မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍ၏ လူသိနည်းသော ကွက်လပ်တစ်ခု

19/01/2018 10:20 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကျွန်တော် Green Way ဝက်ဆိုဒ်အတွက် နည်းပညာစာစောင်လေးတွေကို အခြားသော ဝက်ဆိုဒ်များမှ ကောင်းနိုးရာရာလေးတွေကို လိုက်လံရှာဖွေရင်း ဘာသာပြန်အလုပ်လေးတွေကို အားလပ်တဲ့ အချိန်တိုင်းမှာ လုပ်ဖြစ်ပါတယ်။ အချို့စာလေးတွေက စာဖတ်သူ၊ စိုက်ပျိုးသူတွေအတွက်လည်း အကျိုးရှိသလို၊ အချို့စာတွေကျပြန်တော့ လက်တွေ့စိုက်ပျိုးနေသူများအတွက်သာ အသုံးဝင်နေပေမယ့် ဗဟုသုတအတွက် ဖတ်တဲ့သူတွေကျတော့ ပျင်းစရာကြီးတွေ ဖြစ်နေပြန်ရော။ ဒါပေမယ့် ဘယ်လို စာတွေကိုပဲ ဘာသာပြန်ပြန် ကျွန်တော့်အတွက် အမြဲတမ်း အခက်တွေ့နေရတာကတော့ စကားလုံး အသုံးအနှုန်းပါပဲ။

ပထမဦးဆုံး Agriculture ကို မြန်မာလို စိုက်ပျိုးရေးလို့ တရားဝင် ဘာသာပြန်နေကြတာ တွေ့ရပါတယ်။ Google မှာရှာကြည့်လိုက်တော့ Agriculture က စိုက်ပျိုးရေးရော မွေးမြူရေးပါ ဆက်စပ် အကျုံးဝင်နေပါတယ်။ ဒါက ကျွန်တော် ဘာသာပြန်နေတဲ့ စာစောင်တွေအတွက် တိုက်ရိုက်အသုံးဝင်တာ နည်းပါတယ်။ ဒါပေမယ့် ကျွန်တော် အချို့သော စကားတွေနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ ဇဝေဇဝါ ရှိနေဆဲပါ။

ဥပမာအားဖြင့် Sustainable agriculture ကို ရေရှည်တည်တံ့သော စိုက်ပျိုးရေးလို့ ပြန်လိုက်တဲ့အချိန်မှာ နောက်ထပ် ဆောင်းပါးတစ်ပုဒ်က Permanent agriculture အကြောင်း။ ကျွန်တော် ဘယ်လို အကာင်းဆုံး ပြန်ဆိုလို့ ရမလဲ စဉ်းစားကြည့်ပါတယ်။ သူတို့ နှစ်ခုက အဓိပ္ပါယ်က ခပ်ဆင်ဆင်တွေဆိုပေမယ့် လုပ်ဆောင်နေကြတဲ့ လုပ်ငန်းစဉ်တွေက မတူကြပြန်ပါဘူး။ ကျွန်တော် ဉာဏ်မီသလောက် ဘာသာပြန်ဆိုလိုက်ပါတယ် ‘ထာဝရတည်မြဲသော စိုက်ပျိုးရေး’။ ဝန်ခံပါတယ်။ မှန်လား မှားလား ကျွန်တော်မသိပါဘူး။

နောက်တစ်ခုက အလုပ်ရုံအစည်းဝေးတစ်ခု တက်ရင်း သိလိုက်ရတာပါ။ အဲဒါကတော့ CSA (Climate Smart Agriculture)ပါ။ မြန်မာလို ပြန်လိုက်တာက ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော စိုက်ပျိုးရေး လို့ ပြန် တာကို တွေ့ရ ပါတယ်။ နောက် ၂ လ လောက်ကြာတော့ နောက်အဖွဲ့အစည်း တစ်ခုက ထပ်ဖိတ်လို့ တက်ရပြန်ပါတယ်။ အဲဒီမှာတော့ ရာသီဥတုနှင့် လိုက်လျောညီထွေ ရှိစေသော စိုက်ပျိုးနည်းပညာရပ်လို့ ပြန်ပါတယ်။ အချို့တွေကြတော့လည်း ရာသီဥတု ပြောင်းလဲမှုဒဏ် ခံနိုင်သော စိုက်ပျိုးရေး လို့လည်း တစ်မျိုး ပြန်ကြပါသေးတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ဘာသာပြန်ရာမှာ အားကိုးစရာ၊ ကိုးကားစရာလေးများ ရှိခဲ့ရင် အရမ်းကောင်းမှာပဲလို့ တွေးမိပါတယ်။

