ကမ္ဘာ့တောင်ခြမ်းအတွက် နို့ ၁၀ ဆမှ အဆ ၂၀ အထိ ပိုထုတ်ပေးနိုင်မည့် စပ်မျိုးနွားများ

10/11/2023 15:32 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

တန်ဇန်းနီးယားဆိုတာ ကမ္ဘာ့တောင်ဘက်ခြမ်းက အရှေ့အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဒီနိုင်ငံက ဒေသနွားမျိုးတွေဟာ တစ်ရက်ကို နွားနို့လီတာဝက်လောက်သာ ထုတ်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ အမေရိကန်နိုင်ငံ အီလီနွိုက်စ်တက္ကသိုလ် Urbana-Champaign မှ သတ္တဝါသိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့ရဲ့ ကြိုးစားမှုနဲ့အတူ ဒေသ၊ ရာသီဥတုနဲ့ကိုက်ညီပြီး နို့ အဆ ၂၀ လောက်ထိ ပိုထွက်နိုင်မဲ့ ပိုမိုကောင်းမွန်သော နွားမျိုးများအဖြစ် မျိုးစပ် ပြောင်းလဲလိုက်နိုင်ပါပြီ။ ဒေသခံ နွားမွေးတောင်သူတွေအတွက်တော့ အလားအလာကောင်းတဲ့ အပြောင်းအလဲတစ်ခုပါပဲ။

အခုရရှိလာတဲ့မျိုးဟာ အပူပိုင်းနိုင်ငံများရှိ အပူဒဏ်၊ မိုးခေါင်မှုဒဏ်နဲ့ ရောဂါဒဏ် ခံနိုင်ရည်ရှိ ဒေသနွားမျိုးဖြစ်တဲ့ Gyrs နဲ့  ထူးခြားပြောင်မြောက်တဲ့ နို့ထွက်စွမ်းရည်ရှိ Holsteins နဲ့ Jerseys နွားမျိုးတွေကို ပေါင်းစပ်ထားတာလို့ Animal Frontiers ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ ငါးဆက်မြောက် မျိုးစပ်ပြီးနောက် ရရှိလာတဲ့ နွားမျိုးသစ်ဟာ တစ်နေ့ နွားနို့ ၁၀ လီတာထိ ထုတ်ပေးနိုင်တာဖြစ်လို့ ဒေသနွားများထက် အထွက်နှုန်း အဆ ၂၀ ပိုနိုင်တာ ဖြစ်ပါတယ်။ 

အမေရိကန်နိုင်ငံ အီလီနွိုက်စ်ပြည်နယ်ရှိ  စိုက်ပျိုးရေး၊ စားသုံးသူနှင့် သဘာဝပတ်ဝန်းကျင်သိပ္ပံဆိုင်ရာ ကောလိပ် (ACES) ရှိ သတ္တဝါသိပ္ပံဌာနမှ စီမံကိန်းခေါင်းဆောင် Matt Wheeler ဟာ မျိုးစပ်ပြီးရရှိထားတဲ့ ပထမဆုံး နွားမျိုးပေါက်လေးတွေ ရရှိထားပြီဖြစ်ပြီး အဲ့ဒီမျိုးတွေထွက်လာမယ့် သန္ဓေသားလောင်းတွေကိုလည်း တန်ဇန်းနီးယားနိုင်ငံသို့ ယူဆောင်လာဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။။

" Holstein - Gyr စပ်မျိုးပဲဖြစ်ပြီး Girolandos လို့ခေါ်တဲ့ နို့ထွက်နှုန်းမြင့် နွားမျိုးတွေကတော့ အရင်ကတည်းက ဘရာဇီးနိုင်ငံမှာ ရှိပြီးသားပါ။ ဒါပေမဲ့ အဲ့ဒီမှာက ရောဂါ အစုလိုက်အပြုံလိုက် ကျတတ်တော့ ဒီနွားမျိုးတွေကို  တခြား နိုင်ငံ အများစုဆီကို တင်ပို့နိုင်ခြင်းတော့မရှိပါဘူး" လို့ Wheeler က ပြောပါတယ်။ 

