ရော်ဘာပျိုးခင်း ပျိုးထောင် စိုက်ပျိုးနည်း

08/12/2017 22:29 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား

ရော်ဘာမျိုးသန့်မျိုးစေ့ဖြင့် (သို့မဟုတ်) မျိုးသန့်အဖူးကူးပင်များကို ပျိုးခင်းတွင် ပျိုးထောင်ပြီးမှ စိုက်ပျိုး ရပါသည်။ မြန်မာနိုင်ငံ၏ ရာသီဥတုမှာ ခြောက်သွေ့ကာလများပြီး မိုးရာသီကာလမှာ တိုတောင်း၍ ၄ လ မှ ၅ လသာ ရှိသဖြင့် ရော်ဘာ စိုက်ပျိုးရှင်သန် ဖြစ်ထွန်းရန်နှင့် အပင်ညီညာရန် စံချိန်မှီ သန်စွမ်းသော ပျိုးပင်များ ထုတ်လုပ်ရန် လိုအပ်ပါသည်။ ထိုကဲ့သို့ အချိန်မှီ စိုက်ပျိုးနိုင်ရန်အတွက် ပျိုးခင်းအား ၁ နှစ်မှ ၂ နှစ် ကြိုတင်ဆောင်ရွက်ရပါသည်။ အဖူးကူးရန်အတွက် မျိုးကိုင်းပွားခင်းကိုလည်း ၂ နှစ်ခန့် ကြိုတင် ဆောင်ရွက် ရပါသည်။

စိုက်ပျိုးချိန်အမှီ စံချိန်မှီ ပျိုးပင်များ ထုတ်လုပ် နိုင်ရန်အတွက် အဆင့်ဆင့်သော ပျိုးခင်း လုပ်ငန်းများကို ရာသီအလိုက် စနစ်တစ်ကျ ဆောင်ရွက်သွားရန် လိုအပ်ပါသည်။ ရော်ဘာ ခြံသစ်များ စိုက်ပျိုးခြင်းနှင့် ပြန်လည် စိုက်ပျိုးမည့် အပင်အိုရော်ဘာ ခြံဟောင်းများအတွက် လိုအပ်သော ပျိုးပင်များ ထုတ်လုပ်ပေး နိုင်ရန်အတွက်ရော်ဘာ ပျိုးခင်းများကို ဌာနတွင် ပျိုးခင်း မှတ်ပုံတင်များ ပြုလုပ်စေကာ နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ကဏ္ဍနှစ်ခုစလုံးမှာ တစ်ပြိုင်နက် တိုးချဲ့ တည်ထောင်သွားရန် လိုအပ်ပါသည်။ ဤရော်ဘာ ပျိုးခင်းနည်းစနစ်တွင် ရော်ဘာပျိုးခင်းများ တည်ထောင်ရာတွင် လိုက်နာ ကျင့်သုံးဆောင်ရွက်သင့်သော နည်းစနစ်များအားဖော်ပြထားပါသည်။

၁။ ပျိုးခင်းမြေနေရာ ရွေးချယ်ခြင်း

စိုက်ခင်းကောင်းတစ်ခုဖြစ်ရန် ပျိုးခင်းအတွက်မြေနေရာရွေးချယ်ရာတွင် မြေသား အထူ ၁၈ လက်မ ရှိ၍ သဲမဆန်လွန်း၊ မစေးလွန်းသော မြေဩဇာ ထက်သန်သည့်မြေ၊ စိမ့်မစွဲသောမြေ၊ ရေသွင်းရေထုတ် လွယ်ကူသော ညီညာပြန့်ပြူးသည့်မြေ တို့ကို ရွေးချယ်ရမည်။၊ နွေရာသီရေလုံလောက်စွာ ရရှိသောနေရာ၊ စိုက်ပျိုးမည့် စိုက်ကွက်နှင့် နီးနိုင်သမျှ နီးသောနေရာ၊ ရောဂါပိုးမွှား မကူးစက်နိုင်ရန်ရော်ဘာပင်အိုနှင့် ဝေးသောနေရာ၊ လောင်းရိပ် မရှိသောနေရာ၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်သောနေရာများတွင် ရွေးချယ်ရမည်။

