အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း(၂)

20/12/2021 10:30 AM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

၂.၁ စိုက်ပျိုးမွေးမြူရေးပညာရပ်အရေးပါမှု (Why is Agriculture Important)

     စိုက်ပျိုးမွေးမြူရေးပညာသည် လူသားအားလုံးအတွက် အရေးပါပါသည်။ အဘယ်ကြောင့်ဆိုသော် လူသားများနေ့စဉ်လိုအပ်သော အစားအသောက် (Food)၊ အဝတ်အထည် (Clothing) နှင့် နေထိုင်စရာ (Shelter) တို့ကို ပံ့ပိုးပေးပါသည်။ အာဖရိကတိုက်တွင် လူဦးရေအားလုံး၏ ၈၀%သည် စိုက်ပျိုးမွေးမြူရေးကို အခြေပြုပြီး နေထိုင်အသက်ရှင်နေရပါသည်။ အာဖရိကတိုက်၏ အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (Gross Domestic Product) GDP ၏ ၄၀%သည် စိုက်ပျိုးမွေးမြူရေးမှ ရရှိပါသည်။ မြန်မာနိုင်ငံတွင် လူဦးရေအားလုံး၏ ၇၀%မှာ ကျေးလက်ဒေသတွင် နေထိုင်ကြပြီး စိုက်ပျိုး မွေးမြူရေးကိုသာ အဓိကလုပ်ကြကာ အသားတင်ထုတ်ကုန်တန်ဖိုး GDP ၏ ၂၃.၇% မှာစိုက်ပျိုးမွေးမြူရေးမှ ရရှိပါသည်။

စိုက်ပျိုးမွေးမြူရေး၏ အရေးပါသော အဓိကအချက် (၄)ချက်မှာ- 

(၁) စိုက်ပျိုးမွေးမြူရေးသည် လူသားအားလုံး၏ အဓိကလိုအပ်ချက်ဖြစ်သည်။ အာဖရိကတိုက် စုစုပေါင်းလူဦးရေး၏ ၈၀%နှင့် မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေး၏ ၇၀%သည် စိုက်ပျိုးမွေးမြူရေးအပေါ် မှီခိုနေရပါသည်။

(၂) စုစုပေါင်းလူဦးရေ ၅၀-၆၀%ကို အလုပ်အကိုင်ပေးနိုင်ပါသည်။

(၃) နိုင်ငံခြားဝင်ငွေတိုးတက်မှု (Source of Foreign Exchange Earnings) FE ရှာဖွေပေးနိုင်ပါသည်။

(၄) လူသားအားလုံး အစားအသောက်ဘေးကင်းလုံခြုံရေး (Food Safety and Food Security) အတွက် ရိုးရှင်းသောစိုက်ပျိုးမွေးမြူရေး အစားအစာများက အာမခံပေးနိုင်သည်။

၂.၂ စိုက်ပျိုးမွေးမြူရေးဘာသာခွဲများ (Branches of Agriculture)

(က) Agronomy (လယ်ယာသီးနှံစိုက်ပျိုးရေး)

ဂရိဘာသာမှဆင်းသက်လာကာ Agros သည် ကွင်း(Fields)နှင့် Nomes သည် စီမံခန့်ခွဲမှု (Management) ဖြစ်ပြီး လယ်ယာသီးနှံများ စနစ်တကျ စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် မြေဆီလွှာ ထွန်ယက် စိုက်ပျိုး၊ ပြုပြင် စီမံခန့်ခွဲခြင်းတို့ ဖြစ်ပါသည်။ မြေဆီလွှာသိပ္ပံ (Soil Science)နှင့် သီးနှံသိပ္ပံ(Crop Science) တို့ကို နောင်တွင်အသေးစိတ်ရှင်းလင်းပါမည်။

ဥပမာ- စပါး၊ မြေပဲ၊ နှမ်းစိုက်ပျို:ထုတ်လုပ်ဖြင်း

(ခ) Horticulture (ဥယျာဉ်ခြံသီးနှံစိုက်ပျိုးရေး)

စိုက်ပျိုးရေးမှထပ်မံ၍ ဥယျာဉ်ခြံများ (Gardens of Orchards)တွင် အသေးစိတ် ဂရုတစိုက် ပြုလုပ်ရသော သီးနှံများ (Intensive Care Crop) စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်ပါသည်။ ဘာသာခွဲများအနေဖြင့် သစ်သီးဝလံစိုက်ပျိုးခြင်း (Pomology or Fruit Cultivation) 

ဥပမာ- သရက်၊ ငှက်ပျော၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း (Olericulture or Vegetable Cultivation) 

ဥပမာ- ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်နှင့် ပန်းမန် စိုက်ပျိုးခြင်း (Floriculture or Cultivation of Flowers and Ornamental Plants) ဥပမာ- နှင်းဆီ၊ ဂန္ဓမာပန်း၊ သစ်ခွ