"ကျွန်တော်တို့က ကျန်းမာရေးပိုကောင်းတဲ့နွားမျိုးတွေကို အမေရိကန်နိုင်ငံမှာ ထုတ်လုပ်ချင်တာ။ ဒါမှလည်း သူ တို့ရဲ့ မျိုးရိုးဗီဇတွေကို ကမ္ဘာတစ်ဝန်း ဘယ်ကိုမဆို တင်ပို့နိုင်မှာပေါ့" လို့ သူက ဆိုပါတယ်။ 

Wheeler နဲ့ သူ့အဖွဲ့ဟာ လာမဲ့ မတ်လမှာ တန်ဇန်းနီးယားနိုင်ငံရဲ့ နေရာနှစ်ခုမှာ Holstein-Gyr (သို့မဟုတ်) Jersey-Gyr သွေးနှော သန္ဓေသားလောင်း ၁၀၀ ကို ဒေသနွားမျိုးစိတ်တွေထဲကို ထည့်သွင်းဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ရရှိလာမဲ့ နွားငယ်လေးတွေဟာ Holstein (သို့မဟုတ်) Jersey မျိုးဗီဇ ၅/၈ ပုံနဲ့ Gyr မျိုးရိုးဗီဇ ၃/၈ ပုံ ပါရှိတဲ့ မျိုးသန့်ကောင်လေးတွေဖြစ်လာမှာပါ။  ဘရာဇီးနိုင်ငံက Girolandos မျိုးလိုမျိုးတော့ Jersey-Gyr စပ်မျိုးတွေကို တရားဝင်အမည်ပေးထားရခြင်း မရှိသေးပါဘူး။

မျိုးသန့်နွားလေးတွေအတွက် အချိန်ပေး ကြိုးစားအားထုတ်ရကျိုး နပ်ဖို့ဆိုရင်တော့ ဒီမျိုးဗီဇကို  တစ်ကြိမ် ပြုလုပ်ပြီးတာနဲ့ လုံးဝတည်မြဲအောင် ထိန်းသွားရမှာပါ။ တစ်နည်းပြောရရင် မျိုးရိုးစဉ်ဆက်တစ်လျှောက် နွားကလေးတွေကို စပ်မျိုးရဲ့ မျိုးဗီဇအချိုးအတိုင်း ဆက်လက်ထိန်းသိမ်းသွားဖို့ ဖြစ်ပါတယ်။ 

"လိုချင်တာက နို့ထွက်ရှိမှုနဲ့အတူ ရောဂါနဲ့ ပိုးမွှား ခံနိုင်ရည်ရှိမှုကိုပါ ချိတ်ဆက်ထားတဲ့ စပ်မျိုးအတိုင်းပဲ ထိန်း သိမ်းထားနိုင်ဖို့ပါ။ မျိုးကွဲသွားတာမျိုးဖြစ်မှာ မဟုတ်တော့ပါဘူး" လို့ Wheeler က ဆိုပါတယ်။ 

ဒါပေမဲ့ Wheeler က " ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဒီမူရင်းမျိုးဗီဇကိုထိန်းထားနိုင်ဖို့ဆိုရင်တော့ စိန်ခေါ်မှုတွေ ရှိနေမှာပါ။ လမ်းမတွေပေါ်မှာရှိနေတဲ့ နွားသိုးတွေက မျိုးသန့်နွားတွေကို မိတ်လိုက်ဖို့ သွေးဆောင်ဖျားယောင်းမှုတွေ ရှိနေနိုင်လို့ပါ။ ဖြစ်သွားရင်တော့ ဒီမျိုးပျက်သွားမှာပဲ” လို့ ဆက်ပြောပါတယ်။

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ  တွဲဖက်စာတမ်းရေးသားသူ Moses Ole-Neselle ပါဝင်တဲ့ Wheeler ရဲ့ အဖွဲ့အနေနဲ့တော့ မျိုးပျက်မသွားဘဲ သူတို့ရဲ့ ကြိုးပမ်းမှု အရာထင်ဖို့ ဂရုပြုဆောင်ရွက်နေပါတယ်။ စေ့စေ့စပ်စပ် သေသေချာချာနဲ့ ဖန်တီးထားရတဲ့ သန္ဓေသားလောင်းတွေကို ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီ ပို့လိုက်ရုံနဲ့ ရပ် တန့်မပစ်လိုက်ပါဘူး။  ၎င်းတို့အဖွဲ့ဟာ တန်ဇန်းနီးယားနိုင်ငံမှ သင်တန်းသား ၁၂ ဦး ပါဝင်တဲ့ နွားမျိုးပွားခြင်း နည်း ပညာဆိုင်ရာ ပထမဆုံးအွန်လိုင်းသင်တန်းကို ပြီးခဲ့တဲ့ နွေရာသီမှာ ပြုလုပ်ခဲ့ကြပါတယ်။ ထပ်လုပ်ဖို့လည်း ရှိပါတယ်။ 

