'စိုက်ပျိုးရေးသမားတွေ ရိတ်ချိန်သိမ်းချိန်မှာ မုန်တိုင်းက ၄ လုံးလောက်လာဖို့ရှိတဲ့အတွက် အကြီးအကျယ်ဒုက္ခရောက်ကြဦးမယ်'

01/08/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့်အင်တာဗျူး)

ယနေ့ရာသီဥတုသည် တကမ္ဘာလုံး၌ ပြောင်းလဲနေပါသည်။ ထို့အတူ မြန်မာနိုင်ငံ၏ရာသီဥတုသည်လည်း လွန်ခဲ့ပြီးသောနှစ်ကာလများနှင့် လုံးဝမတူတော့ပါ။ အထူးသဖြင့် နောက်ဆုံးဆယ်စုနှစ်တခုအတွင်း ပို၍ပို၍ သိသာလာပါသည်။ တချို့ကလည်း ရာသီဥတုကိုဖောက်ပြန်သည်ဟု ယူဆပြောဆိုနေပါသည်။ တကယ်တော့ ဖောက်ပြန်သည်ဟုပြောပြော ပြောင်းလဲသည်ဟုဆိုဆို မူမမှန်သည်ကတော့ သေချာပါသည်။ မူမမှန်ခြင်းသည် ဘယ်အရာမျှ မကောင်းပါ။ ယခုလို ရာသီဥတုမူမမှန်ခြင်းသည် ပို၍ဆိုးပါသည်။ မိုးခေါင်ပါသည်။ မိုးကြီးပါသည်။ ရေကြီးပါသည်။ သဘာဝဘေးအန္တရာယ်ကြောင့် လူအများဒုက္ခကြုံရပါ သည်။ သမားရိုးကျစိုက်ပျိုးရေး လုပ်ငန်းများ ထိခိုက်ပျက်စီးရပါသည်။ ထိုအကြောင်းအရာများနှင့်ပတ်သက်၍ ယခုနှစ်မြန်မာနိုင်ငံ၏ မိုးလေဝသအခြေအနေအပေါ် ဒေါက်တာထွန်းလွင်နှင့်တွေ့ဆုံကာ မေးသင့်မေးထိုက်သည့်မေးခွန်းများကို မေးမြန်းခဲ့ပါသည်။

?-ကချင်တို့၊ စစ်ကိုင်းတို့မှာ လတ်တလော ရေတွေကြီးနေတာ ဘာကြောင့်လဲဆရာ။

မြန်မာနိုင်ငံမှာက စောစောပိုင်းက မိုးမကောင်းဘူး။ ဒါပေမဲ့ ဇူလိုင်လဆန်းပိုင်းက အိန္ဒိယကို မုတ်သုံဝင်တဲ့အချိန်မှာ ဒီဘက်မှာလည်း မုတ်သုံလေဦးက မြောက်ဘက်ကိုတက်သွားတယ်။ မြောက်ဘက် ဘယ်အထိတက်သွားလဲဆိုတော့ ဟိမဝန္တာတောင်အထိ တက်သွားတယ်။ အဲဒီတောင်အထိ ရောက်သွားတဲ့အခါမှာ အမြဲတမ်းလိုလို မြန်မာပြည်မှာ ၂ မျိုးဖြစ်တယ်။ တစ်မျိုးက ဘင်္ဂလားပင်လယ်အော်မှာရှိတဲ့ မုတ်သုံဟာ အားလျော့သွားတယ်။ နောက်တစ်မျိုးက မြန်မာပြည်မြောက်ဖျားမှာရှိတဲ့ ကချင်နဲ့ စစ်ကိုင်းမှာ မိုးတွေတအားရွာတယ်။ ကချင်မှာ တအားရွာတဲ့အတွက် ဧရာဝတီမြစ်ဖျားပိုင်း ရေတက်တယ်။ စစ်ကိုင်းမှာ တအားရွာတဲ့အတွက် ချင်းတွင်းမြစ်ဖျား ရေတက်တယ်။ အဲဒီမြစ်တွေတလျှောက်မှာရှိတဲ့ မြို့တွေတော်တော်များများဟာ စိုးရိမ်ရေအမှတ်ကို ကျော်သွားတယ်။ အဲဒီလိုကျော်သွားလို့ ရေလျှံတဲ့သဘောပါ။ ဆည်တွေကြောင့် မဟုတ်ဘူး။ မိုးရေသက်သက်ကြောင့်ပါ။ မိုးကောင်းလို့ မြစ်ရေလျှံတဲ့သဘောပါ။ ဆည်ကြောင့်ဆိုရင် ဆည်နဲ့ပတ်ဝန်းကျင်ပဲ ရေတက်မှာပေါ့။

