ကဏန်းမွေးမြူနည်းစနစ်အမျိုးမျိုး

10/07/2024 13:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

မြန်မာနိုင်ငံတွင် တွေ့ရှိရသောကဏန်းများမှာ ရွှံ့ကဏန်း/ကဏန်းမဲ(Mud crab) ၊ ကဏန်းချေးပုန်း (Mangrove crab) ၊ ကဏန်းပြာ(Blue swimming crab) ၊ သဲကဏန်း(Sand crab)၊ ကဏန်းဘုန်းကြီး/ ကဏန်းနီ(Spanner crab) တို့ဖြစ်ကြပြီး အခြားကဏန်းမျိုးစိတ်ငယ်များမှာ ခြေနီကဏန်း၊ ကဏန်းဖြူ၊ အုန်းကဏန်း၊ ဝသုံးလုံးကဏန်း၊ မျောက်ကဏန်း၊ ကဏန်းယပ်တောင်၊ တယောထိုးကဏန်း စသဖြင့် ရှိကြသည်။ ထိုထဲတွင်မှ စီးပွားဖြစ်မွေးမြူနိုင်သည့် ကဏန်း Scylla serrata မျိုးစိတ် မွေးမြူနည်းကို ဖော်ပြပေးပါမည်။

ကဏန်းသွင်ပြင်လက္ခဏာနှင့် သဘာဝအလေ့အထ

ရွှံ့ကဏန်းတွင် ခြေချောင်း(၅)စုံ ပါရှိပြီး ပထမခြေချောင်းကို ကဏန်းလက်မဟု လူသိများပါသည်။ ရွှံ့ကဏန်း၏ အပေါ်ခွံ Carapace အရောင်သည် ရွှံ့နှစ်ရောင်ရင့်ရင့်ဖြစ်ပြီး ဘဲဥပုံရှိပါသည်။ ကဏန်းအထီး၊ အမများကို ခွဲခြားရန်အတွက် ဝမ်းဗိုက်ပိုင်း(abdomen)ဘက်ကို လှည့်ကြည့်ခြင်းအား ဖြင့် ရင်ဘတ်အဖုံးအပြား(ချက်ပြား)၏ အနေအထားကို ကြည့်၍ လွယ်ကူစွာခွဲခြားနိုင်ပါသည်။ ကဏန်းအမမှာ ဝမ်းဗိုက်ပြည့်လုနီးပါး (ဂ)ပုံသဏ္ဍာန်ရှိပြီး အထီးမှာ ချက်ပြားငယ်၍ ထိပ်ချွန်ချွန်(တြိဂံ)ပုံရှိပါသည်။

ရေငန်ဝင်ရောက်ရာ မြစ်ဝ၊ ချောင်းဝ၊ ဒီရေတောများပေါက်ရောက်ရာ ကမ်းစပ်ဒေသ(လတာပြင်၊ လမုတော၊ ကနစိုတော)များတွင် နေထိုင်ကျက်စားကြပါသည်။ ရွှံ့ကဏန်းသည် အစာမျိုးစုံစားသည့် သတ္တဝါဖြစ်ပြီး ကြက်အူ၊ ငါး၊ ငါးခြောက်၊ ကမာ၊ ကင်းမွန်၊ ခရုကမာငယ်များကို စားသုံးတတ်ကြပါသည်။ ရွှံ့ကဏန်းများသည် အငန်နှုန်း 15 PPTမှ 25 PPT အတွင်း နေထိုင်ကြီးထွားနိုင်ကြပါသည်။

ရွှံ့ကဏန်းများသည် တစ်နှစ်ပတ်လုံး သားပေါက်တတ်ပါသည်။  ရွှံ့ကဏန်းသည် ကြီးထွားရန်နှင့် မိတ်လိုက်ရန်အတွက် အရေခွံလဲလှယ်ခြင်း(Moulting) ပြု လုပ်ကြပါသည်။ အရေခွံလဲလှယ်စ ကဏန်းများသည် အငန်နှုန်း 20 PPT တွင် ၂-၃ နာရီခန့်တွင်လည်းကောင်း၊ ရေချိုတွင် ၈-၉ နာရီခန့်တွင်လည်းကောင်း အရေခွံပြန်မာသွားတတ်ပါသည်။ အရေခွံမလဲမီကဏန်းတစ်ကောင်သည် ၁၀၀ ဂရမ်ရှိပါက အရေခွံလဲပြီးလျှင် ၁၃၀ ဂရမ်ခန့်အထိ အလေးချိန်တိုးသွားတတ်ပါသည်။

ကဏန်းဝယ်ယူစုဆောင်းပုံ

ရေထရက်များတွင် ကဏန်းခုတ်(ကဏန်းဖမ်းဆီးသည့်မြှုံး)ဖြင့် ကဏန်းများရှင်သန်ပေါက်ဖွားရာ ဒီရေဝင်ရောက်သည့် ချောင်းလက်တက်၊လမုတော၊ ကမ်းနားစပ်များတွင် ချထားရပါသည်။ ကဏန်းစာများအဖြစ် ငါးအသေး(သို့မဟုတ်) ငါးအသားတုံးများကို အသုံးပြုပါသည်။ ဒီရေတက်လာ သောအခါ ကဏန်းဖမ်းဆီးသည့်မြှုံးများထဲသို့ ကဏန်းများဝင်ရောက်မိပြီး အလွယ်တကူဖမ်းဆီးနိုင်ပါသည်။ ရွှံ့ကဏန်းများမှာ အညှီနံ့ကိုပိုမိုကြိုက်နှစ်သက်ပြီး အမဲသား စသည့်အသားများကိုလည်း ထည့်သွင်းနိုင်ပါသည်။ ဖမ်းဆီးရမိကဏန်းများကို ကြိုးဖြင့်ချည်၍ သစ်သားတာပုံး(သို့မဟုတ်) ဝါးခြင်းများအတွင်း စနစ်တကျထည့်သွင်းကာ သယ်ယူပို့ဆောင်ကြပါသည်။

