ဘာတွေက အပင်တွေကို ရောဂါဖြစ်စေတာလဲ။

29/12/2018 17:08 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒီတစ်ခေါက်တော့ အူးလေးကြီးက အပင်တွေကိုတိုက်ခိုက်ဖျက်ဆီးတဲ့ အရာတွေထဲကမှ ရောဂါဖြစ်စေနိုင်တဲ့ အရာတွေက ဘာတွေလဲ ဆိုတာရယ်။ ဘယ်လို ရှောင်ရှားနိုင်တယ်ဆိုတာရယ်ကို အကြမ်းဖျင်းပြောပြမှာ။ အဲ့တော့  ဆက်ကြည့်လိုက်ရအောင်။

အပင်တွေမှာ လည်း ရောဂါတွေဖြစ်တယ်နော်။ အဲ့တော့ အပင်တွေကိုရောဂါဖြစ်စေနိုင်တဲ့အပင်တွေအကြောင်း ကိုလေ့လာကြည့်တာပေါ့။ အပင်တွေကို ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေ ကို စပြီးတော့ လေ့လာကြည့်ရအောင်။

ရောဂါဖြစ်စေနိုင်တဲ့သက်ရှိတွေကို ဘိုလို Pathogen လို့ခေါ်ပါတယ်။ အဲ့ Pathogen တွေမှာ

- မှို နဲ့ မှိုနှင့် တူသော သက်ရှိများ (Fungi and Fungus like organism)
- ဘက်တီးရီးယားတွေ (Bacteria)
- ဗိုင်းရပ်စ်(Virus) တွေ
- နီမတုတ်(Nematode) တွေ
- ကပ်ပါးမျိုးပင်တွေ(Parasitic Seed Plants) တို့ ဖြစ်ပါတယ်
- မှို နဲ့ မှိုနှင့် တူသော သက်ရှိများ (Fungi and Fungus like organism)

မှိုနဲ့ မှိုနဲ့တူသော သက်ရှိတွေကြောင့် အပင်တွေမှာ ဖြစ်တဲ့ရောဂါတွေက အများဆုံးဖြစ်ပါတယ်။ သူတို့က သာမာန်မျက်လုံးနဲ့ မမြင်နိုင်တဲ့  အလွန်သေးငယ်တဲ့ သက်ရှိလေးတွေဖြစ်ပါတယ်။ တစ်ခါတစ်လေမှာတော့ သူတို့ကိုမြင်နိုင်တာလည်းရှိပါတယ်။ စပါးနှံမှာရှိတတ်တဲ့ ဆနွင်းလုံးတွေဟာ မှိုတွေပါပဲ။ ဦးလေးကြီးတို့ ကိတ်မုန့် တွေ မှာ မြင်နိုင်တဲ့ မှိုတွေစားမိရင် ကင်ဆာဖြစ်မယ်ဆိုတာမျိုးပါပဲ။ အဲ့လိုမှိုတွေကြီးထွားလာဖု့ိဆိုရင်တော့ လုံလောက်တဲ့ အစိုဓာတ်ရယ်၊ အပူချိန်ရယ် လိုအပ်ပါတယ်။ အဲ့ဒါတွေပြည့်စုံရင်တော့ အပင်တွေမှာ ရှိနေတဲ့ သဘာဝအတိုင်းပါဝင်တဲ့ အပေါက်တွေကနေမှ တစ်ဆင့် အပင်ထဲကိုဝင်ရောက်ပြီးတော့ အပင်တွေကို ရောဂါတွေ ဖြစ်ပွားစေပါတယ်။ အပင်တွေမရှိတဲ့အချိန်မှာလည်း အပင်တွေကနေ ကျန်တဲ့  အစိတ်အပိုင်းတွေ၊ ပေါင်းပင်တွေ၊ မြေကြီး၊ မျိုးစေ့တွေ မှာ နေနိုင်ပါတယ်တဲ့။ အပင်တွေ ပြန်စိုက်တဲ့အခါကျတော့ သူတို့ကလည်း ပြန်လာကြတာပေါ့ကွယ်။  မှိုတွေက မျိုးပွားနိုင်ဖို့အတွက် စပိုး(Spore)လေးတွေကို အပူချိန်မှန်ရင် ထုတ်ပေးနိုင်ပါတယ်။ အဲ့လို စပိုးလေးတွေကို ရက်အနည်းငယ်အတွင်းမှာ သန်းချီပြီးတော့ကို ထုတ်လုပ်နိုင် တာဖြစ်ပါတယ်။  အဲ့စပိုးလေးတွေကနေပြီးတော့ အပင်တွေမှာ ကျရောက် မှိုပင်တွေ ပေါက်ပြီးတော့ အရွက်ရော ဂါလိုမျိုး၊ မြစ်ပုတ်ရောဂါလိုမျိုး၊ ပင်စည်ပုတ် ရောဂါလိုမျိုး ရောဂါမျိုးစုံကို ဖြစ်ပေါ်စေပါတယ်။