?-ဒီနှစ်မှာ မိုးတအားနည်းတာ တွေ့ရတယ်။ မိုးခေါင်တဲ့နှစ်လို့ ပြောလို့ရလား။

ဒီနှစ်က ကာလအပိုင်းအခြားနဲ့ပြောရင် မိုးဦးနဲ့ မိုးကြိုကာလက ပြီးသွားပြီ။ အခုက မိုးလယ်ကာလကို ရောက်နေပြီ။ မိုးကြိုကာလကလည်း မိုးမကောင်းဘူး။ မိုးဦးကလည်း မိုးမကောင်းဘူး။ မကောင်းတာက မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ မိုးလေဝသစခန်းအားလုံးဟာ ပုံမှန်ရွာနေကျ မိုးရေချိန်ကို ပြည့်မီအောင်ရွာတဲ့ စခန်းရယ်လို့ တစ်ခုမှမရှိဘူး။ အားလုံး ရွာသွန်းမြဲအောက် လျော့တယ်။ အဲဒါကြောင့် ဒီနှစ်က မိုးနည်းတဲ့နှစ်လို့ သတ်မှတ်လို့ရတယ်။

?-အဓိကမိုးနည်းရတဲ့ အကြောင်းအရင်းက ဘာဖြစ်မလဲဆရာ။

မိုးနည်းရတဲ့အဓိကအကြောင်းက အရှေ့လေပွေလှိုင်းမလာဘူး။ တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန် မလာဘူး။ ဘင်္ဂလားပင်လယ်အော်မှာလည်း မုန်တိုင်းဖြစ်မှု အားနည်းလို့ပါ။ အဲဒါကြောင့်ပါ။

?-မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ ဒီနှစ်မိုးခေါင်တာ အဆိုးဆုံးလို့ပြောလို့ရလား။ ဘာကြောင့်လဲဆရာ။

ဒီအချိန် အောက်ပိုင်းကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ ရခိုင်၊ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ မွန်၊ ကရင် အဲဒီဒေသတွေကို ကြည့်လိုက်ရင် မိုးရွာတယ်။ တနင်္သာရီက မိုးသိပ်မရွာဘူး။ အတွင်းပိုင်းတွေကျတော့ ဘယ်လိုဖြစ်လဲဆိုတော့ မိုးနည်းတယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်းအောက်ပိုင်းရယ်၊ မန္တလေးတိုင်းရယ်၊ မကွေးတိုင်းရယ် တိုင်း ၃ ခုဆုံတဲ့နေရာတွေ အဲဒီနေရာပတ်ဝန်းကျင်ဟာ မိုးအနည်းဆုံးပဲ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံအလယ်ပိုင်းရဲ့ မိုးရေချိန်ဟာ မြန်မာနိုင်ငံတခြားဒေသတွေနဲ့မတူဘူး။ တခြားဒေသတွေက အခုလို မုတ်သုံအားကောင်းရင် မိုးတွေရွာတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းက မုတ်သုံအားကောင်းလေ မရွာလေဘဲ။ မြန်မာနိုင်ငံအလယ်ပိုင်းက ဘာနဲ့ရွာလဲဆိုရင် အဓိကမုန်တိုင်းနဲ့ရွာတယ်။ ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းဖြစ်ရင်လည်း ရွာတယ်။ အရှေ့ဘက်တောင်တရုတ်ပင်လယ်ကလာရင်လည်း ရွာတယ်။ ဒီနှစ်မှာက ပြီးခဲ့တဲ့ မေလဆန်းမှာတော့ မုန်တိုင်းတစ်ခုတိုက်လိုက်တယ်။ အိန္ဒိယကို ဝင်သွားတယ်။ အဲဒီကနေစလို့ ကနေ့အချိန်ထိ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတစ်လုံးမှ မဖြစ်ဘူး။ အရှေ့ဘက်ကလည်း မုန်တိုင်းတစ်လုံးမှမလာဘူး။ အဲဒီတော့ မုန်တိုင်းမိုးတစ်လုံးမှမရှိတဲ့အတွက် မြန်မာနိုင်ငံအလယ်ပိုင်းဟာ အဓိကအားဖြင့် မိုးခေါင်နေတာဖြစ်ပါတယ်။ မြန်မာပြည်အလယ်ပိုင်းမှာ မိုးမရွာပေမဲ့ ဧရာဝတီမြစ်ရေကြောင့် ရေတော့တက်တယ်။ အပေါ်ကတက်ခဲ့တဲ့ရေတွေက အောက်ကိုဆင်းလာတာပေါ့။ ဧရာဝတီမြစ်ရေက အခု အလယ်ပိုင်းတက်နေတာ အောက်ပိုင်းကို ရောက်ဦးမှာ။ ဧရာဝတီမြစ်ရေဒဏ်ကို ညောင်တုန်းတို့၊ ဟင်္သာတဘက်တို့ အဓိကခံရဦးမယ်။

