ပဲမျိုးစုံအမြစ်ကြီးထွားမှုနှင့် နိုဂျူးဖြစ်ပေါ်မှု

04/09/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (88)  Food Legumes Part - 2

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၈၈) ပဲမျိုးစုံ (အပိုင်း-၂)

ပဲမျိုးစုံသီးနှံအတွက် ကောင်းမွန်သော အမြစ်ဖွံ့ဖြိုးမှု (Good Root System) ရရှိရေးသည် အလွန်အရေးကြီးပါသည်။ အမြစ်ကြီးထွားမှုသည် မြေကြီးကို ကုတ်တွယ်မှု (Enchorage)၊ ရေနှင့် အာဟာရဓာတ် (Water and Mineral Nutrients) စုပ်ယူပို့ဆောင် (Absorption and Translocation) ပေးနိုင်ရုံသည်။ အခြားအပင်များနှင့် မတူညီသည်မှာ အမြစ်တွင် နိုက်ထရိုဂျင်ဖမ်းယူပေးနိုင်မှု (Nitrogen Fixation by Nodule) သည် ပဲပင်အမြစ်များအတွက် အလွန်အသုံးတည့်ပါသည်။   

ပဲမျိုးစုံ၏အမြစ်စနစ်သည် ရေသောက်မြစ် (Primary Taproot System) အခြေခံသော စနစ်ဖြစ်ပြီး စပါးအပါအဝင် မြက်မျိုးရင်းဝင် (Family - Gramineae) များသည် မြစ်ဖွာစနစ် (Fibrous Adventitious Root System) ဖြစ်ပါသည်။ ပဲစင်းငုံ (Pigeonpea)၊ ပဲပုပ် (Soybean) နှင့် ထောပတ်ပဲ (Lima bean) များသည် အမြစ်အနက် ၅ ပေ နီးပါးအထိ နက်နက်ထိုးဆင်းနိုင်ပါသည်။

ပဲပင်အမြစ်များ၏ ကြီးထွားသန်စွမ်းမှုပုံစံ (The pattern of Root Growth) သည်လည်း အောက်ဖော်ပြပါအချက်များအပေါ် မှီခိုနေပါသည်။

(က) အစိုဓာတ်ရရှိမှု (Moisture) 

မြေဆီလွာအတွင်း အစိုဓာတ်ရရှိမှုအပေါ်မူတည်ပြီး အမြစ်ကြီးထွားမှုပုံစံ လားရာလမ်းကြောင်း (Direction) သည် ပြောင်းလဲသွားနိုင်ပါသည်။ မြေကြီး အစိုဓာတ်များပြီး ရေထုတ်ရန် (Drainage) အခက်အခဲရှိပြန်လျှင်လည်း အမြစ်များပုပ်ကာ ပဲခင်းတွင်း အကွက်ပြောက်များသွားနိုင်သည်ကိုလည်း သတိပြုရပါမည်။

ပုံ - ၁ ပဲပင်အမြစ်ကြီးထွားမှုဇုံ

(ခ) လေဝင်လေထွက် (Aeration) 

မြေဆီလွှာအတွင်း လေဝင်လေထွက်ကောင်းမွန်မှု အထူးသဖြင့် အောက်ဆီဂျင် (Oxygen) ရရှိမှုသည် အရေးကြီးပါသည်။ လေဝင်လေထွက်ကောင်းပါက များပြားလှသော မြစ်မွေး(Abundant root hairs) ကလေးများကိုတွေ့ရသည်။ မြေကြပ်တည်းနေပါက အပင်မှာ မသေသော်လည်း အမြစ်မွေးများထွက်မှု နည်းပါးပါသည်။ မြေအတွင်း အောက်ဆီဂျင်နည်းပါးသည်နှင့်အမျှ မြေကြီးရှိ ပိုတက်ဆီယမ် (Potassium)၊ ဖော့စဖောရပ် (Phosphorus)၊ ကယ်လဆီယမ် (Calcium) များကို အမြစ်များက စုပ်ယူနိုင်မှု နည်းပါးသွားပါသည်။ 

(ဂ) အပူချိန် (Temperature) 

အပူချိန် ၁၂-ဒီဂရီနှင့် ၃၇-ဒီဂရီ စင်တီဂရိတ် (ယခု ဆဲလ်စီးရပ်) ကြားတွင် ပဲမျိုးအမြစ်များ ဖြစ်ထွန်းနိုင်ပြီး ပဲပုပ်သီးနှံကို သုတေသနပြုခဲ့ရာ ၂၇ ဒီဂရီ နှင့် ၃၂ ဒီဂရီအကြား အမြစ်ထွက်မှု အများဆုံး ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ 

နိုဂျူးဖြစ်ပေါ်မှု (Nodulation)

နိုဂျူး၏ အရွယ်အစား၊ ပုံသဏ္ဌာန်အမျိုးမျိုး (The Size, Shape and general form of Root Nodules) မှာ ပဲမျိုးသီးနှံအလိုက် မတူကွဲပြားမှု ရှိနေပါသည်။