ကဏန်းမွေးမြူနည်းစနစ်အမျိုးမျိုး

(က) အရေခွံပျော့ မွေးမြူပုံ(Moulting Crab Culture)

အမအစား အထီးများကို မွေးမြူလေ့ရှိပါသည်။အလေးချိန် ၁၀၀ ဂရမ်ပတ်ဝန်းကျင် အထီးများကို စုဆောင်းပြီး ပေ ၁၀၀ ပတ်လည်၊ ရေအနက်  ၂ပေခန့်ရှိ မြေကြီးကန်များတွင် PVC ပိုက်များတွင်တပ်ဆင်ထားသည့် “ကဏန်းမွေးမြူသည့်ခြင်း”များတွင် တစ်ကောင်စီ ထည့်သွင်း၍ မွေးမြူနည်းဖြစ်ပါသည်။တစ်ရက်တစ်ကြိမ် ငါးအသားတုံးများကို ကျွေးမွေးပြီး အရေခွံလဲလှယ်မှုကို ၃နာရီခြားတစ်ခါ၊ တစ်ပတ်ခန့်စောင့်ကြည့်ရလေ့ရှိပါသည်။အခွံဟောင်းနှင့် ကဏန်းအရေခွံပျော့တွေ့ရှိပါက ထုတ်ယူပြီး အအေးခန်းစက်ရုံတွင် အခဲခံကာ သိမ်းဆည်းပါသည်။

(ခ) ဝါးခြင်းဖြင့် မွေးမြူမှု(Cage Culture)

ဝါးခြင်းများတွင် ကဏန်းတစ်ကောင်နှုန်းထည့်သွင်းကာ မွေးမြူမှုဖြစ်ပါသည်။ အချို့ဒေသများတွင် ဝါးဘုံလုံအတွင်း ကဏန်းငယ်များအားထည့်သွင်းမွေးမြူတတ်ပါသည်။ ဝါးခြင်း(သို့မဟုတ်) ဝါးဘုံလုံရေပေါ် ပေါ်နေစေရန် ဝါးဘိုးဝါး၊ ပလတ်စတစ်ပုံး၊ ဖော့တုံးများ အသုံးပြုကြပါသည်။ အသား ပြည့်လာသည့်အခါ ဖော်ယူရောင်းချကြပါသည်။

ယခုအခါ Crab Bank ဟုခေါ်သည့် ငါးဖမ်းပိုက်ကာရံထားသည့် ၁၀ ပေ x ၁၀ ပေ x ၁၀ ပေ ပတ်လည် Floating Cage Culture ပြုလုပ်ကာ ကဏန်းငယ်များထည့်သွင်း၍ မွေးမြူနေကြပြီ ဖြစ်ပါသည်။

(ဂ) ခြံခတ်မွေးမြူမှု (Pen Culture)

 ဒီရေလွှမ်းသည့် ရေပြင်တွင် အရွယ်အစားအလိုက် ဝါးယင်းများဖြင့် ခြံခတ်၍ မွေးမြူမှု ဖြစ်ပါသည်။ ခြံများကို ဝါးယင်းလိပ်များဖြင့် ဖုံးအုပ်ထားပြီး ခြံတစ်ခြံကောင်ရေ ၁၀၀- ၁၅၀ ခန့်ရှိကာ ဒီရေကျမှ ခြံအဖုံးဖွင့်၍ အစာကျွေးကာ မွေးမြူနည်းဖြစ်ပါသည်။ ကဏန်းအစာအဖြစ် ငါးသေး၊ ငါးဖွဲ (Trash Fish)၊ တိရစ္ဆာန်စွန့်ပစ်အစာများကို ကဏန်းအလေးချိန်၏ ၁၀ ရာခိုင်နှုန်းခန့် ကျွေးမွေးပါသည်။

(ဃ) မြေကြီးကန်တူး၍ မွေးမြူမှု(Pond Culture)

 ရွှံ့စေးဆန်သောမြေတွင် မြေကြီးကန်များတူး၍ မွေးမြူမှုဖြစ်ပါသည်။ ကန်ဘောင်ပတ်လည်တွင် ဝါးယင်းများ ကာရံရပါသည်။ ကဏန်းအရေခွံလဲချိန်တွင် အချင်းချင်း စားပစ်တတ်၍ ကဏန်းခိုရန် နေရာပေးထားရန် လိုအပ်ပါသည်။(ဥပမာ- ငါးဖမ်းပိုက်အဟောင်း၊ ဝါးယင်းလိပ်၊ ခြုံစသည်များ)ကဏန်းထီးသည် အသားတက်မြန်လေ့ရှိပါသည်။ တစ်ဧကလျှင် အကောင်ရေ ၄၀၀၀ နှုန်းခန့် မွေးမြူပါသည်။

၁၀၀-၁၅၀ ဂရမ်အကောင်များ ဝယ်ယူ၍ ၃-၄ လခန့်မွေးမြူလျှင် ၂၅၀-၃၀၀ ဂရမ်ခန့် ကြီးထွားနိုင်ပါသည်။ ရှင်သန်နှုန်းမှာ ကန်အရွယ်အစားနှင့် ကောင်ရေနှုန်းပေါ်မူတည်၍ ၅၀ မှ ၇၅ ရာခိုင်နှုန်းခန့်အထိ ရှင်သန်တတ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်