အိန္ဒိယနိုင်ငံ၊ အိန္ဒိယစိုက်ပျိုးရေးသုတေသနတက္ကသိုလ် (India Agricultural Research Institute) သို့ ကျွန်တော်တို့ လေ့လာရေးခရီး သွားရောက်စဉ်က ဥယျာဉ်ခြံသီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းသည် အိန္ဒိယစိုက်ပျိုးရေးလုပ်ငန်း၏ သုံးပုံတစ်ပုံခန့် အရေးပါနေသဖြင့် ဘာသာခွဲ(၃)စုံကို သီးခြား ဌာနများဖြင့် လေ့လာသင်ကြား သုတေသနပြုနေသည်ကို တွေ့ရှိရပါသည်။

ဥပမာ- ထိုတက္ကသိုလ်က မွေးထုတ်လိုက်သော ပူစာနှင်းဆီပန်း (Pusa Rose Variety) သည် အိန္ဒိယနိုင်ငံတွင်သာမက အိမ်နီးချင်းနိုင်ငံများအထိပါ ဈေးကွက်ထိုးဖောက်သွားသည်ကို တွေ့မြင်နိုင်ပါသည်။

(ဂ) Agricultural Economics (စိုက်ပျိုးစီးပွားရေးပညာ)

စီးပွားရေးဘာသာရပ်ကြီး၏ ဘာသာရပ်အခွဲငယ်တစ်ခုဖြစ်ပြီး လယ်ယာထွက်ကုန်များကို တောင်သူဦးကြီးများ အမြတ်ရရှိစေနိုင်ရေး လယ်ယာစီမံခန့်ခွဲမှု (Farm Management)၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာမူဝါဒ (Agricultural Policy)၊ လယ်ယာထွက်သီးနှံ၊ တိရိစ္ဆာန်များရောင်းဝယ် ဖောက်ကားခြင်း (Agricultural Marketing) စသည်ဖြင့် ဘာသာရပ်ခွဲများစွာ စုံလင်လှပါသည်။

ကျွန်တော်တို့နိုင်ငံတွင် စိုက်ပျိုးစီးပွားရေးဘာသာရပ်သင်ကြာ:မှုမှာ ရေဆင်း စိုက်ပျိုးရေးစိုက်ပျိုးရေးတစ်ခုထဲတွင်သာ ဘာသာရပ်ဌာနကြီးရှိနေပြီး ကျန်စီးပွားရေးတက္ကသိုလ် (၃) ခုရှိသော်လည်း စိုက်ပျိုးစီးပွားရေးဌာနမရှိသဖြင့် စိုက်ပျိုးစီးပွားရေးဘာသာရပ်ကို ကျယ်ကျယ်ပြန့်ပြန့်သင်ကြား၊ သုတေသနမပြုနိုင်သေးသည်မှာ စိုက်ပျိုးမွေးမြူရေးအဓိကနိုင်ငံဖြစ်သော ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အလွန်ဝမ်းနည်းဖွယ် ကောင်းလှပါသည်။

(ဃ) Plant Breeding (အပင်မျိုးမွေးမြူရေး)

စိုက်ပျိုးရေးဘာသာကြီး၏ ဘာသာခွဲတစ်ခုဖြစ်ပြီး မိမိလိုအပ်သော မျိုးရိုးဗီဇ (Genotype)နှင့် အပင်ပုံစံ (Phenotype) တို့ရရှိအောင် မျိုးစပ်မွေးမြူ သုတေသနပြုရသော ဘာသာခွဲတစ်ခုဖြစ်သည်။ ဥပမာ- စပါးဆိုလျှင် အထွက်ကောင်းမျိုး (High Yielding Variety) ဖြစ်ရုံသာမက အပူပိုင်းဒေသတွင် ရေငတ်ဒဏ်ခံနိုင်ရမည် (Drought Tolerance) သို့မဟုတ် ပင်လယ်ရေနီးသောနေရာတွင် ဆားငန်ရေ ဒဏ်ခံနိုင်ရမည် (Salt Tolerance)၊ ပိုးမွှားရောဂါဒဏ် ခုခံနိုင်စွမ်းရှိရမည်။ (Insect or Disease Resistant) စသည့် အလွန်အဆင့်မြင့် လေ့လာရမည့် ပညာရပ်များ ပါရှိနိုင်ပါသည်။

ကျွန်တော်ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ပါမောက္ခချုပ်လုပ်စဉ်အခါက အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးတက္ကသိုလ်တစ်ခုမှ (အိန္ဒိယနိုင်ငံ၌ ပြည်နယ်တိုင်းတွင် စိုက်ပျိုးရေးတက္ကသိုလ် (State Agricultural University) တစ်ခု အနည်းဆုံးရှိပါသည်။) ပါမောက္ခကြီးက - ဆရာကြီးတို့နိုင်ငံက ကျွန်တော်တို့ဆီကို ပဲစဉ်းငုံ(Pigeon pea) များတင်ပို့နေပါသည်။ ပဲစဉ်းငုံ အပင်မျိုးစပ်မွေးမြူသူ (Pigeon pea Breeder) ဘယ်နှစ်ဦးခန့် ဆရာကြီးတို့ တက္ကသိုလ်တွင် ရှိပါသလဲဟု မေးပါသည်။ ထို့အခါ ကျွန်တော်က ပဲစဉ်းငုံသီးသန့် အပင်စပ်မွေးမြူရေးလုပ်နေသူ တက္ကသိုလ်တွင် မရှိသေးပါ၊ အထွေထွေ သီးနှံအားလုံးမွေးမြူသူ (General Plant Breeders) တွေဘဲ ရှိနေပါသေးသည်ဟု ပြောကြားရာ ထိုပါမောက္ခကြီးက -

