မွေးမြူရေးခြံထဲ ကူးစက်ရောဂါများ အလွယ်တကူ မဝင်ရောက်နိုင်အောင် ခြံဇီဝလုံခြုံမှုကို ကြိုတင်ပြင်ဆင်ကာကွယ်ဖို့လိုပါတယ်။
ဇီဝလုံခြုံရေးဆိုသည်မှာ -
- မိမိတို့မွေးမြူရေးခြံ အတွင်းသို့ ရောဂါပိုးများ ဝင်ရောက်မလာစေရေး၊
- ရောက်လာသော ရောဂါပိုးများ အားပျော့ပျက်စီးသွားစေရေး၊
- ရောဂါပိုးများ တစ်နေရာမှတစ်နေရာသို့ ပျံ့နှံ့မှု မရှိစေရေးနှင့်၊
- အခြားတိရစ္ဆာန်နှင့်လူသားတို့ ဆီသို့ ရောဂါကူးစက်မှု မရှိစေရေးတို့အတွက် စီမံဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။
ဇီဝလုံခြုံမှု ရှိစေရန် လုပ်ဆောင်ရမည့် အခြေခံလုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(က) ခြံအဆောက်အဦးကို လုံအောင်ကာထားပါ။
(ခ) လုပ်ငန်းနှင့်မသက်ဆိုင်သူများ၊ ယာဉ်များ ခြံအတွင်း ဝင်ရောက်ခြင်းကို စီစစ်ကန့်သတ်ပါ။
(ဂ) ခြံအဆောက်အဦးဝင်ပေါက်တွင် ပိုးသတ်ဆေးကန်၊ ထုံးကန်ထားပါ။ ဖိနပ်သီးသန့်ထားပြီး ခြံအတွင်းဝင်ရောက်လျှင် ထုံးကန် သို့မဟုတ် ပိုးသတ်ဆေးကန်အတွင်း ခြေထောက်နင်း ပိုးသတ်ပြီးမှ ဝင်ပါ။
(ဃ) အဆောက်အဦးအတွင်း ဖိနပ်သီးသန့် ထားပါ။
(င) ခြံအတွင်းသို့ ဝင်မည့်ယာဉ်၊ လှည်းများအား ပိုးသတ်ဆေးဖျန်းပြီးမှ ဝင်ခွင့်ပေးပါ။
(စ) ခြံအဆောက်အဦးအတွင်း ခွေး၊ ကြောင်၊ ငှက်တို့ နှင့် အခြားအိမ်မှမွေးမြူထားသော ဒေသကြက်များ၊ကူးလူးဝင်ရောက်မှုမရှိစေရန် ဆောင်ရွက်ပါ။ (၄င်းတို့သည် ရောဂါတိုက်ရိုက် မဖြစ်သော်လည်း ရောဂါပိုး သယ်ဆောင်လာနိုင်သောကြောင့် ဖြစ်သည်)
(ဆ) မွေးမြူရေးခြံတွင်း အစာကျွေး၊ ရေထည့်၊ ခြံသန့်ရှင်းရေးလုပ်သူများမှာ ခြံတစ်ခြံခြင်းကို သီးသန့်လုပ်ကိုင်ပါ။ ခြံအသုံးအဆောင်ပစ္စည်းများကို ခြံအလိုက် သီးသန့်ခွဲသုံးပါ။
(ဇ) ခြံအကျယ်အဝန်းနှင့် ကောင်ရေ မျှတအောင် မွေးမြူပါ။
အမျိုးတူ၊ အသက်တူများကိုသာ မွေးပါ။ ကျန်းမာရေးမကောင်းသော တိရစ္ဆာန်များရှိပါက သီးခြားခွဲထုတ်ပြီး ကုသမှု ပေးပါ။ အသစ်ဝယ်ယူလာသော တိရစ္ဆာန်များ ရှိပါက ခြံအတွင်းတိုက်ရိုက် ပေးမသွင်းပဲ နေရာသီးသန့်ထားပြီး ၂ပတ်ခန့်စောင့်ကြည့်ပါ။ စိတ်ချရမှ ခြံအတွင်း ထည့်ပါ။
