တစ်ပင်လုံး ပစ်ရက်စရာမရှိလောက်အောင်ကို အသုံးဝင်တဲ့ အုန်းပင်

22/01/2024 14:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (108)  Oilseed Crops – Coconut Oil: Healthy Plantation Crop (Part - 6)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၀၈) ဆီထွက်သီးနှံများ - အုန်းဆီ (အပိုင်း - ၇)

အုန်း (ဥယျာဉ်ခြံသီးနှံပင်နှင့် ဆီထွက်သီးနှံ) သည် ကျွန်တော်တို့မြန်မာနိုင်ငံတွင် ဥယျာဉ် ခြံသီးနှံ နှင့်နှစ်ရှည်သီးပင် (Horticultural Crop and Plantation Fruit Crop) အနေနှင့် အဓိက အသုံးပြုပြီး စားသုံးကြပြီး အုန်းဆီအနေနှင့် အသုံးပြုမှု နည်းပါသည်။

ကျွန်တော့်တို့ ကျောင်းသားဘဝက အုန်းပင် (Coconut) အကြောင်းသင်ပေးပါသော ပါမောက္ခ ဆရာကြီး ဦးလှအောင်နှင့် အတူ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကို ဤနေရာမှ ဂါရဝပြု၊ ကန်တော့အပ်ပါသည်။

အုန်း  (Coconut – Cocos nucifera) သည် မြန်မာနိုင်ငံတွင် စီးပွားဖြစ်အုန်းခြံ (Commercial Plantation) များအဖြစ် စိုက်ပျိုးမှုနည်းနေသေးသော်လည်း တစ်ပိုင်တစ်နိုင် စိုက်ကွင်းများတွင် စိုက်ပျိုးလျက်ရှိသည်သာမက မိမိအိမ်အတွင်း အိမ်တွင်းဥယျာဉ် (Home Garden) အနေနှင့်သာ တစ်ပင်စ၊ နှစ်ပင်စ အိမ်တိုင်းနီးပါး စိုက်ပျိုးအသုံးပြုလျက် ရှိနေပါသည်။ 

ဤဆောင်းပါးသည် အုန်းစိုက်နည်းပျိုးနည်းကို အက်ကြောင်းထပ်နေအောင် ရေးသားမည် မဟုတ်ပါ။ ဆီထွက်သီးနှံအကြောင်း ရေးလက်စ အနေနှင့် အုန်းပင် (Coconut Tree) ကို ဆီထွက်သီးနှံ အနေနှင့် အသုံးပြုနိုင်ရန်အလားအလာ၊ ကြီးထွားမှုနှင့် ပန်းပွင့်ခြင်းဆိုင်ရာ ဇီဝကမ္မဗေဒ (Coconut Growth Physiology and Flowering Physiology) ရှုထောင့်ကနေ တစ်ပိုင်းတစ်စခန့်ဆွေးနွေးမည်ဖြစ်ပါသည်။ ကျွန်တော်ရေးသားခဲ့သော ဆောင်းပါး များ အားလုံးကို စုစည်း၍ အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - အတွဲ (၁) (Basic Agricultural Science – Volume (1)) စာအုပ် ပုံနှိပ်ရိုက်ထုတ်ပြီးပါပြီ။ ဝယ်ယူဖတ်ရှုလိုပါက စာပေလောကနှင့်  ဗွေဆော်ဦးစာအုပ်ဆိုင်တွင် ဝယ်ယူဖတ်ရှုနိုင်ပါသည်။

ဇယား - ၁ ကမ္ဘာ့ အုန်းအများဆုံးစိုက်ပျိုးသော နိုင်ငံများ (၂၀၂၂-၂၃) ခုနှစ် 

Source - https://ipad.fas.usda.gov/countrysummary

** အုန်းစိုက်ပျိုးထုတ်လုပ်သူများအသင်း၏ ကိန်းဂဏန်းများ 

အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် (၂) နိုင်ငံထဲမှာပင် ကမ္ဘာ့အုန်းနှင့်အုန်းထွက်ပစ္စည်းများ၏ ထုတ်လုပ်တင်ပို့မှု (World Export) သည် ၆၇-ရာခိုင်နှုန်းရှိပါသည်။

