အို..မိတ်ဆွေ..ကမ္ဘာမြေရင်ခွင်ကို ရှင်သန်ခွင့်​ပေးပါ

22/04/2023 07:00 AM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

ကမ္ဘာမြေစိမ်းလန်းပါစေ..ပန်းပွင့်တွေဆုတောင်းနေ

ကမ္ဘာမြေငြိမ်းချမ်းပါစေ...ကျေးငှက်တို့တေးဆိုနေ

ကမ္ဘာမြေစိမ်းလန်းပါစေ..နှလုံးသားတွေဆုတောင်းနေ

ကမ္ဘာမြေငြိမ်းချမ်းပါစေ...အားလုံးကတောင်းဆိုနေ

ဂီတမှော်ဆရာ ထူးအိမ်သင် ခေါ် ဦးငှက်ကြီးရဲ့ ‘ကမ္ဘာမြေငြိမ်းချမ်းပါစေ’ သီချင်းထဲက ဒီသီချင်း စာသားလေးတွေဟာ အချိန်တွေ ပိုကြာလာလေ ကမ္ဘာကြီးအတွက် အဓိပ္ပာယ်ပိုရှိလာလေပါပဲ။ 

ဘာလို့လဲဆိုတော့ ကမ္ဘာကြီးဟာ စာနာညှာတာကင်းမဲ့သူ လူသားတချို့ကြောင့် ပျက်စီးယိုယွင်းလာ နေလို့ပါ။ အနီးစပ်ဆုံးကိုကြည့်လိုက်။ ခုဆို ကျွန်မတို့တွေ ပုံမှန်ထက် ပိုပူနေကြပြီ။ မိုးဆိုလည်း သူ့ အချိန်မဟုတ်ဘဲ ထရွာချင် ရွာနေတာ။ မရွာချင်လည်း မရွာ။ ဒီနှစ်ဆို ပုံမှန်ရွာနေကြ သင်္ကြန်မိုးတောင် မရွာ။ 

ဒီလို ကမ္ဘာမြေကြီး နေမကောင်းဖြစ်နေတာကို လူသားတိုင်းသတိမူမိ အသိဝင်မိကြစေဖို့ဆိုပြီး ဧပြီလ ၂၂ ရက်နေ့တိုင်းကို ကမ္ဘာမြေကြီးနေ့အဖြစ် သတ်မှတ်သွားဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှုးချုပ်ဟောင်း ဦးသန့်ကိုယ်တိုင် လက်မှတ်ရေးထိုးခွင့်ပြုပေးခဲ့ပါတယ်။ ဒီလိုနဲ့ဖြစ်ပေါ်လာခဲ့တဲ့ ကမ္ဘာမြေနေ့ဟာ ဒီနှစ်နဲ့ဆို ၅၃ ကြိမ်မြောက် ရှိသွားခဲ့ပါပြီ။

ကမ္ဘာမြေကြီးဟာ အလွန်လှပတဲ့နေရာဖြစ်ကြောင်း သတိပြုမိစေပြီး ထိန်းသိမ်းဖို့အတွက် လှုံဆော် ပေးတဲ့ ဆောင်ပုဒ်တွေနဲ့ ကမ္ဘာမြေနေ့ကို နှစ်စဉ်ကျင်းပကြပါတယ်။ 

ဒီနှစ်အတွက် ဆောင်ပုဒ်ကတော့ “Invest in our planet”... ကျွန်ုပ်တို့ရဲ့ ကမ္ဘာမြေကြီးမှာ ရင်းနှီး မြှုပ်နှံပါတဲ့။

ကျွန်မတို့ကမ္ဘာကြီးရဲ့ သက်တမ်းက နှစ်ပေါင်း ၄.၅၄၃ သန်းရှိပါပြီ။ ဒီလိုနှစ်သန်းပေါင်းများစွာ လူသားတွေဟာ ဒီကမ္ဘာကြီးပေါ်မှာ နေထိုင်ခဲ့ကြရာမှာ ကမ္ဘာကြီးရဲ့ရင်ခွင်ထဲက သယံဇာတ အရင်း အမြစ်တွေကိုသာ ထုတ်ယူသုံးစွဲခဲ့ကြပေမဲ့ ကမ္ဘာကြီးကို အစာအာဟာရကောင်းကောင်းနဲ့ ပြန်ပြုစု ဖို့တော့ ပျက်ကွက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ နှစ်တွေကြာလာတာနဲ့အမျှ ကမ္ဘာကြီးဟာ ကျွန်မတို့ တစ်တွေကို အလုပ်အကျွေးပြုရရင်း ပင်ပန်းလာနေပါပြီ။ ဇရာလို့ပင် ဆိုရမလား။ အိုမင်းလို့လည်း နေလှပါပြီ။ ဆိုရရင် ကမ္ဘာကြီးရဲ့ကျန်းမာရေးတွေ ချို့ယွင်းလာနေပါပြီ။