ပုံ - ၂ ပဲမျိုးစုံ အမျိုးမျိုး နှင့် နိုဂျူးပုံစံ အမျိုးမျိုး  (စားတော်ပဲ၊ တောင်ကြီးပဲ၊ ပဲတီစိမ်း၊ ပဲပုပ်၊ ကုလားပဲ၊ မြေပဲ)

ပုံ - ၃ ပဲမျိုးစုံအမျိုးမျိုး နှင့် နိုဂျူးပုံစံ အမျိုးမျိုး  (ပဲချဉ်ပေါင် ၊ ပဲစင်းငုံ၊ ဘိုစားပဲ/မြေထောက်ပဲ၊ ပဲကြီး၊ ပဲလွန်း၊ ပဲနီကလေး/ပဲရာဇာ)

ပုံ - ၃ ပဲမျိုးစုံ နိုဂျူးဖြစ်ပေါ်စေသော ရိုက်ဇိုဘီယမ်ဘက်တီရီးယားများက လေထဲမှ နိုက်ထရိုဂျင် ဖမ်းယူပေးပုံ

ရိုက်ဇိုဘီယမ် ဘက်တီးရီးယား (Rhizobium bacteria) သည် ပဲပင်အမျိုးအစားပေါ်မှာ မူတည်၍ ပုံစံအမျိုးမျိုး၊ မျိုးစိတ်အမျိုးမျိုး (Species) ကွဲပြားပါသည်။

ဇယား - ၁ ရိုက်ဇိုဘီယမ် ဘက်တီးရီးယား အမျိုးမျိုး

ပဲမျိုးများသည် နိုဂျူးမှနိုက်ထရိုဂျင်ဖမ်းယူရာတွင် စားသုံးသည့်ပဲမျိုး (Food Legumes) များ သာမကဘဲ စားမြုံ့ပြန်တိရစ္ဆာန်များ (Ruminant Animals) ကိုပါ ကျွေးမွေးသည့် စားကျက်ပဲမျိုးများ (Pasture/Forage Legumes) ၏ နိုက်ထရိုဂျင်ဖမ်းယူပေးသည့် ရိုက်ဇိုဘီယမ်ဘက်တီးရီးယားများ အကြောင်းကိုပါ လေ့လာသင်ယူဖို့ လိုပါမည်။

မြေဧရိယာအလိုက် တစ်နှစ်နိုက်ထရိုဂျင်ဖမ်းပေးနိုင်မှုမှာ စားကျက်ပဲမျိုးများသည် တစ်ချို့ စားသုံးသည့် ပဲမျိုးများထက်သာလွန်သည်ကို အောက်ပါဇယားတွင် တွေ့ရှိရပါသည်။ 

ဇယား - ၂ ပဲမျိုးနွယ်ဝင်များမှ တစ်နှစ်လျှင် တစ်ဟက်တာ (၂.၅ ဧကခန့်) နိုက်ထရိုဂျင်ဖမ်းယူပေးနိုင်မှု

ပဲပင်များမှ နိုက်ထရိုဂျင်ဖမ်းယူပေးမှုသည် ပန်းပွင့်ချိန် (Flowering) မှ အတောင့်တွင်း အစေ့ဖြည့်သွင်းချိန် (Pod filling) တွင် အများဆုံးဖြစ်ပါသည်။

မြန်မာနိုင်ငံအတွက် ပဲမျိုးစုံသီးနှံသည် နိုင်ငံသူ/ နိုင်ငံသားများ၏ ပရိုတင်းအာဟာရဓာတ် ရရှိနိုင်သော အရင်းအမြစ် (Source of protein nutrition) တစ်ခုဖြစ်သလို တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေရှာပေးနေသော (Source of Foreign Exchange - FE)၊ နောင်လည်းရှာဖွေပေးနေဦးမည်ဖြစ်သော သီးနှံအုပ်စုတစ်ခုဖြစ်ပါသည်၊ 

မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာမှာ စိုက်ပျိုးထုတ်လုပ်နေကြသော စားသုံးသီးနှံ ပဲမျိုးစုံ (Food legumes)၊ နွားစားပဲ/စားကျက်ပဲ (Forage Legumes) များအကြောင်း စာရင်းပြုစုပါမည်။ ပြီးမှ သီးနှံတစ်မျိုးခြင်းအလိုက် စိုက်ပျိုးပြုစုနည်းအကြောင်း ရေးသားဆွေးနွေးပါမည်။

မြန်မာနိုင်ငံတွင် စိုက်ဧရိယာ အနည်းအများအလိုက် ပဲမျိုးစုံအကြောင်း စာရင်းပြုစုရလျှင် 

(၁) ပဲတီစိမ်း/ပဲနောက် (Mung Bean/Green Gram - Vigna radiata (L.) Wilczek) 

