာရများထုတ်လုပ်ခြင်းနှင့် စီမံခန့်ခွဲခြင်း (Animal Feeds Production and Management)၊ နွားနို့သိပ္ပံနှင့်နည်းပညာ (Dairy Science and Technology)၊ မြင်းမွေးမြူရေးဆိုင်ရာသိပ္ပံပညာ (Equine Science)၊ တောရိုင်းတိရစ္ဆာန်နှင့် အပင်များဆိုင်ရာသိပ္ပံပညာ (Wildlife Science) စသည် ဘာသာရပ်အသစ်၊ ဌာနအသစ်များစွာ တိုးချဲ့ ဖွင့်လှစ်နိုင်ပါသည်။
(နယ်သာလန်နိုင်ငံ ဗာဂန်နိဂန်တက္ကသိုလ်နှင့် သုတေသနဌာန (WUR) နှင့် ဩစတေလျနိုင်ငံ ကွင်းစလန်တက္ကသိုလ် (UQ) တို့ရှိအုပ်စုများ (Chairs/Clusters) နှင့် မဟာဌာနများ (Faculties) ကို မှီငြမ်းပါသည်။)
(၃) အစားအစာသိပ္ပံနှင့်နည်းပညာမဟာဌာန (Faculty of Food Science and Technology) ဤမဟာဌာနအောက်တွင် အစားအစာသိပ္ပံ (Food Science) အစားအစာဆိုင်ရာအင်ဂျင်နီယာ (Food Engineering)၊ အစားအစာများ ပြုပြင် ထုတ်လုပ်ခြင်း (Food Processing and Production)၊ အစားအစာများထုတ်ပိုးခြင်း (Food Packaging)၊ အစားအစာဆိုင်ရာအဏုဇီဝဗေဒ (Food Microbiology)၊ အသား ဆိုင်ရာသိပ္ပံ (Meat Science) စသည် ဌာနအသစ်များစွာ တိုးချဲ့ဖွင့်လှစ်နိုင်ပါသည်၊
(၄) စိုက်ပျိုးရေးအင်ဂျင်နီယာမဟာဌာန (Faculty of Agricultural Engineering) ဤမဟာဌာနအောက်တွင် စက်မှုလယ်ယာ၊ လယ်ယာလုပ်ငန်းခွင် စက်ကိရိယာများနှင့် စွမ်းအင်ဆိုင်ရာအင်ဂျင်နီယာ (Farm Mechanization; Farm Machinery and Power Engineering)၊ ရေပေးဝေမှုဆိုင်ရာအင်ဂျင်နီယာပညာ (Water and Irrigation Engineering)၊ ကြိတ်ခွဲခြင်းဆိုင်ရာအင်ဂျင်နီယာပညာ (Milling Engineering)၊ မြေယာအလှဆင်ခြင်း ဗိသုကာပညာ (Landscape Architecture)၊ ပြန်လည်ပြည့်ဖြိုးနိုင်သောစွမ်းအင်ဆိုင်ရာ အင်ဂျင်နီယာပညာ (Renewable Energy Engineering)၊ စိုက်ပျိုးမွေးမြူရေးအတွက် လျှပ်စစ်နှင့်အင်ဂျင်နီယာပညာ (Electrical Engineering and Information Technology for Agriculture)၊ ကျေးလက်ဒေသများ အတွက် နေရောင်ခြည်စွမ်းအင်သုံး အင်ဂျင်နီယာပညာ (Solar Energy Engineering for Rural Areas)၊ စိုက်ပျိုး၊ မွေးမြူရေးတွင် ပထဝီအချက်အလက်ဖြင့်လေ့လာခြင်းပညာ (GIS in Agriculture)၊ ပတ်ဝန်းကျင်နှင့် သဘာဝအရင်းအမြစ်များဆိုင်ရာ အင်ဂျင်နီယာပညာ (Environmental and natural Resources Engineering) စသည် ဘာသာရပ်အသစ်၊ ဌာနအသစ်များစွာ တိုးချဲ့ဖွင့်လှစ်နိုင်ပါသည်။
(အိန္ဒိယနိုင်ငံ ပန်ဂျပ်စိုက်ပျိုးရေးတက္ကသိုလ် (Punjab Agricultural University, India) နှင့် အမေရိကန်နိုင်ငံ ပါဒူးတက္ကသိုလ် (Purdue University, US) တို့ရှိ ကောလိပ်များ (Colleges) ကို မှီငြမ်းပါသည်။)