“တိရစ္ဆာန်ဆရာဝန်တွေနဲ့ ဘွဲ့ရကျောင်းသားတွေပါဝင်တဲ့ ဒီပထမဆုံး သင်တန်းသားအဖွဲ့ဟာ အရေးကြီးပါတယ်။ ဒါမှလည်း ကျွန်တော်တို့ အဲ့ဒီကိုရောက်တဲ့အချိန်ကျ အထူးအဆန်းကြီး ဖြစ်မနေတော့မှာပေါ့။ တန်ဇန်းနီးယား အစိုးရကလည်း ဒါကို လိုလားတာတွေ့ရပါတယ်။ ဒီပရိုဂရမ် ကြာချင်သလောက်ကြာတဲ့အထိ ရင်းနှီးမြုပ်နှံမှုတွေ ဆက်ပြီးပြုလုပ်သွားပါမယ်”လို့ Wheeler က ဆိုပါတယ်။

ဒေသခံတွေလက်ခံတဲ့ ဓလေ့တွေ အကြိုက်တွေနဲ့ နီးစပ်ကိုက်ညီမှုမရှိဘူးဆိုရင် အကောင်းဆုံးမျိုးဗီဇတွေ၊ နားလည်သဘောပေါက်ရေးသင်တန်းတွေဟာလည်း အများကြီးအလုပ်ဖြစ်မှာမဟုတ်ဘူးဆိုတာကို Wheeler သဘောပေါက်ပါတယ်။ တန်ဇန်းနီးယား မွေးမြူရေးသုတေသနသိပ္ပံနဲ့ အီလီနွိုက်စ်ပြည်နယ်ရှိ အာဖရိက လေ့လာရေးစင်တာရဲ့ ဒါရိုက်တာ Teresa Barnes တို့လို ပူးပေါင်းလုပ်ဆောင်သူများထံက အကြံဉာဏ်တွေအရ Wheeler ဟာ ဒေသခံ Maasai လူမျိုးနွယ် နွားမွေးမြူသူတွေရဲ့ စိတ်ကြိုက်ဖြစ်မှုတွေနဲ့ ကိုက်ညီနိုင်ဖို့လည်း ချိန်ဆလုပ်ဆောင်ပါတယ်။

"Maasai မျိုးနွယ်စုတချို့က အကောင်သေးသေးနဲ့ အနီရောင်နွားတွေကို တော်တော်လေး ကြိုက်ကြတယ်။ ဆိုတော့ အစပိုင်းမှာ ကျွန်တော်တို့လုပ်ခဲ့တဲ့ Holstein မျိုးတွေကျတော့ အကောင်ကြီးကြီး အနက်ရောင်တွေဆို တော့ အလုပ်မဖြစ်ခဲ့ဘူး" လို့ Wheeler က ပြောပြပါတယ်။ 

"အဲ့ဒါနဲ့ ကျွန်တော်တို့ Jersey နွားမျိုးတွေနဲ့ ပြန်စပ်ရတော့တာပေါ့။ သူတို့ပိုပြီး လက်ခံနိုင်တဲ့ဟာမျိုးကျမှ လုပ်ရတာ တန်ဖိုးရှိမှာပါ” လို့ သူက ဆိုပါတယ်။