၂။ မြေပြုပြင်ခြင်း
မြေဘောင်ပျိုးခင်း၊ ပလပ်စတစ်အိတ် ပျိုးခင်းတို့၏မြေပြုပြင်ခြင်း လုပ်ငန်းများကို မျိုးစေ့မကြွေမှီ ၁ လခန့်တွင် ပြီးစီးအောင်ဆောင်ရွက် ထားရမည်။

၃။ လက်ခံပျိုးခင်း စိုက်ပျိုးခြင်း

(က) ရော်ဘာမျိုးစေ့များ စုဆောင်းခြင်းနှင့် အစို့ဖောက်ခြင်း

သန်စွမ်းသော လက်ခံပျိုးပင်များ ရရှိစေရန်အတွက် ပင်ကိုယ် အရည်အသွေးကောင်းသော ရော်ဘာမျိုးစေ့များကို စုဆောင်းကာ အစို့ဖေါက်ရသည်။ ရော်ဘာမျိုးစေ့မှာ ငုတ်လျှိုးကာလ (Dormancy period) မရှိသဖြင့် ကြာရှည်သိုလှောင်၍ မရပါ။ အပင်မှကြွေပြီး ရက်ကြာလာသည်နှင့်အမျှ အစို့ပေါက်နိုင်စွမ်းရည် (Viability) မှာ လျှင်မြန်စွာ ကျဆင်း သွားတတ်ပါသည်။

ထို့ကြောင့် မျိုးစေ့ကြွေပြီးပြီးခြင်း စုဆောင်းကာ ချက်ခြင်း အစို့ဖောက်ရသည်။ အဝေးသို့ သယ်ပို့ပါကလည်း ၃-၄ ရက်မှ အကြာဆုံး တစ်ပတ်အတွင်း အစို့ဖောက်သည့်နေရာသို့ အမြန်ဆုံး ရောက်အောင် ပို့ဆောင်နိုင်ရန် အစီအစဉ် လုပ်ပေးရသည်။ လတ်ဆတ်သော မျိုးစေ့များမှာ အရောင်တောက်ပကာ ဆီရောင်ထနေရပါမည်။

မျိုးစေ့အစို့ဖောက်ရန် အစို့ဖောက်တဲ ဆောက်လုပ်ပေးရပါသည်။ အစို့ဖောက်ဘောင်ကို အကျယ် ၃.၅-၄ ပေနှင့် အရှည်ကို လိုသလောက် ထားနိုင်ပါသည်။ ဘောင်အမြင့်ကို (၄-၆) လက်မခန့် ထားရှိပြီး ဘောင်ကို ပျဉ်(သို့)ဝါးဖြင့် ပြုလုပ်ရပါသည်။ ဘောင်တစ်ခုနှင့် တစ်ခုကိုရေလောင်းရန်နှင့် မျိုးစေ့ စစ်ဆေးရန်အတွက်လမ်း (၂) ပေ ထားရှိရပါသည်။

အစို့ဖောက်ရန် အကောင်းဆုံးမှာ မြစ်သဲကြမ်း ဖြစ်ပါသည်။ စက်ဖွဲပြာကိုလည်း အသုံးပြုနိုင်ပါသည်။ အစို့ဖောက်တဲ ရေမဝပ်စေရန်အတွက် ဘေးပတ်လည်တွင် ရေနုတ်မြောင်းကို လိုအပ်သလို ပြုလုပ်ပေးထားရပါမည်။ ဘောင်ပြင်ဆင်ခြင်း လုပ်ငန်းကို မျိုးစေ့မကြွေမှီ (၁) လခန့် အလိုတွင် အပြီး ပြင်ဆင်ထားရပါမည်။

ရော်ဘာမျိုးစေ့များအား သဲမျက်နှာပြင်ပေါ်တွင် မှောက်လျှက် အနေအထားကျောကုန်းလေးပေါ်ရုံ မြုပ်ရမည်။ တစ်စတုရန်း တစ်ပေတွင် မျိုးစေ့ ၁၀ဝ ခန့်ဝင်ဆန့်ပြီး မျိုးစေ့များ သဲဘောင်ပေါ်တွင် နှိပ်ပြီး သဲဘောင်အားရေကို နံနက်တစ်ကြိမ် ညနေတစ်ကြိမ် ရေလောင်းပေးရမည်။ မျိုးစေ့များမှာ (၇) ရက်ခန့်တွင် စတင် အစို့ပေါက်ပြီး အစို့ပေါက်စေ့များအား နေ့စဉ် စစ်ဆေးကာ ဖော်ယူပြီး စိုက်ပျိုး ရသည်။