ဘက်တီးရီးယားတွေ (Bacteria)

ဘက်တီးရီးယားတွေဆိုတာက ဆဲလ်တစ်လုံးပဲပါတဲ့ မိုက်ခရိုစကုတ်နဲ့ကြည့်မှ မြင်ရတဲ့ အလွန်သေးငယ် တဲ့သက်ရှိ အကောင်လေးတွေဖြစ်ပါတယ်။ ဘက်တီးရီးယားလေးတွေက လေနဲ့သော်လည်းကောင်း၊ ရေနဲ့သော်လည်းကောင်း၊ မိုးရေနဲ့သော်လည်းကောင်း၊ အင်းဆက်ပိုးမွှားတွေနဲ့သော်လည်းကောင်း အရာဝတ္ထု ပစ္စည်းတွေနဲ့သော်လည်းကောင်း တစ်ပင်ကနေ တစ်ပင်ကို ကူးစက်ပျံ့နှံ့နိုင်ပါတယ်။ ဆဲလ်နံရံမပါတဲ့ Phytoplasmas တွေဟာဆိုရင် ဖြုတ်တွေလိုမျိုး အင်းဆက်အကောင်လေးတွေကနေ တစ်ဆင့် တစ်ခြားအပင် တွေကို ရွေ့ပြောင်းနိုင်ပါတယ်။
ဘက်တီးရီးယားလေးတွေက အပင်ကကျန်တဲ့ပစ္စည်းတွေ၊ ပေါင်းပင်တွေမှာ ရှင် သန်နေထိုင်နိုင်ပါတယ်။ Phytoplasmas တွေဆိုရင် အင်းဆက်ကိုယ်တွေထဲမှာ အသက်ရှင်နေထိုင်နိုင်ပါတယ်။  စွတ်စိုပြီး နွေးတဲ့အချိန်တွေမှာဆိုရင် ဘက်တီးရီးယားတွေက လျင်မြန်စွာမျိုးပွားနိုင်ပြီးတော့ အဲ့အချိန်မှာပဲ အပင်တွေကို ကျရောက်တဲ့ ရောဂါတွေတိုးတက်မှုကို လျင်မြန်စွာတိုးပွားကူးစက်စေပါတယ်။ တစ်ရက်အတွင်းမှာ ၁၇သန်းကျော်လောက်ကို ပွားစေပါတယ်နော်။ အရွက်တွေ၊ အညွှန့်တွေ နဲ့ အသီးတွေမှာ  ဖြစ်တဲ့ရောဂါတွေဟာ ဘက်တီးရီးယားတွေကြောင့်ဖြစ်တာ များပါတယ်။

ဗိုင်းရပ်စ်(Virus) တွေ

ကဲ သူတို့ကတော့ အပင်ရောဂါဖြစ်စေတဲ့ သက်ရှိတွေထဲမှာ အသေးဆုံးဖြစ်ပါတယ်။ အလွန်သေးငယ်တာ ကြောင့် အီလက်ထရွန်မိုက်ခရိုစကုတ်ကို သုံးပြိးကြည့်မှ မြင်နိုင်တာဖြစ်ပါတယ်။ သူတို့ ကူးပြောင်းမှုက အင်းဆက် ပိုးမွှားတွေကနေ တစ်နေရာကနေတစ်နေရာ ရွေ့ပြောင်းကြတာဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရောဂါတွေ ကျနေရတဲ့အထဲ အင်းဆက်တွေပါ အဲ့အခင်းထဲရှိနေရင် တစ်ခြားအခင်းတွေပါ ဆိုးဆိုးဝါးဝါးကျရောက်နိုင်တာဖြစ် ပါတယ်။ တစ်ခြား ကူးစက်နိုင်တဲ့ လမ်းကတော့ လူတွေပဲဖြစ်ပါတယ်။ အပင်တွေမရှိတဲ့အချိန်မှာ သူတို့က အခြား အပင်တွေရဲ့ အသက်ရှိတဲ့ တစ်ခြားဆဲလ်မတွေမှာ ရှင်သန်နေထိုင်နိုင်တာဖြစ်ပါတယ်။ သူတို့ ကျပြီဆိုရင်တော့ အပင်ပုတာမျိုး၊ အရွက်အရောင်တွေပြောင်းတာလိုမျိုးနဲ့ ကြီးထွားမှုကို နှောက်ယှက်တဲ့ ရောဂါမျိုးတွေဖြစ်လေ့ ရှိပါတယ်။