(၅) လူမှုရေးသိပ္ပံမဟာဌာန (Faculty of Social Science) (သို့) စိုက်ပျိုးစီပွားရေးနှင့်စီမံခန့်ခွဲရေးမဟာဌာန (Faculty of Agricultural Economics and Management) (သို့) စိုက်ပျိုးရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသဆက်သွယ်ရေးဆိုင်ရာ မဟာဌာန (Faculty of Agricultural Development and Rural Communication) ဤမဟာဌာနများအောက်တွင် စိုက်ပျိုးစီးပွားရေးပညာ (Agricultural Economics)၊ စိုက်ပျိုးရေးဆိုင်ရာရောင်းဝယ်ဖောက်ကားခြင်း (Agri-Business)၊ တောင်သူအသိပညာပေးခြင်း (Agricultural Extension)၊ ကျေးလက်ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့် ကျေးလက်လူမှုရေးပညာ (Rural Development and Rural Sociology)၊ ပတ်ဝန်းကျင်ဆိုင်ရာစီးပွားရေးပညာ (Environmental Economics)၊ စိုက်ပျိုးရေး (သို့) သဘာဝအခြေပြု ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း (Agro-tourism, Eco-tourism)၊ ကျေးလက်ဒေသလူကြီးများသင်ယူမှုဆိုင်ရာပညာရေး (Rural Adult Education)၊ တောင်သူဦးကြီးများအတွက် တစ်သက်တာ လေ့လာသင်ယူရေး (Lifelong Learning for Farmers)၊ တောင်သူအစုအဖွဲ့လိုက်ဖွံ့ဖြိုးတိုးတက်ရေး (Farmers and Rural Community Development)၊ ကျေးလက်စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ (Rural Public Affairs) စသည့် ဘာသာရပ်အသစ်၊ ဌာနအသစ်များစွာ တိုးချဲ့ ဖွင့်လှစ်နိုင်ပါသည်။
(၆) အသုံးချသိပ္ပံနှင့် အသုံးချဝိဇ္ဇာပညာမဟာဌာန (Faculty of Applied Science and Applied Arts) ဤမဟာဌာနအောက်တွင် အသုံးချဓာတုဗေဒ (Applied Chemistry) ဥပမာ - စိုက်ပျိုးရေးဆိုင်ရာဇီဝတုဗေဒ (Agricultural Biochemistry) ဓာတုဆေး ဓာတုဗေဒ (Pesticide Chemistry)၊ အစားအသောက်ဆိုင်ရာဓာတုဗေဒ (Food Chemistry)၊ ဆေးဝါးဗေဒ (Pharmacology)၊ အသုံးချသင်္ချာ (Applied Mathematics) ဥပမာ - စာရင်းအင်းပညာ (Statistics)၊ ဇီဝဆိုင်ရာစာရင်းအင်းပညာ (Biometrics/ Biomathematics)၊ လူမှုရေးဆိုင်ရာစာရင်းပညာ (Econometrics)၊ ကွန်ပျူတာ သိပ္ပံနှင့်အချက်အလက်ဆိုင်ရာနည်းပညာ (Computer Science; Information and Communication Technology - ICT)၊ အသုံးချရူပဗေဒ (Applied Physics) ဥပမာ - မြေဆီလွှာရူပဗေဒ (Soil Physics)၊ မိုးလေဝသပညာ (Meteorology)၊ ရာသီဥတုပညာ (Climatology) အသုံးချဇီဝဗေဒ (Applied Biology) ဥပမာ - ဇီဝဗေဒ (Biology)၊ မော်လီကျူးဆိုင်ရာဇီဝဗေဒ (Molecular Biology)၊ စိုက်ပျိုးရေးဆိုင်ရာအဏုဇီဝပညာ (Agricultural Microbiology)၊ သီးနှံဇီဝကမ္မဗေဒ (Crop Physiology)၊ ဗီဇဆိုင်ရာအင်ဂျင်နီယာပညာ (Genetic Engineering)၊ ဇီဝမျိုးကွဲဆိုင်ရာ လေ့လာရေး ပညာ (Biodiversity)၊ အထွေထွေကိမိလဗေဒ (General Entomology) ၊ ပျားမွေးမြူရေး နှင့် ပျားရည်ထုတ်လုပ်ခြင်း (Apiculture, Bee Keeping and Honey Production) အဆိပ်အတောက်လေ့လာမှုပညာ (Toxicology) စသည်နှင့် ဝိဇ္ဇာနှင့် လူမှုဗေဒတို့၌ ပညာရပ်ဆိုင်ရာအင်္ဂလိပ်စာပညာ (English for Academic Purposes)၊ လယ်ယာသုံး မြန်မာစာ (Myanmarsar for Agriculture)၊ စိုက်ပျိုးရေးဆိုင်ရာပထဝီ (Agricultural Geography)၊ စာကြည့်တိုက်သိပ္ပံပညာ (Library Science) စသည် ဘာသာရပ်အသစ်၊ ဌာနအသစ်များစွာ တိုးချဲ့ဖွင့်လှစ်နိုင်ပါသည်။