ယခင်က အစို့ပေါက်စေ့များကို အမြစ်လောင်း ထွက်ခါစ အချိန် ခရေပွင့် ပုံစံ အဆင့်တွင် ဖော်ယူပြောင်းရွှေ့စိုက်ပြီး အမြစ်များ သိပ်ရှည်ထွက်လာပါက ကိုင်တွယ် သယ်ပို့ရာတွင် အမြစ်များ ကျိုးပဲ့နိုင်ပါသည်။ ယခုအခါ အပင်ညီစေရန် မျိုးစေ့များ စတင်ပေါက်ပြီး ၁၄ ရက်တွင် တစ်ဖုံ ရင့်ပြီးမှ ဂရုစိုက်ပြောင်းရွှေ့ စိုက်ပျိုးပါသည်။

(ခ) လက်ခံပျိုးခင်းစိုက်ပျိုးခြင်း

မြေဘောင်တွင်စိုက်ပျိုးခြင်း

မြေသား အနက်အနဲဆုံး (၁) ပေ အထိ ထယ်ထိုး ထွန်ယက်ပေးရသည်။ အခြေခံ ဓာတ်မြေဩဇာအဖြစ် တစ်ဧကလျှင် (Rock Phosphate) ၅၆၀ ပေါင် (၁၅၆ ပိဿာ) နှင့် (Magnesium limestone) မဂ္ဂနီဆီယမ်ကျောက်မှုန့် ၁၁၂ ပေါင် (၃၁ ပိဿာ) နူန်း အသီးသီး ထည့်သွင်း ရမည်။ စိုက်ပျိုးရန် အတွက်၂ပေ အကျယ်ဘောင် ပြုလုပ်ကာဘောင်တစ်ခုနှင့် တစ်ခုကြားတွင် အနဲဆုံး ၁.၅ ပေ မှ ၂.၀ ပေ အကျယ် လမ်းထားရှိရမည်။

ဘောင်အရှည်အား မြေအကျယ် အခြေအနေအရ ပြုလုပ်ရပါသည်။ နှစ်ပေ အကျယ်ဘောင်ပေါ်တွင် အစို့ပေါက် မျိုးစေ့များအား တစ်ပေ အကျယ် စိုက်တန်း (၂) တန်း ထားရှိကာ တစ်ပင်နှင့် တစ်ပင် ၆ လက်မ (သို့) ၉ လက်မခြား စိုက်ပျိုးရမည်။ စိုက်တန်း နှစ်တန်းတွင် စိုက်သည့်အခါ မျိုးစေ့များအား ဖိုခနောက်ပုံစံ စိုက်ပျိုးရသည်။

အစို့ဖေါက် မျိုးစေ့များကို ပျိုးဘောင်တွင် မှောက်လျက်ပုံစံအတိုင်း အမြစ်အား မြေကြီးအတွင်းသို့ စိုက်ကာကျောကုန်းမြုပ်ရုံ စိုက်ရသည်။ ဓာတ်စုံမြေဩဇာ (၁၅း၁၅း၆း၄) အား စိုက်ပြီး တစ်လမှ စ၍ လစဉ်တွင် အပင် ၁၀၀ ကို ပထမလ၌ (၄) အောင်စနှုန်း၊ ယင်းနောက်ပိုင်းများတွင် (၈) အောင်စနှုန်း အသီးသီး ဖြူး၍ကျွေးရသည်။ အဖူး မကူးမှီ (၁) လခန့် အလိုတွင် မြေဩဇာကျွေးခြင်း မပြုရ။ လက်ခံပင် ပျိုးခင်းများ အဖူးမကူးမီ တစ်လခန့် အလိုတွင် မြေဩဇာကျွေးရန် မသင့်သော်လည်း အဖူးကူးရာ၌ အခေါက် အရည်ရွှမ်းပြီး လွယ်ကူစွာ ခွာနိုင်ရန် ရေကို ပုံမှန်လောင်းပေးရသည်။