သို့ပေမဲ့ တန်ဇန်းနီးယားနိုင်ငံရဲ့ အချို့ကျွဲနွားမွေးမြူရေးလုပ်ကိုင်သူတွေအနေနဲ့ တိုးတက်လာတဲ့ မျိုးရိုးဗီဇတွေရဲ့ အကျိုးကို အပြည့်အဝရအောင် ဘယ်လိုမွေးမြူရမလဲဆိုတာ နားလည်ဖို့တော့ အမြင်ပြောင်းပေးဖို့လိုပါတယ်။ ဥပမာအားဖြင့် ခြေသလုံးအိမ်တိုင် လှည့်လည်နေထိုင်တဲ့ Maasai နွားမွေးမြူသူတွေဆိုရင် နွားများကို ၎င်းတို့ရဲ့ ခြံတွေကနေ နေ့စဉ် ၂၅ မိုင်လောက်အကွာမှာ သွားလွှတ်ကျောင်းလေ့ရှိတာမျိုးပါ။ 

“ ဒီအလေ့အထနဲ့သာဆိုရင် နို့ထွက်နိုင်စွမ်းကို ကန့်သတ်ပစ်လိုက်နိုင်တယ်” လို့ Wheeler က ဆိုပါတယ်။

ဒီပရောဂျက်ဟာ အစောပိုင်းအဆင့်မှာသာ ရှိသေးပေမဲ့ ရာသီဥတုဒဏ်ခံတိရိစ္ဆာန်မွေးမြူရေးကဏ္ဍအတွက် ရှေ့တိုးမယ့်ခြေတစ်လှမ်းကို ကိုယ်စားပြုတဲ့ Wheeler ရဲ့ ဒီဆောင်းပါးကို Animal Frontiers က အထူး အကြောင်းအရာခေါင်းစဉ်တစ်ခုအဖြစ် ဖော်ပြခဲ့ပါတယ်။ 

သူ့ရဲ့ လက်ရှိ ဦးစားပေးအကြောင်းအရာက ရာသီဥတုဖောက်ပြန်မှု အဆိုးဆုံးဖြစ်တဲ့ ကမ္ဘာ့ တောင်ဘက်ခြမ်းမှာ စားနပ်ရိက္ခာဖူလုံရေးကို မြှင့်တင်ဖို့ဆိုပေမဲ့လည်း ဒီနည်းပညာဟာ အမေရိကန်နဲ့ အခြားကမ္ဘာတစ်ဝန်းနိုင်ငံတွေရှိ ရာသီဥတုပြောင်းလဲမှုဒဏ်ခံနေရတဲ့ ကျွဲနွားတွေအတွက်လည်း အသုံးချနိုင်မှာဖြစ်တယ်လို့ Wheeler က ဆိုပါတယ်။ တစ်နည်းဆိုရရင် ကျွန်တော်တို့မှာရှိပြီးသား အထွက်ကောင်း ကျွဲနွားမျိုးတွေထဲကို အပူပိုင်းဒေသ မျိုးရိုးဗီဇတွေ ထည့်သွင်းပြီး အပူဒဏ်၊ မိုးခေါင်မှုဒဏ်နဲ့ ရောဂါဒဏ်တွေ ပိုခံနိုင်အောင် လုပ်သွားနိုင်မှာပါ။

“ ဒီနွားတွေဟာ မက္ကဆီကို၊ တက္ကဆက်၊ နယူးမက္ကဆီကိုနဲ့ ကယ်လီဖိုးနီးယားဒေသတွေမှာဆို ကောင်းကောင်း အလုပ်ဖြစ်မှာပါ။ အဲဒါကို အခုစပြီး စဉ်းစားကြဖို့တောင် အချိန်တန်လောက်ပြီ” လို့ Wheeler က ဆိုပါတယ်။ 

“လူတွေဟာ အများအားဖြင့် ရှေ့ရေးကို အများကြီးကြိုတွေးလေ့မရှိကြဘူး။ ဒါပေမဲ့ တချိန်မှာ နောက်ကြောင်း ပြန်ကြည့်လာပြီး အစောပိုင်းကာလတွေတုန်းကအပူပိုင်းဒေသ မျိုးဗီဇတွေရှိထားခြင်းဟာ ကောင်းတဲ့အရာ တစ်ခုဆိုတာ လူတွေသဘောပေါက်လာကြလိမ့်မယ်လို့ ကျွန်တော်ခန့်မှန်းတယ်” လို့ Wheeler က ပြောလိုက်ပါတယ်။

ဇင်ထူးနိုင်

Ref:

https://phys.org/news/2023-10-climate-smart-cows-1020x-global-south.html

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်