(၁) အုန်းမှထုတ်လုပ်ရရှိနိုင်သောာ ပစ္စည်းများ (Coconut Products)

အုန်းပင်၊ ထန်းပင်အုပ်စုများသည် အသီးမှ အစ၊ ပင်စည်၊ အမြစ်၊ အရွက် အားလုံးအသုံးဝင်သော ဘက်စုံသုံးအပင် (Multipurpose Palm Trees) များဖြစ်ပါသည်။

(က) လတ်ဆတ်သောအုန်းသီး (Fresh Coconut) ပြည်တွင်းဈေးကွက် အရဆုံးဖြစ်ပါသည်။ အုန်းရေအစိမ်းသောက်မှုမှ သည် ဘုရားပွဲနတ်ပွဲအထိ အသုံးပြုကြသည်။ အုန်းသကြား၊ အုန်းဂျယ်လီ၊ အုန်းသီးခြစ်များကို မုန့်ပဲသရေစာများပြုလုပ်ရာ၌ တွင်ကျယ်စွာ အသုံးပြုနေကြပါသည်။

(ခ) အုန်းဆီ (Coconut Oil) မြန်မာနိုင်ငံတွင် ခေါင်းလိမ်းဆီ (Hair Dressing Oil) အနေနှင့် အများဆုံး အသုံးပြုကြပြီး စားသုံးဆီ (Cooking Oil) အနေနှင့် အသုံးပြုမှု နည်းနေဆဲဖြစ်ပါသည်။ အုန်းနို့ကိုတော့ အုန်းနို့ခေါက်ဆွဲ၊ အုန်းထမင်းစသည်ဖြင့် အသုံးပြုနေကြပါသည်။

(ဂ) အုန်းနို့နှင့် အုန်းနို့မှုန့် (Coconut Cream and Coconut Milk Power) နိုင်ငံတကာမှ အုန်းနို့ဘူးများ ဈေးကွက်တွင်တင်ရောင်း နေသည်ကို မြန်မာနိုင်ငံရှိဈေးဝယ်နေရာများ (Shopping Malls) တွင် တွေ့ရှိရပါသည်။ 

(ဃ) အုန်းဆံသားခြောက် (Dried Kernel/Copra) တစ်ချို့နိုင်ငံများတွင်ရှိပါသည်။ အုန်းသီးဆံများမှ ပရုတ်ဆီ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ အလှကုန်အမျိုးမျိုး၊ လူသုံးကုန် အမျိုးမျိုး ထုတ်လုပ်ပါသည်။ 

(င) အုန်းသီးခွံမီးသွေး (Coconut Shell Charcoal) အုန်းသီးပေါသောနေရာများတွင် အုန်းဆံများ ထုတ်ယူပြီး ထင်း၊ မီးသွေး လောင်စာ များ အတွက် အသုံးပြုနေပါသည်။ “အုန်းမုတ်ခွက်နင်း၊ ရောဂါကင်း” ဟူ၍ အုန်းမုတ်ခွက် ဈေးကွက်လည်း ပြည်တွင်းတွင်ရှိပါသည်။

(ဃ) အုန်းတံမြက်စည်း (Brooms and Brushes) အမှိုက်လှည်းရန်အတွက် ဈေးချို အသုံးတည့်ပြီး ဆွေးမြည့်လွယ်၍ ပတ်ဝန်းကျင်ထိမ်းသိမ်းမှုရှုထောင့် (Environmental Conservation) ကလည်း အလွန်ကောင်းပါသည်။

(င) အုန်းဆံခွံကော်ဇော (Mattress Fibre) အိမ်ရှေ့အဝင်တွင် မိုးရေအစိုခံ၊ အကြမ်းခံ၊ ဈေးချိုကာ ဆွေးမြည့်လွယ်သဖြင့် အလွန် အသုံးတည့်ပါသည်။

(စ) အုန်းထန်းရည် (Coconut Toddy) စနစ်တကျကျန်းမာရေးနှင့် ညီညွတ်အောင် ထုတ်လုပ်နိုင်ပါက နိုင်ငံခြားသို့တင်ပို့နိုင်ပြီး နိုင်ငံခြားငွေ များစွာရရှိနိုင်ပါသည်။