(ဖိလစ်ပိုင်န်ုင်ငံ ဖိလစ်ပိုင်တက္ကသိုလ်၊ လော့ဘားနှို့စ် (UPLB) နှင့် အိန္ဒိယနိုင်ငံ အိန္ဒိယသုတေသနတက္ကသိုလ် (IARI) တို့ရှိ ကောလိပ် (College)၊ မဟာဌာန (Faculty) များကို မှီငြမ်းပါသည်။)
(စိုက်တက္ကသိုလ်ရှိ လက်ရှိဝိဇ္ဇာ၊ သိပ္ပံဌာနကလေးများက အထောက်အကူပြုဌာန အငယ်ကလေးများဖြစ်ပြီး အသုံးချဘာသာရပ် (Applied Subjects) အနေဖြင့် ပုံစံပြောင်း သင်ကြား၊ လေ့လာ၊ သုတေသနပြုပေးခြင်းအားဖြင့် စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်း များတွင် အကျိုးရှိသွားနိုင်ပါသည်။ (စိုက်တက္ကသိုလ်တွင် ၂၀၁၆-၁၇ ခုနှစ်များကတည်းက တစ်ချို့ဘာသာရပ်များမှာ ဌာနအသစ်သို့ ပြောင်းလဲဖွဲ့စည်းပြီးဖြစ်ပါသည်။)
(၇) စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုနည်းပညာမဟာဌာန (Faculty of Agro-Industry) ဤမဟာဌာနအောက်တွင် စိုက်ပျိုးစက်မှုနည်းပညာဌာန (Department of Agro-Industrial Technology)၊ ဇီဝနည်းပညာ (Biotechnology)၊ ထုတ်ကုန်နှင့် ပစ္စည်းများ ဌာန (Packaging and material Technology)၊ စိုက်ပျိုး၊ မွေးမြူထုတ်ကုန်များဖွံ့ ဖြိုးတိုးတက်ရေး (Product Development)၊ အထည်ချုပ်လုပ်ငန်းဆိုင်ရာ သိပ္ပံပညာ (Textile Science)၊ စိုက်ပျိုးစက်မှုနည်းပညာ တီထွင်ထုတ်လုပ်ရေးဌာန (Agro-Industrial Innovation and Technology) စသည်တို့ဖြစ်ပါသည်။
(၈) စိုက်ပျိုး၊ မွေေးမြူရေးပညာသင်ကြားရေး မဟာဌာန (Faculty of Agricultural Education) ဤမဟာဌာနအောက်တွင် ပညာရေးစိတ်ပညာဌာန (Department of Educational Psychology)၊ သင်ကြားနည်းပညာဌာန (Educational methodology)၊ အားကစားနှင့်လက်တွေ့ပညာရေးဌာန (Sport and Physical Education)၊ အသက်မွေးဝမ်းကြောင်းပညာဌာန (Vocational Education) စသည်တို့ဖြစ်ပါသည်။
(၉) ငါး၊ ပုဇွန် မွေးမြူရေးပညာမဟာဌာန (Faculty of Fisheries) ဤမဟာဌာန အောက်တွင် ငါး၊ ပုဇွန် စီမံခန့်ခွဲခြင်းဌာန (Department of Fishery Management)၊ ငါးပုဇွန်ဇီဝဗေဒ (Fishery Biology)၊ ငါးပုဇွန်ထုတ်ကုန်များ (Fishery Products)၊ ရေနေအပင်၊ သတ္တဝါများပညာ (Aquaculture)၊ အဏ္ဏဝါသိပ္ပံ (Marine Science)၊ ငါးပုဇွန်နှင့် အပင်ရောနှောမွေးမြူထုတ်လုပ်ခြင်း (Aquaponics) စသည်တို့ဖြစ်ပါသည်။ (ထိုင်းနိုင်ငံ ကဆက်စိုက်ပျိုးရေးတက္ကသိုလ် ငါးပုဇွန်မဟာဌာနကို မှီငြမ်းပါသည်။)
(၁၀) ပတ်ဝန်းကျင်ပညာမဟာဌာန (Faculty of Environment) ဤမဟာဌာနအောက်တွင် ပတ်ဝန်းကျင်သိပ္ပံပညာ မဟာဌာန (Department of Environmental Science)၊ ပတ်ဝန်းကျင်နည်းပညာနှင့်စီမံခန့်ခွဲမှုဌာန (Department of Environmental Technology and Management) စသည်တို့ဖြစ်ပါသည်။