မြန်မာနိုင်ငံ ရှေးပဝေသဏီကတည်းက စိုက်ပျိုးလာသော အစေ့သေး၊ အစိမ်းရောင်ဖျော့၊ ပဲနောက်မှသည် ယခုနိုင်ငံခြားမှသွင်းပြီး ရေဆင်းစိုက်ပျိုးရေးသုတေသနဌာန (Department of Agricultural Research - DAR) တွင် သုတေသနပြုထုတ်လုပ်နေသော ရေဆင်း-၁၁၊ ၁၄၊ ၁၅၊ ၁၆ ရှိမျိုးတို့သည် ပဲတီစိမ်းဖြစ်ပါသည်။ အိန္ဒိယ၊ တရုတ်နိုင်ငံ၊ ဥရောပနိုင်ငံများနှင့် အခြားအာရှနိုင်ငံများအထိ တင်ပို့နေရသော မိုး၊ ဆောင်း၊ နွေ ရာသီမရွေး စိုက်ပျိုးနေရသည့် အလားအလာအရှိဆုံး ပဲမျိုးသည် ကျွန်တော်တို့နိုင်ငံတွင် ၂၀၂၂-၂၃ ခုနှစ် စိုက်ဧကပေါင်း ၂၉,၆၅,၀၀၀ (သုံးသန်းနီးပါး) ဖြင့် အများဆုံး စိုက်ပျိုးနေပါသည်။ 

ပုံ - ၁ ပဲတီစိမ်းအစေ့

 

ပုံ - ၂  မြန်မာနိုင်ငံတွင်ပဲတီစိမ်းဆွတ်နေပုံ

(၂) မတ်ပဲ (Black Gram -  Vigna mungo (L.) Wilczek) 

 ဤပဲအရောင်မှာ မဲပြီး ပဲတီစိမ်းနှင့် မျိုးစု (Genus Vigna) တူနေ၍ စိုက်ပျိုးပုံ၊ ထိန်းသိမ်းစောင့်ရှောက်ပုံတို့မှာ သိပ်မကွာပါ။ ပဲတီစိမ်းမှာ ရာသီမရွေးစိုက်ကျပြီး မတ်ပဲမှာ စပါးစိုက်ပြီး သီးထပ်ဆောင်းတွင်းမှာ စိုက်လေ့ရှိပါသည်။ ရိတ်သိမ်းချိန်တွင် ပဲတီစိမ်းမှာ ၂-၃ ကြိမ်ကောက် ဆွတ်ခူးလေ့ရှိပြီး မတ်ပဲမှာ တစ်ကြိမ်တည်းရိတ်သိမ်းလေ့ ရှိပါသည်။ ကျွန်တော်တို့နိုင်ငံတွင် ၂၀၂၂-၂၃ ခုနှစ် စိုက်ဧကပေါင်း ၂၃,၃၈,၀၀၀ (နှစ်သန်းကျော်) ဖြင့် ဒုတိယအများဆုံး စိုက်ပျိုးနေပါသည်။ စာရင်းဇယားများကို အကြံပေးအရာရှိ ဦးစိုးဝင်းမောင်( ပဲမျိုးစုံ၊ ပြောင်းဖူး၊ နှမ်းသီးနှံအသင်း၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ထံမှ ရရှိပါသည်။) 

ပုံ - ၃ မတ်ပဲစေ့ (အနက်ရောင်)

ပုံ - ၄ အိန္ဒိယနိုင်ငံတွင် မတ်ပဲစက်နှင့် ရိတ်ခြွေနေခြင်း

(ဆက်ပါဦးမည်) 

(မှီငြမ်းစာအုပ်များ) References

Biddle, A.J. (2017) Peas and Beans. CABI. 179p.

Smartt, J. (1976) Tropical Pulses. Longman. 348p. 

Summerfield, R.J. and Roberts, E.H. (1985) Grain Legume Crops. Collins. 859p.

ကျော်စွာဝင်း, ဦး (၂၀၁၅) ပဲတီစိမ်းသီးနှံစိုက်ပျိုးထုတ်လုပ်နည်း၊ စိုက်ပျိုးရေး သုတေသန ဌာန၊ ၁၃-မျက်နှာ

မျိုးကြွယ်, ဦး နှင့် အယ်(လ်) ဘရန်အောင် (၁၉၉၈) စပါးနှင့်ပဲမျိုးစုံစိုက်ပျိုးနည်းများ, အတွင်းရေးမှူး၊ ကချင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မတီ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ၆၁-မျက်နှာ

သိန်းဖေ, ဦးဖရက် (၂၀၁၆) မတ်ပဲကို အစာကျွေးခြင်း၊ ပုလဲစိုက်ပျိုးရေးစာပေ၊ ၅၈-မျက်နှာ

ဦးစိုးဝင်းမောင်အကြံပေး အရာရှိ ( ပဲမျိုးစုံ၊ ပြောင်းဖူး၊ နှမ်းသီးနှံအသင်း၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ကို စာရင်းဇယားများအတွက် ကျေးဇူးတင်လျက်)

ဒေါက်တာမျိုးကြွယ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်