(ဆ) အုန်းထင်း (Fuel Wood) ထင်းအစားထိုး သုံးနိုင်ပါသည်။

(ဇ) ဆောက်လုပ်ရေးသုံးသစ်သား (Coconut Stem Timber) တစ်ချို့နေရာများတွင် အိမ်၊ တဲကအစ အလှအပ ပရိဘောဂများ ထုတ်လုပ်နိုင်သဖြင့် တန်ဖိုးမြင့် ထုတ်ကုန်ဖြစ်သွားပါသည်၊ 

(ဈ) အုန်းသက်ကယ် (Coconut Leaves Thatching Materials)  ရာသီဥတုပူပြင်းမှုကို အန်တုနိုင်သည့် အေးမြစေသည့် အမိုးဖြစ်နိုင်သည်။

 မြန်မာနိုင်ငံဒေသအလိုက် အုန်းသီး စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ (၂၀၁၉)

(Source - မြန်မာနိုင်ငံအုန်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း)

(၂) အုန်းပင်၏ရုက္ခဗေဒ (Botany of Coconut)

အုန်းပင်သည် အုန်း၊ ထန်းမိသားစု (The Palm Tree Family – Arecaceae/Palmae) အောက်တွင်ပါဝင်ပါသည်။

မြန်မာနိုင်ငံတွင် လက်ရှိစိုက်ပျိုးနေသော အုန်းအမျိုးအစား (၃) မျိုး မှာ - 

  • (က) အပင်မြင့်အုန်းကြီးမျိုး
  • (ခ) အပင်ပုဝက်မလွတ်အုန်းမျိုး
  • (ဂ) အုန်းချိုမွေး (ထိုင်းမျိုး) တို့ဖြစ်ပါသည်။ (ဒေါ်စန်းစန်းဟန်၊ ဥက္ကဌ၊ မြန်မာနိုင်ငံ အုန်းစိုက်ပျိုး တင်ပို့၊ ရောင်းချသူများ အသင်း၏ ဆွေးနွေးချက်)

(၂-က) အုန်းပင်၏အမြစ် (Coconut Roots) အုန်းမြစ်များသည် ပင်စည်၏ အောက်ဆုံးပိုင်း တွင် အဖုလုံးပုံသဏ္ဍာန်(Bole) အဖြစ်တည်ရှိပြီး မြေကြီးအပေါ်ယံအလွှာတွင် မြစ်ဖွှာစနစ် (Fibrous Root System) ဖြန့်လျက် မြစ်မွှာအရေအတွက် ၁၅၀၀-၈၀၀၀ အထိဖြာထွက်နေပါသည်။ ရေသောက်မြစ် မရှိပါ။ အုန်းပင်တွင် အမြစ် (၄) မျိုး ရှိပါသည်-

  •  အဓိကအမြစ် (Main Root)
  •  မြစ်မွှာ (Lateral Root)
  •  လေရှူမြစ် (Pneumatophore Root)
  •  လေမြစ် (Aerial Root) တို့ဖြစ်ပါသည်။

အုန်းပင်၏အမြစ်များ

(၂-ခ) အုန်းပင်စည် (Coconut Stem) ၎င်းသည် ပင်စည်ထီးတည်းဖြစ်ပြီး ပင်စည်သည် ထောင်မတ်နေသော (Upright Position) အနေအထားရှိပါသည်။ အပင်ကြီး ထိခိုက်ပျက်စီးသွားပါက ပင်စည်မှထပ်မံကိုင်းဖြာထွက်နိုင်မှု မရှိသဖြင့် ကောက်ကွေးထွက်လာ ပါသည်။ ပင်စည်ရှိ အရွက်ကြွေရာ (Leaf Acar) အမာရွတ် ကိုကြည့်၍ အပင်၏အသက် ကိုခန့်မှန်းနိုင်ပါသည်။