အခုချိန်မှာတော့ အတော်များများက အင်္ဂလိပ်လို ညှပ်ညှပ်ပြောရင်း အဆင်ပြေနေတော့ မြန်မာမှုပြုရာမှာ ပုံသေရှိဖို့က အရေးမပါသယောင်ရှိနေသလို ဖြစ်နေပါတယ်။ မှန်ပါတယ်။ တစ်ခါတစ်လေမှာတော့ အင်္ဂလိပ် အသုံးအနှုန်းက မြန်မာ လို ဘာသာပြန်ပြီး ပြောတာထက် ပိုလွယ်ပြီး ပိုအဆင်ပြေပါတယ်။ (ဥပမာ - အော်ဂဲနစ်)။ ပညာရှင်အချင်းချင်း နိုင်ထရိုဂျင်၊ ပိုတက်ဆီယမ်လို့ ပြောနေပေမယ့် တောင်သူတွေအဆင့်မှာတော့ မြေသြဇာတွေကို အဖြူ၊ အနက် လို့ ခေါ်နေကြတုန်းပါပဲ။ ဒီတော့ တောင်သူက နိုင်ထရိုဂျင်ဆိုတာ မြန်မာလို ဘာလဲလို့ မေးလာတဲ့အခါ သတ်မှတ်ထားတဲ့ ပြန်ဆိုချက်တွေ မရှိသေးတဲ့အတွက် အဆင်ပြေသလို ပြန်ဆိုနေရပါတယ်။ ဒီတော့ အဓိပ္ပါယ်ကောက်တာ လွဲပြီး လမ်းလွဲသွားမှာကို စိုးမိပါတယ်။ တစ်ခါတုန်းက ရုပ်သံတစ်ခုက အစီအစဉ်မှာ အာဟာရဓာတ် တစ်ခု ကို ညွန်းချင်ပေမယ့် အလွယ်တကူပဲ အာမိုထည့်လို့ အကြံပြုတာကို တွေ့လိုက်ရပါတယ်။ ကုမ္ပဏီကို အပြစ်ပြောတာတော့ မဟုတ်ပါဘူး။ အနည်းဆုံးတော့ တောင်သူနားလည်အောင် အာမိုဘယ်မြေသြဇာမှာ ပါတဲ့ ဘယ်လိုဓာတ်မျိုးလိုအပ်နေလို့ အဲဒီအာဟာရဓာတ်ပါတဲ့ မြေသြဇာ တစ်မျိုးမျိုး ထည့်ပေးသင့်တယ်လို့ ပြောသင့်တာ မဟုတ်ပါလား။ ဒီတော့ စိုက်ပျိုးရေး ဝေါဟာရ စကားလုံးတွေကို သတ်သတ်မှတ်မှတ်ရှိတဲ့ အဓိပ္ပါယ် ပြန်ဆိုမှုလေးများ ရှိရင် ဘာသာပြန်ဆိုရာမှာ လွယ်ကူလာနိုင်သလို တောင်သူတွေအနေနဲ့လည်း ပညာရှင်တိုင်းစီက အဓိပ္ပါယ်ပြန်ဆိုမှု အမျိုးမျိုးကို လိုက်ပြီး နားလည်အောင် နားထောင်နေရတဲ့ ဒုက္ခတွေ ကင်းဝေးသွားမယ်လို့ ယူဆမိပါတယ်။

ဒါဆိုရင် စိုက်ပျိုးရေး အဘိဓာန်ကို ဘယ်သူက တာဝန်ယူ ပြုစုရေးသားသင့်သလဲ။ ကျွန်တော်တို့လို စိုက်ပျိုးရေး နိုင်ငံအနေနဲ့ အဘိဓာန်ကို ရေးသားပြုစုနိုင်တဲ့ ဆရာကြီး၊ ဆရာမကြီးတွေ အများကြီး ရှိနေတယ်ဆိုတာ အားလုံးသိပြီးသားပါ။ ရေးသားဖို့ပဲ လိုပါတယ်။ အင်္ဂလိပ်မှ မြန်မာ၊ မြန်မာမှ မြန်မာ၊ မြန်မာမှ အင်္ဂလိပ် စတဲ့ အဘိဓာန်တွေ လိုအပ်နေပါတယ်။ နိဂုံးချုပ်အနေနဲ့ အကြံပြုလိုတာကတော့ အဘိဓာန်ထုတ်ဝေရာမှာ တစ်နေရာ၊ တစ်ဌာနတည်းက မထုတ်ဘဲ စိုက်ပျိုးရေး ပညာရှင်၊ စိုက်ပျိုးရေး ကျောင်းဆင်း၊ ကျောင်းသား၊ စိုက်ပျိုးသူများအားလုံး ပါဝင်နိုင်ရင် ကောင်းမွန်ပြည့်စုံတဲ့ စိုက်ပျိုးရေး အဘိဓာန် ထွက်ရှိလာမယ်လို့ ယုံကြည်လျက်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်