?-မုန်းတိုင်းနဲ့ပတ်သက်လို့ သုံးသပ်ပြောကြားပေးပါဦး။

ဒီနှစ်မုန်တိုင်းဖြစ်တာ တအားနည်းတယ်။ အမှန်က နှစ်တဝက်ကျိုးနေပြီ ၂ လုံး၊ ၃ လုံးလောက်ဖြစ်ရမှာ။

?-လက်ရှိမှာ မုန်တိုင်းဖြစ်မှု အားနည်းနေတယ်ဆိုတော့ နောက်လာမယ့်လတွေမှာရော ဖြစ်ဖို့ရှိလား။

ဇူလိူင်လဆန်းက အိန္ဒိယမှာ မုတ်သုံဝင်တာ မပြီးသေးဘူး။ မုတ်သုံက အိန္ဒိယနိုင်ငံတောင်ပိုင်း လောက်မှာပဲ ရှိသေးတယ်။ အမှန်ကတော့ မြောက်ပိုင်းလောက်ရောက်နေရမှာ နောက်ကျနေတာပေါ့။ မဝင်ခင်မှာ အိန္ဒိယက မိုးခေါင်တယ်။ အပူလှိုင်းဖြတ်တယ်။ အပူလှိုင်းဖြတ်တော့ အပူချိန် ၅ဝ ဒီဂရီစင်တီဂရိတ် ရောက်တဲ့အတွက် လူတွေသေတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေ အကုန်ပျက်တယ်။ အိန္ဒိယရဲ့တောင်ဘက်မှာ မြို့တစ်မြို့ရှိတယ်။ အဲဒီမြို့မှာဆိုရင် နောက်ဆုံးရေမရှိလို့ ဟိုတယ်တွေပါ ပိတ်ထားရတယ်။ အဲဒီမှာ အိန္ဒိယကို မုတ်သုံဝင်သွားလိုက်တာ မြောက်ပိုင်းရော၊ အနောက်မြောက်ပိုင်းရော ရောက်သွားတယ်။ အဲဒီမှ မိုးတွေဆက်တိုက်ရွာတာပေါ့။ မိုးတွေရွာတော့ စောစောက မိုးခေါင်အပူလှိုင်းဖြတ်လို့ လူတွေသေ၊ ရေတွေခန်းတဲ့ မြို့တွေမှာ ရေတွေကြီးပြန်ရော။ အဲဒီလိုပဲ ဆရာတို့မြန်မာနိုင်ငံမှာလည်း မုန်တိုင်းမလာတဲ့အတွက် မိုးနည်းတယ်။ မိုးကို လိုအပ်တဲ့အချိန်မှာ မိုးမရွာဘူး။ စိုက်ပျိုးရေးလုပ်ငန်းတွေ အဓိကဒုက္ခရောက်တယ်။ မုန်တိုင်းက အခုမလာပေမဲ့ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ အဲဒီသုံးလအတွင်းမှာ အနည်းဆုံး ၄ လုံးလောက်ဖြစ်မယ်။ အဲဒီအခါကျရင် မိုးတွေရွာဦးမယ်။ အဲဒီကအခါကျတော့ ဖျက်မိုးဖြစ်သွားပြီး ကောင်းကျိုးမပေးတဲ့ မိုးဖြစ်သွားပြီ။ အဓိကတော့ စိုက်ပျိုးရေးသမားတွေ ရိတ်ချိန်သိမ်းချိန်ဖြစ်တဲ့အတွက် အကြီးအကျယ်ဒုက္ခရောက်ကြရဦးမယ်။

?-ဖြစ်ပေါ်လာမယ့် သဘာဝဘေးတွေနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်များရှိရင် ပြောပြပါဆရာ။

စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး ပြောရရင်တော့ စိုက်ပျိုးရေးကလည်း ရေကြီးလည်းပျက်တယ်၊ မုန်တိုင်းဝင်လည်း ပျက်တယ်။ အဲဒါကြောင့် သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစီမံချက်ဌာနတွေမှာရှိတဲ့ ထွေအုပ်ရုံး၊ ကယ်ဆယ်ရေးစခန်းတွေမှာရှိတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။ အမိုးအကာအောက်ကို အချိန်မီရောက်နိုင်ဖို့နဲ့ တတ်နိုင်သမျှ လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အတွက် အကောင်းဆုံးစက်ကိရိယာတွေသုံးဖို့ အကြံပြုချင်ပါတယ်။

Crd: (စိုးစိုး တွေ့ဆုံမေးမြန်းသည်။)

New Watch မှ ပြန်လည်ကူးယူဖော်ပြပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်