(၂-ဂ) အုန်းပင်အရွက်များ (Coconut Leaves) အုန်းပင်သည် ငှက်မွေးအရွက်ပေါင်းစနစ် (Simple Compound leaf) ဖြစ်ပြီး ရွက်မွှာ များ (Leaflets) သည် ပင်မအရိုးတံ (Rachis) တစ်ဖက်တစ်ချက်မှာ စီတန်းပေါက်နေပါသည်။ အပင်အဖူး (Bud) မှနေ ကြီးထွားမှု ပြည့်စုံသောအရွက် (Adult Leaf) အထိ အချိန်အတော်ကြာပါသည်။ အရွက်ကြီးထွားမှုအဆင့် (The Leaf Development) သည် အဆင့် (၃) ဆင့် (Three Phases) ရှိပါသည်။

  • အပင်ငယ်စဉ်အဆင့် (A Juvenile Phase)
  • လျင်မြန်စွာကြီးထွားသောအဆင့် (A Phase of Rapid Elongation)
  • အရွက်ကြီး အဆင့် (An Adult Phase) ဟူ၍ ခွဲခြားနိုင်ပါသည်။

အပင်များ၏ အစာချက်လုပ်မှု သဘာဝအရ အရွက်သည် အစိမ်းရောင် ကလိုရိုဖီးလ် (Chlorophyll) များပါဝင်သော အဓိကပင်မအရာ (source) ဖြစ်ပါသည်။ အုန်းပင်သည် နှစ်ရှည်ပင် (Perennial Tree) ဖြစ်နေ၍ အရွက်များ တစ်နှစ်ပတ်လုံး စိမ်းလန်းနေကာ အစာချက်သည်။ လက်ခံအစိတ်အပိုင်း (Sink) များဖြစ်ကြသည့် ဥပမာ - အုန်းပန်းပွင့်၊ အုန်းပန်းခိုင်၊ အုန်းသီးသို့ အမြဲတန်း ပို့နေ၍ တစ်နှစ်ပတ်လုံး အုန်းသီးများသီးနေကာ ဆွတ်ခူးနေရပါသည်။

အရွက်တစ်ရွက် စတင်ဖြစ်ပေါ်သည်မှ အနေတော်၊ သင့်တော်သော အရွက်ဘဝရောက်သည် အထိ ၄-၅ လခန့်ကြာပါသည်။ အရွက်စုံတစ်ကိုင်း၏ သက်တမ်းမှာ မျိုးအပေါ်မှာ မူတည်၍ ၃၆-၄၂ လ (၃-နှစ်ကျော်) ခန့်အထိကြာမြင့်ပြီး ခြောက်သွားလျှင် အလိုလို ကြွေကြ သွားပါသည်။ အထွက်ကောင်း မျိုးတွေမှာ တစ်ပင်လျှင် အရွက်ပေါင်း (Compound Leaves) ၃၅-၄၀ ရွက် အထိရှိနိုင်ပြီး တစ်နှစ်လျှင် ၁၀-၁၂ ရွက်ထွက်နိုင်ကာ တစ်ရွက်နှင့် တစ်ရွက် ၃၅-ရက်ခန့် ကြာမြင့် နိုင်ပါသည်။ အုန်းပင်၏ အရွက်ဧရိယာကို တိုင်းတာနည်းမှာ အရွက်ငယ်များ၏ အလျားနှင့်အနံကို နမူနာကောက်တိုင်းထွာပြီး ဖော်မြူလာဖြင့်တွက်ချက်ရာ အရွက်ဧရိယာညွန်းကိန်း (LAI) ၅-၆ လောက်အထိ ရရှိခဲ့ကြောင်း မှတ်တမ်းမှတ်ရာ များ တွေ့ရပါသည်။ အုန်းပင်သည် မိမိတို့အိမ်တိုင်းတွင် အိမ်တွင်းဥယျာဉ် (Home Garden) အဖြစ်လည်းကောင်း၊ အခြားသီးနှံများနှင့် ကြားသီးနှံ (Inter-Crop) စိုက်ပျိုး၍လည်းကောင်း အကျိုးရှိစွာ အသုံးချနိုင်ပါသည်။

(၂-ဃ) အုန်းပန်းပွင့်နှင့် အသီးသီးချိန် (Coconut Flowers, Fruits, Bearing)