" သူ၏တက္ကသိုလ်တွင် ပဲစဉ်းငုံ အပင်မျိုးစပ်မွေးမြူသူ (Pigeon pea Breeder) (၁၀) ဦးရှိပါသည်ဟု ပြောပါသည်။ အိန္ဒိယတစ်နိုင်ငံလုံးတွင် စိုက်ပျိုးရေးတက္ကသိုလ်ပေါင်း (၇၀)ကျော်ရှိရာ ပဲစဉ်းငုံသီးသန့် မွေးမြူသူ (တက္ကသိုလ်နှင့် သုတေသန ဌာနများ အပါအဝင်) အနည်းဆုံး တစ်ရာကျော်ရှိနိုင်ကြောင်းနှင့် အိန္ဒိယပညာရှင်အချင်းချင်း ပဲစဉ်းငုံမွေးမြူရေး စာတမ်းဖတ်ပွဲ၊ အလုပ်ရုံဆွေးနွေးပွဲ၊ နှီးနှောဖလှယ်ပွဲများ တွင် မကြာခဏတွေ့ဆုံကြကာ အတွေ့အကြုံများကို ဖလှယ်ကြသည်" ဟု ပြောပါသည်။

ကျွန်တော်ဆိုလိုသည်မှာ ပဲစဉ်းငုံမွေးမြူရေးသာမက ပဲစဉ်းငုံစိုက်ပျိုးရေးပညာရှင် (Pigeon pea Agronomist)၊ ပဲစဉ်းငုံ မြေဆီလွှာပညာရှင် (Pigeon pea Soil Scientist)၊ ပဲစဉ်းငုံပိုးမွှားပညာရှင် (Pigeon pea Entomologist)၊ ပဲစဉ်းငုံ ရောဂါဗေဒပညာရှင် (Pigeon pea Pathologist)၊ ပဲစဉ်းငုံ တောင်သူပညာပေးရေးပညာရှင် (Pigeon pea Extenionis) တို့ခွဲထွက်လိုက်ပါက ပညာရှင်ပေါင်း များစွာလိုပါမည်။ ထိုသီးနှံကဲ့သို့ စပါး၊ ပြောင်းဖူး၊ မြေပဲ၊ နှမ်း၊ ဝါ စသည်ဖြင့် စနစ်တကျ သိပ္ပံနည်းကျ လေ့လာဆည်းပူး သုတေသနပြုလိုသော ပညာရှင်များစွာ လိုပါမည်။

တစ်ခြားနိုင်ငံများနည်းတူ ဥယျာဉ်ခြံသီးနှံဖြစ်သော ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ပန်းမုံလာ၊ အသီးများဖြစ်သော သရက်၊ ငှက်ပျော၊ ဒူးရင်း၊ မင်းဂွတ်နှင့် ပန်းမန်များဖြစ်သော နှင်းဆီ၊ သစ်ခွ၊ မေမြို့ပန်း စသည့်ပညာရှင်များသီးသန့် ဖြစ်စေလိုပါက တက္ကသိုလ်များမှ ပညာရှင်များစွာ မွေးထုတ်ပေးနိုင်ရန်လိုဦးမည်။

နိုင်ငံတကာ ဘွဲ့ရပညာရှင်များ ဘာသာရပ်အလိုက် မွေးထုတ်နေသည်ကို ပူးတွဲပါဇယားတွင် ပြသထားပါသည်။ ကျွန်တော်တို့နိုင်ငံက ဘွဲ့ရလူဦးရေ (၁၀၀) တွင် (၀.၅) ဦး သာ စိုက်ပျိုးရေး ပညာရှင်ဘွဲ့ ရရှိသည်ကို အခြားနိုင်ငံများ၏ ဘွဲ့ရလူဦးရေနှင့် နှိုင်ယှဉ်ကြည့်နိုင်ပါသည်။

(ဆက်ပါဦးမည်)

ဒေါက်တာမျိုးကြွယ် (ဆင်​ပေါင်ဝဲ)

References (မှီငြမ်းကိုးကားသောစာအုပ်၊ စာတမ်းများ)

Afullo, A and Dango, B. (2014) Comprehensive Agriculture Resource Book, Wamra Technoprises, Kenya.

Huffman, W.E. and Evenson, R.E (2006) Science for Agriculture: Along-Term Perspective. ,2nd ESi, Black well Publishing.

Van den bosch, T. (2006) Post- primary Agricultural Education and Training in Sub- Sahavan Africe.

National Research Council (2008) Understanding American Agriculture.

Challenges for the Agricultural Resource Management Survey., National Academic Press, USA.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်