ဒီတော့ အခုချိန်ကစပြီး ကမ္ဘာကြီးကို ရေရှည်ရှင်သန်ကျန်းမာဖို့ ပြန်ပြီးထိန်းသိမ်းရမှာ ကျွန်မတို့ရဲ့ တာဝန်ဖြစ်လာပါတယ်။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုသလိုပဲ ကမ္ဘာကြီးကျန်းမာမှ ကျွန်မတို့လည်း ကျန်းမာစွာ နေထိုင်ရှင်သန်နိုင်ကြမှာ မဟုတ်ပါလား။

ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ စီးပွားရေးသမားတွေ၊ အစိုးရအဖွဲ့အစည်းတွေနဲ့ နိုင်ငံသားတွေအနေနဲ့ နောင်လာမဲ့ သား၊ မြေး၊ မြစ်တွေ မျိုးဆက်တွေ ကမ္ဘာမြေကြီးပေါ်မှာ အန္တရာယ်ကင်းပြီး ကောင်း ကောင်းမွန်မွန် နေထိုင်နိုင်ရေးရည်ရွယ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ လိုအပ်နေပါပြီဆိုတာကို လူသားတိုင်း သတိမူ စိတ်ဝင်စားစေဖို့အတွက် ရည်ရွယ်တာပဲဖြစ်ပါတယ်။

“အခု ၂၀၂၃ ခုနှစ်မှာ ကမ္ဘာမြေကြီးအတွက် ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး အတူတူတွဲပြီးအလုပ်လုပ်ရမယ်။ ဘယ်လိုတွေလဲဆို စီးပွားရေးလုပ်ငန်းရှင်၊ အစိုးရအဖွဲ့အစည်းနဲ့ ပြည်သူ့အဖွဲ့အစည်းတွေက ရာသီဥတု ဖောက်ပြန်ပျက်စီးအောင်လုပ်ဆောင်သူတွေကို အရေးယူပြီး တော့ ကမ္ဘာကြီး စိမ်းလန်းစိုပြေချမ်းသာပြီး အနာဂတ်မှာ သာယာဝပြောဖို့ လုပ်နေတဲ့ လုပ်ဆောင် ချက်တွေကို အရှိန်မြှင့်ရပါမယ်။ ငါတို့ရဲ့ အနာဂတ်မျိုးဆက်တွေ ကျန်းမာဖို့အတွက် အားလုံးအတူတူ အစိမ်းရောင်တိုက်ပွဲကို တိုက်ရမယ်။ ဒါ့ကြောင့် အခုချိန်ကစပြီး ကမ္ဘာကြီးကို ရင်းနှီးမြှုပ်နှံရမယ်” လို့ earthday.org ရဲ့ ဥက္ကဋ္ဌ Kathleen Rogers က ပြောပါတယ်။

ဒီလိုမျိုး အဖွဲ့အစည်းတွေကလည်း ဦးဆောင်လမ်းညွှန်မှုလုပ်ကြသလို ကျွန်မတို့ တစ်ယောက်ချင်း စီကလည်း ကိုယ်နိုင်သလောက် စွမ်းအားတွေနဲ့ ကမ္ဘာမြေကြီးကို ပြန်ဆေးကုဖို့ လိုအပ်နေပါတယ်။

ဘယ်လိုတွေ တစ်နိုင်စွမ်းအားနဲ့ ကူနိုင်လဲဆို...

(၁) လျှော့ချပါ၊ ပြန်သုံးပါ၊ ပြန်လည်ပြုပြင်သုံးစွဲပါ

 Reduce, Reuse, Recycle 3R ကို ကြားဖူးကြမှာပါ။ ဒီနည်းအတိုင်း ပလတ်စတစ်နဲ့ အမှိုက်တွေကို အသုံးချကြည့်ပါ။ သဘာဝအရင်းအမြစ်တွေကို ထိန်းသိမ်းရာလည်း ရောက်သလို တကယ်လည်း အလုပ်အဖြစ်ပါတယ်။

(၂) စေတနာ့ဝန်ထမ်းလုပ်ပါ

အဖွဲ့အစည်းတွေနဲ့အတူ စေတနာ့ဝန်ထမ်းတွေစုပေါင်းပြီးလည်း ကမ္ဘာကြီးသန့်ရှင်းဖို့ ဆောင်ရွက် နိုင်ပါသေးတယ်။ အမှိုက်စုကောက်တာတို့ စိန်ခေါ်ပြီး အပင်စိုက်တာမျိုးတို့ပေါ့။ ကိုယ်နေထိုင်တဲ့ ကမ္ဘာ့အိမ်လေး သန့်ရှင်းနေဖို့က လူသားတွေအားလုံးမှာ တာဝန်ရှိပါတယ်နော်။