အုန်းပင်အရွက်ကြားမှ အုန်းပန်းခိုင်ဖြစ်မည့် အဖူး (Spadix) ထွက်လာပါသည်။ အုန်းပန်းခိုင်တွင် အဖိုပွင့်၊ အမပွင့် ပါရှိသည်။ ပန်းခိုင်ကို ပန်းခိုင်ဖုံး (Spathe) ဖြင့် အုပ်ထားပြီး ရင့်မှည့်သောအခါ ပွင့်အာထွက်လာပါသည်။ ပန်းခိုင် (Inflorescence) တွင် ပန်းပွင့်ငယ်ကလေးပေါင်း (Spikelets) ၂၅-၃၀ ခန့် ပါရှိနိုင်ပြီး အရင်းဖက်တွင် အမပွင့် (Female Flower)၊ အဖျားပိုင်းတွင် အဖိုပွင့် (Male Flower) ၁၀၀-ခန့် စီတန်း၍ ရှိလာပါသည်။ အမပွင့် ၁၀-၅၀ ပွင့် အထိတွေ့နိုင်ပြီး ၅၀-၇၀ ရာခိုင်နှုန်းအထိ ကြွေသွားကြကာ ကျန်အပွင့်များသည်အုန်းသီး (Coconut Fruits) ဖြစ်လာပါသည်။ ပန်း စ ပွင့်သည်မှ ရင့်မှည့်သည်အထိ ၁၂-လ ခန့် ကြာမြင့်ပါသည်။ 

အုန်းပင် ပန်းခိုင်၊ ပန်းပွင့်၊ အုန်းသီးပုံစံများ

အုန်းပင်သည် သဘာဝအရ ရေပေါသောနေရာ၊ ဆားငန်ဓာတ်ရှိသော ပင်လယ်ပြင်နှင့် နီးသော တနင်္သာရီဒေသ၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ် တို့တွင် ပိုမိုဖြစ်ထွန်းပါသည်။

အုန်းရည်၊ အုန်းဆီ၊ အုန်းဆံများ၏ ဆေးဖက်ဝင်ဆိုင်ရာအချက်အလက်များ (Health benefits of Coconut Juice, Oil and Kernals)

(၁) လူတို့၏ဆံပင်များ သန်စွမ်းနက်မှောင်ပြီး ပရိုတိန်းဓာတ်လျော့နည်းမှု သက်သာစေပါသည်။ (Reduces protein losses and nourishes in human hairs)

(၂) စိတ်ဖိစီးမှု သက်သာစေပါသည်။ (Eliminate mental fatigues)

(၃) အသားအရေချောမွေ့စေပါသည်။ အရေပြားတွန့်မှု၊ အသားအရေခြောက်သွေ့မှု၊ အရေပြားများကွာကျမှု နည်းပါးနိုင်ပါသည်။ (Prevent wrinkles, sagging, dryness and flaking)

(၄) ရောဂါပိုးမွားဒဏ် ခံနိုင်ရည်ရှိပါသည်။ (Strengthen immune system)

(၅) အရိုးသွားများ ကြံ့ခိုင်၊ သန်စွမ်းစေပါသည်။ (Improve bone strength and dental health)။

(၆) ကိုလက်စထရောနှင့် သွေးတိုးကျစေနိုင်ပါသည်။ (prevent high colestrol and blood pressur levels)၊ ဤနေရာတွင် အုန်းဆီ ကို ဟင်းချက်ရာတွင် အသုံးပြုနေသော နိုင်ငံများနှင့် အငြင်းပွားနိုင်ပါသည်။

(၇) သွေးချိုဓာတ်ကိုထိန်းသိမ်းပြီး အင်ဆူလင်ထွက်ရှိမှုကို အားပေးပါသည်။ (control blood sugar levels and improves insulin secretion)

အုန်းဆီကို ဟင်းချက်ခြင်းနှင့် အုန်းရည် အစိမ်းသောက်ခြင်းသည် ကွာခြားချက်ရှိသည်။ အုန်းစိမ်းရည်က အကျိုးပိုရှိပါလိမ့်မည်။