နီမတုတ်(Nematode) တွေ

နီမတုတ်တွေကလည်း မြေကြီးထဲမှာရှိနေတဲ့ မိုက်ခရိုစကုတ်နဲ့ကြည့်မှ မြင်နိုင်တဲ့ အကောင်လေးတွေ ဖြစ်ပါတယ်။ ရောဂါဖြစ်စေနိုင်တဲ့ကောင်တွေက အပင်အမြစ်တွေကို စားပါတယ်။ အကောင်နည်းတယ်ဆိုရင် တော့ ဘာမှ မဖြစ်ပေမဲ့ အကောင်များပြီး အမြစ်ထိခိုက်မှုများရင်တော့ အပင်တွေအတွက် အာဟာရနဲ့ ရေစုပ်ယူ မှုတွေကို ထိခိုက်စေနိုင်ပါတယ်။ သူတို့မျိုးဆက်တစ်ခုကြီးထွားဖို့ ၃ ပတ်ကနေ ၄ ပတ်လောက်ပဲ ကြာပါတယ်။ သူတို့ ကြီးထွားမှုကို ဘက်တီးရီးယားတွေနဲ့ မှိုတွေက နှောက်ယှက်နေလို့သာပါ မဟုတ်ရင် သူတို့ နှေးနှေးလေး တိုးပွားတာနဲ့တင် အပင်တွေမှာ ထိခိုက်မှုကြီးစေပါတယ်။ မြေကြီးထဲမှာနေတာဖြစ်တာကြောင့် သူတို့ ပျံ့နှံ့မှုက လည်း မြေကို ထွန်ယက်တာလိုမျိုး၊ စက်တွေသုံးပြီး ထွန်ယက်တာလိုမျိုးနဲ့ တစ်နေရာကနေ တစ်နေရာ ရွေ့ပြောင်းနိုင်ပါတယ်။ အမြစ်တွေမှာ အပေါက်တွေ အဖုတွေဖြစ်နေတာမျိုးဆိုရင်တော့ သူတို့လက်ချက်ပါ။

ကပ်ပါးမျိုးပင်တွေ(Parasitic Seed Plants)

တစ်ချို့ ကပ်ပါးပင်တွေဟာဆိုရင် တစ်ခြားအပင်တွေမှာ ကပ်ပါးပြုပြီး အဲ့အပင်တွေကနေပြီးတော့ ရေနဲ့ အာဟာရတွေကို စုပ်ယူပြီးတော့ ကပ်ပါးပြုခံရတဲ့အပင်တွေကို ရောဂါတွေဖြစ်စေပါတယ်။ သူတို့ကလည်း မျိုးစေ့ ကနေ မျိုးပွားပြီးတော့ တစ်နေရာကနေ တစ်နေရာ ကူးစက်ပျံ့နှံ့နိုင်ပါတယ်။
ခုဏကပြောပြထားတဲ့ အရာတွေကဆိုရင် ဦးလေးကြီးတို့ကို အန္တရာယ်ဖြစ်စေနိုင်တဲ့အကောင်တွေကိုပဲ ပြောပြတာဖြစ်ပါတယ်။ အဲ့အပြင်ကို ဦးလေးကြီးတို့ကို အကျိုးပြုတဲ့ မှိုတွေ ဘက်တီးရီးယားတွေ ရှိနေပါသေးတယ်နော်။

ရောဂါတြိဂံ

တကယ်တန်းကျတော့ အပင်တွေ ရောဂါဖြစ်ဖို့အတွက် လိုအပ်တဲ့အခြေအနေတွေရှိပါတယ်။ လက်ခံပင်၊ ရောဂါဖြစ်စေနိုင်တဲ့သက်ရှိနဲ့ ပတ်ဝန်းကျင်အခြေအနေတို့ပဲဖြစ်ပါတယ်။  ပတ်ဝန်းကျင်အခြေအနေ ကလည်း ပေးနေတဲ့အချိန် ရောဂါကိုလက်ခံမဲ့အပင်ကလည်း အားနည်းနေမယ် ရောဂါဖြစ်စေနိုင်တဲ့သက်ရှိက လည်းရှိနေတယ် ဆိုရင်တော့ လက်ခံပင်တွေမှာ ရောဂါဖြစ်ဖို့က အရမ်းကိုသေချာတာပေါ့လေ။

ကဲ ခုတစ်ပတ်ကတော့ ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေအကြောင်းကိုပြောပြပေးခဲ့တာဖြစ်ပါတယ်။ ရောဂါဖြစ်နေတယ်ဆိုရင်တော့ စူးစမ်းတတ်တဲ့ တောင်သူဦးကြီးတွေက ဘာကြောင့်လဲဆိုတာကို နည်းနည်းတော့ သိသွားပြီး အသုံးဝင်မယ် လို့ ထင်ပါတယ်။ တောင်သူတွေ အကျိုးများပါစေနော်။

Htunn Win Kyaw

Reference - Paul Vincelli, Extension Plant Pathologis  “ Fundamental Principles of Plant Pathology for Agricultural Producers” “University of Kentucky, College of Agriculture,Food and Environment
Cooperative Extension Service


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်