အဖူး ကူးရန် စံချိန်မှီ သန်စွမ်းသော လက်ခံပင်များကို ရရှိရန်အတွက် ပင်လှီများ နုတ်ခြင်းကို စိုက်ပျိုးပြီးနောက် (၃) လအထိ လစဉ် ၁၀ % စီ စုစုပေါင်း ၃၀ % ထိ နုတ်ဖယ်ရပါသည်။
လက်ခံ ပျိုးပင် တစ်ဧက ပျမ်းမျှ အပင် ဝင်ဆန့်မှုနှင့် ရရှိနိုင်မှု စိုက်ပျိုးချိန် ၃၀ဝဝဝ - ၄၀ဝဝဝ ပင်၊ ၃ လ အကြာ၂၀ဝဝဝ -–၂၆၀ဝဝ ပင် (ပင်လှီ၃၀ % နှုတ်ပြီး) အဖူးကူး ပျိုးငုတ်ပင် ၁၆၀ဝဝ- ၂၀ဝဝဝ ပင် စိုက်ပျိုးနိုင်သည်။

၄။ ပလပ်စတစ် ပျိုးအိတ်တွင် တိုက်ရိုက် စိုက်ပျိုးခြင်း

အသုံးပြုရန် သင့်တော်သော ပလပ်စတစ်ပျိုးအိတ် အရွယ်အစားမှာ (၆”×၁၂”) ဖြစ်ပါသည်။ ပလပ်စတစ် အိတ်များအားအောက်ခြေတွင် အပေါက်ငယ် (၂၀) ခန့် ဖေါက်ရပါသည်။ အပေါ်ယံမြေကြီးနှင့် မြေဆွေးအား ၃း၁ ရောစပ်ကာ မြေကြီး (၁) ကုဗပေတွင် ရော့ဖေါ့စဖိတ် ၄ အောင်စနှုန်း ထည့်သွင်း ရောစပ်ရမည်။ ပလပ်စတစ်အိတ်တွင် မြေကြီးကို အိတ်အပေါ် နှုတ်ခမ်းမှ တစ်လက်မ လျော့ကာ ဖြည့်ရမည်။ မြေဖြည့် သွပ်ပြီး အိတ်များအား ၂ လုံး တန်းစီ၍ အိတ်၏ လေးပုံ သုံးပုံ ခန့် အနက်မြေကြီးတွင် မြုပ်ပေးရသည်။ တန်းတစ်တန်းနှင့် တစ်တန်းကြားတွင် ၂ ပေ အကျယ်လမ်း ထားရှိရမည်။ အိတ်များအား နှစ်လုံးတွဲ စီပြီးနောက် အိတ်ဘေးတွင် မြေကြီး ပြန်ဖို့ပေးရသည်။

ပျိုးအိတ်များအတွင်း အစို့ပေါက် မျိုးစေ့များအား မြေဘောင်ပျိုးခင်းတွင် စိုက်ပျိုးသည့်နည်းအတိုင်း စိုက်ရသည်။ စိုက်ထားပြီးသော ပျိုးပင်များအား တစ်ရက်ခြား စစ်ဆေးကာ အပင်သေနေရာများ ချက်ချင်း ပြန်လည်ဖာထေး စိုက်ပျိုးရသည်။

အပင်၏ ပထမ ရွက်ဖုံးရင့်ပြီးနောက် ဓာတ်စုံမြေဩဇာ (၁၅း၁၅း၆း၄) အား အပင် ၁၀ဝ လျှင် ၈ အောင်စ နှုန်းဖြင့် နှစ်ပတ်လျှင် တစ်ကြိမ် ကျွေးပေးရသည်။ ယူရီးယား ဓာတ်မြေဩဇာကို ရေတွင်ဖျော်ကာ ၂ ပတ်ခြား အရွက်များအား ဖြန်းခြင်းဖြင့် ဖြည့်စွက်ကျွေးသင့်ပါသည်။ အပင် ၁၀ဝ အတွက် ရေတစ်ဂါလံတွင် ယူရီးယား ၁.၀ အောင်စနှုန်းဖျော်၍ ဖြန်းပါက လုံလောက်သည်။ မြေဩဇာကို အဖူးမကူးမှီ တစ်လခန့် အလိုတွင်ကျွေးရန် မလိုအပ်ပါ။

နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေး ဌာန (မော်လမြိုင်)


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်