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဒေါက်တာ သိင်္ဂီမြင့်နှင့်အဖွဲ့ သုတေသနပြုချက်အရ မြန်မာနိုင်ငံတွင် တစ်ဦးခြင်း တစ်နှစ်ဆီစားသုံးမှု ပမာဏမှာ ၁၀.၁၉ ပိဿာ (16.70 kg/capita/year) ခန့်ရှိပါသည်။ ကမ္ဘာ့ဆီစားသုံးမှု အများဆုံးနိုင်ငံမှာ စပိန်ဖြစ်ပြီး တစ်နှစ်ကို တစ်ဦးလျှင် ၁၉.၄၉ ပိဿာ (31.9 kg/capita/year) စားသုံးကြသည်။ အနည်းဆုံးနိုင်ငံများမှာ လီဆိုသိုနိုင်ငံဖြစ်ပြီး တစ်နှစ်လျှင် ၆၀-သားခန့် (1 kg/capita/year)၊ လာအို ၁.၁ ပိဿာ (1.8 kg/capita/year)၊ ကမ္ဘောဒီးယား ၁.၁၆ ပိဿာ (1.9 kg/capita/year) စားသုံးကြသည်ကို တွေ့ရှိရပါသည်။ ဖိလစ်ပိုင်နှင့် သီရိလင်္ကာတို့တွင် အုန်းဆီသာချက်ပြုတ် စားသုံးနေကြသည်။ ကျွန်တော်တို့ မြန်မာဟင်းများလို ဆီပြန်ဟင်းချက်မှု နည်းပါလိမ့်မည်။ ဟင်းချက်ဆီအသုံးပြုပုံကို ကျန်းမာရေး ရှုထောင့်မှ သုတေသနပြုရန် လိုပါလိမ့်မည်။

ဆက်ပါဦးမည်...

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)

Mahindapala, R. and Pinto, J.L.J.G. (1991) Coconut Cultivation. Coconut Research Institute, Sri Lanka. 162p. 

Mandal, R.C. (1998) Coconut Production and Protection Technology. Agro Botanica, India. 168p.

Wijnands, H.M., Biersteker, J., Hagerdoorn, L.F. and Louisse, J. (2014) Business Opportunities and Food Safety of the Myanmar Edible Oil Sector. LEI Wageningen UR, The Netherlands. 96p.

May Thet Htar, Theingi Myint, Thi Thi Soe, Moh Moh, Yin Nyein Aye, Chue Htet Hnin, Htet Marlar Aye (2022) Analysis of Edible Oil Consumption in Myanmar: Consumers’ Perception towards Brands, Price, and Health Aspects”, Food and Fertilizer Technology Center for the Asian and Pacific Region, Agricultural Policy Platform (FFTC_AP), https://ap.fftc.org.tw/article/3103

မြန်မာ့နှစ်ရှည်ပင်လုပ်ငန်း (ယခင်) (၁၉၉၇) အုန်းစိုက်ပျိုးရေး ၂၀-မျက်နှာ

မင်းဝင်းထိန် (၂၀၁၁) ဘက်စုံအသုံးဝင်အုန်းပင် နေမျိုးပဒေသာစာပေ၊ ၇၆-မျက်နှာ

ဒေါ်စန်းစန်းဟန် (ဥက္ကဌ၊ မြန်မာနိုင်ငံ အုန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း) ရွှေရောင်လွင်ပြင်ရုံးခန်း၌ ဟောပြောဆွေးနွေးချက်များ၊ ၂၀၂၁-ခုနှစ်

(ဒေါက်တာမင်းသန်းညွန့် (အငြိမ်းစားညွန်ကြားရေးမှူးချုပ်) ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာသိင်္ဂီမြင့်၊ ပါမောက္ခ၊ စိုက်ပျိုးစီးပွားရေးပညာဌာန၊ ဒေါက်တာကြည်တိုး၊ ပါမောက္ခ (ကျောင်းအုပ်ကြီး)၊ လှည်းကူးနယ်မြေ၊ ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ အပင်မျိုး မွေးမြူရေးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊  ဒေါက်တာဝင်းနိုင်၊ ညွန်ကြားရေးမှူး၊ ဥယျာဉ်ခြံသီးနှံဌာနခွဲ၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ ဒေါက်တာလွင်မာဆိုင်၊ ပါမောက္ခ၊ ရုက္ခဗေဒဌာန၊ မိုးညင်းတက္ကသိုလ်တို့အား သိလိုသည်များ ဖြေကြားပေး၍ ကျေးဇူးတင် ပါသည်)

ဒေါက်တာမျိုးကြွယ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်