(ထိုင်းနိုင်ငံ ကဆက်စိုက်ပျိုးရေးတက္ကသိုလ် ပတ်ဝန်းကျင်မဟာဌာနကို မှီငြမ်းပါသည်)
(၁၁) လူမှုရေးရာပတ်ဝန်းကျင်ပညာ (ဂေဟဗေဒ) မဟာဌာန (Faculty of Human Ecology) ဤမဟာဌာနအောက်တွင် လူသားများအတွက်အာဟာရဓာတ်သိပ္ပံပညာ (Human Nutrition)၊ အိမ်တွင်းမှုစီးပွားရေးပညာ (Home Economics)၊ ဖက်ရှင်ဒီဇိုင်းနှင့် အလှပြင်ပစ္စည်းဆိုင်ရာပညာ (Fashion Designs and Cosmetics)၊ အဝတ်အထည် လုပ်ငန်းနှင့် အဝတ်အထည်သိပ္ပံပညာ (Garment and Fiber Science) စသည်တို့ဖြစ် ပါသည်၊
(အမေရိကန်နိုင်ငံ ကော်နယ်တက္ကသိုလ် ကောလိပ်များရှိ ဘာသာရပ်များကို မှီငြမ်းပါသည်။)
အမှတ်စဉ် (၂၊ ၉၊ ၁၀) တို့မှာ ရေဆင်းအိမ်နီးချင်းတက္ကသိုလ်များရှိ ဘာသာရပ်များနှင့် ပူးတွဲ (Affiliation of Similar Subjects) ပြုလုပ်၍လည်းကောင်း၊ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်အသီးသီးတွင် ပူးတွဲမှတ်ပုံတင်ခြင်း (Cross Enrollment or Credit-Transfer) အားဖြင့်လည်းကောင်း ပြုလုပ်နိုင်ပါသည်။ တိုင်းရင်းသားညီအကို မောင်နှမများရှိရာ ပြည်နယ်များရှိ လက်ရှိတက္ကသိုလ်များတွင်လည်း စိုက်ပျိုး၊ မွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင် မဟာဌာနများ တစ်နေရာတည်း စုပေါင်းဖွင့်လှစ်၍ တစ်နှစ်လျှင်ဘွဲ့ရ ၅၀ ဦးစီ မွေးထုတ် ပေးနိုင်ပါသည်။ ထိုအခါ မိမိ ပြည်နယ်၊ တိုင်း ဒေသများရှိ မြေ၊ ရေ၊ ပတ်ဝန်းကျင်တို့နှင့် ကိုက်ညီသော သီးနှံများ၊ ပညာရပ်များ ကို နီးနီးနားနား လေ့လာနိုင်ပါသည်။
ဥပမာ - ကော်ဖီ - ပြင်ဦးလွင်၊ နောင်ချိုအနီး၊ သံတောင်
ရာဘာ၊ ဆီအုန်း - မွန်ပြည်နယ်၊ တနင်္သာရီတိုင်း
တောင်ယာစပါး၊ ပန်းသီး၊ လိမ္မော်သီး၊ ထောပတ်သီး - ချင်းပြည်နယ်၊ ရှမ်းပြည်နယ်
ဂျုံ - စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်
ပင်လယ်ငါး၊ ပုဇွန် - ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်
(စာကြွင်း - အစိမ်းရောင်လမ်းရှိ ကျွန်တော့ဆောင်းပါးများကို ပုံမှန်ဖတ်ရှုအားပေးလျက်ရှိသော တောင်သူဦးကြီးများနှင့်မိတ်ဆွေများခင်ဗျာ ယခုဆောင်းပါးသည် တောင်သူကြီး တို့ စိုက်ခင်းများ၊ စိုက်ပျိုးရေးဆိုင်ရာပြဿနာများအတွက် တိုက်ရိုက်အထောက်အကူမပြုပါ။ သို့သော်လည်း မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးပညာ သင်ကြားပေးခဲ့မှုနှစ် ၁၀၀-ပြည့် အမှတ်တရအနေနှင့် မိမိတို့၏ သား၊ သမီး၊ ဆွေမျိုး အပေါင်းအသင်းများ နောင်တစ်ချိန် စိုက်ပျိုးမွေးမြူရေးနှင့် ဆက်စပ်သောပညာများ သင်ကြား၊ သင်ယူရာ၌ ဗဟုသုတရရှိစေရန် ရည်ရွယ်ပါသည်။ ကျွန်တော်တစ်ဦးတည်း၏ စိတ်ကူးပုံဖော်မှု သက်သက်ပဲဖြစ်ပါသည်။ ဖတ်ရှု၊ အကြံဉာဏ်ပေးမှုများ၊ ထပ်မံဖြည့်စွက်မှုများကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလျက်ပါ)
(ဒေါက်တာမျိုးကြွယ်)
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။