(စျ) အသက်မတူသည့် တိရစ္ဆာန်များအား မွေးမြူထားရှိပါက အသက်အနုနယ်ဆုံး ခြံမှ စတင်၍ဝင်ပါ။
(ည) တိရစ္ဆာန်များကို တစ်ပြိုင်တည်းမွေး၍ တစ်ပြိုင်တည်းရောင်းသည့်စနစ် (All in all out system) ကို အတတ်နိုင်ဆုံး ကျင့်သုံးပါ။
(ဋ) တိရစ္ဆာန် တစ်သုတ်ထုတ်ပြီးတိုင်း ခြံအဆောက်အဦး (အတွင်း/အပြင်)နှင့် ခြံသုံးပစ္စည်းများကို စနစ်တကျဆေးကြောသန့်စင်၍ ပိုးသတ်ထားပါ။ အနည်းဆုံး(၂)ပတ်အနားပေးပြီးမှ နောက်တစ်သုတ်ထည့်ပါ။
(ဌ) တိရစ္ဆာန်အသေအပျောက်ရှိပါက တိရစ္ဆာန်အသေနှင့် အညစ်အကြေးများကို စနစ်တကျ မြှုပ်နှံပါ။ ရောဂါဖြစ်သည်ဟု မသင်္ကာသော တိရစ္ဆာန်ဖြစ်ပါက ရွာနီးနားတွင် လွှင့်ပစ်ခြင်း၊ မြစ်ချောင်းအတွင်း မျှောခြင်း၊ ဖျက်စားခြင်း၊ ရောင်းချခြင်းတို့ကို ရှောင်ကြဉ်ပါ။ စနစ်တကျမြေမြှုပ်ခြင်း၊ မီးရှို့ခြင်း တို့ကို ပြုလုပ်ပါ။
(ဍ) အညစ်အကြေး (ကြက်ချေး၊ နွားချေး၊ဝက်ချေး) တို့ကို ပုံမှန် ရှင်းလင်းပါ။ အညစ်အကြေးကန် ထားရှိခြင်း၊ လူနေအိမ်နှင့်ဝေးသောနေရာတွင် ကန်ပြုလုပ်ပြီး စွန့်ပစ်ပါ။ ကာကွယ်ဆေး အကြွင်းအကျန်များ၊ ပိုးသတ်ဆေးအကြွင်းအကျန်များကိုလည်း စနစ်တကျ စွန့်ပစ်ပါ။
(ဎ) ခြံအတွင်းဝင်လျှင် နှာခေါင်းစည်းတပ်ပါ။ ကိုယ်လက်သန့်စင်ပြီးမှ ဝင်ပါ။ ပြန်ထွက်လျှင်လည်း ခြေလက်များကို သေချာစွာ ဆေးကြောသန့်စင်ပါ။
(ဏ) အခြားမွေးမြူရေးခြံ၊ အဝယ်ဒိုင်၊ နွားပွဲစျေး စသည်တို့မှပြန်လာလျှင် ရေချိုး၊ အဝတ်အစားလဲပြီးမှ ခြံအတွင်းဝင်ပါ။
(တ) ကြွက်၊ ပိုးဟပ်၊ ယင်နှင့် ကပ်ပါးပိုးများကို နှိမ်နှင်းပါ။
(ထ) မွေးမြူရေးခြံများသို့ လှည့်လည်သွားလာနေသောအဝယ်သမားများ၊ အစာ/ဆေးရောင်းချ သူများ၊ ဆေးကုသပေးသောဆရာဝန်နှင့် ကြက်ခြေပြာများ ခြံအတွင်းလာရောက်ရန်ရှိပါက ခြေလက်သန့်စင်ပြီးမှ ခြံအတွင်းဝင်ရောက်နိုင်ရန် ပြင်ဆင်ပေးပါ။
Ref: မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။