(၃) ပညာပေးပါ

ကိုယ်သိထားတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းနည်းပညာတွေကို တခြားသူတွေလည်း သိသွားအောင် ဝေမျှ ပြောပြပေးကြတာလည်း လုပ်ပါဦးနော်။ ကမ္ဘာကြီး ထိန်းသိမ်းဖို့ဆို တစ်ဦးတစ်ယောက်အားနဲ့တော့ မလွယ်လှတော့ နီးစပ်ရာပတ်ဝန်းကျင်ရဲ့ အားတွေပါ မျှကူလာကြဖို့ လိုအပ်တာပေါ့။

(၄) ရေသယံဇာတကို ထိန်းသိမ်းပါ

ကျွန်မတို့ အသုံးပြုနေတဲ့ ရေချိုက ကမ္ဘာမှာ ၃% ပဲရှိတာပါ။ ဒီလိုမျိုး ရှားပါးလှတဲ့ ရေကို မချွေတာဘဲ ဗုံးပေါလအော သုံးနေမယ်ဆိုရင် အနာဂတ်မှာ အန္တရာယ်ရှိပါတယ်နော်။ ဒီတော့ တကယ်လိုအပ်တဲ့ သုံးသင့်တဲ့နေရာမှာပဲသုံးပါ။ ရေမရှိလို့ဖြစ်ရတဲ့ဒုက္ခကို ရေရှားပါးတဲ့ အရပ်ရောက်မှ ကိုယ်ချင်းစာ မိတာမျိုး မဖြစ်ကြပါစေပါနဲ့ရှင်။

(၅) ရေရှည်တည်တံ့မဲ့ အရာတွေကိုပဲ ရွေးချယ်ပါ

ကြာကြာသုံးမဲ့အရာဆို ကောင်းကောင်းဝယ်ပါတို့၊ အင်္ကျီတစ်ထည်ဝယ်မယ်ဆို အနည်းဆုံးအခါ ၃၀ လောက်များ ဝတ်ဖြစ်ပါ့မလားဆိုတာကို စဉ်းစားပါတို့ဆိုတာလည်း ကမ္ဘာမြေကြီးအတွက် ထည့်စဉ်းစား ပေးသင့်တဲ့ အချက်တွေထဲ ပါပါတယ်။  အထူးသဖြင့် ပလတ်စတစ်အိတ်တွေ သုံးမဲ့အစား ရေရှည် ထားသုံးနိုင်မဲ့ လက်ဆွဲအိတ်လေးတွေ သုံးသင့်ပါတယ်။ ပြီးတော့ ဈေးသွားရင် ဝယ်လာတဲ့ ပစ္စည်းတွေကို ကျွတ်ကျွတ်အိတ်တွေနဲ့ ဆွဲလာမဲ့အစား ဈေးခြင်းတောင်းလေး ဝယ်ထားပြီး စုထည့်လာမယ်ဆို ကိုယ့်တစ်ပိုင်လေးနဲ့ ကမ္ဘာကြီးအတွက် ကူညီပေးလိုက်တာပဲပေါ့နော်။

(၆) ကြာရှည်ခံမီးသီးများကို အသုံးပြုပါ

စွမ်းအင်ချွေတာပေးတဲ့ မီးသီးတွေက ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့တွေထွက်တာကို လျှော့ချပေး ပါတယ်။ ဒီတော့ တစ်ထောင့်တစ်နေရာက လျှော့ချတဲ့အနေနဲ့ အခန်းအပြင်ထွက်တိုင်း မီးလုံးလေး ပိတ်ဖြစ် မပိတ်ဖြစ် ပြန်စစ်ခဲ့ပါနော်။

(၇) အပင်လေးတွေစိုက်ပါ

အပင်လေးတွေက ကမ္ဘာမြေကြီးအတွက် အစာနဲ့ ကာဗွန်ကို ထောက်ပံ့တယ်။ စွမ်းအင်ကိုလည်း ချွေတာ ပေးတယ်။ လေထုကို သန့်ရှင်းစင်ကြယ်စေရုံသာမကဘဲ ဖောက်ပြန်နေတဲ့ ရာသီဥတုကိုလည်း ထိန်းပေးနိုင်တယ်ဆိုတော့ အပင်လေးတွေကို စိုက်ပျိုးကြပါနော်။

ဒါတွေကို အစိမ်းရောင်လမ်းက ဦးကြီးဒေါ်ကြီးတို့ကိုတော့ တိုက်တွန်းစရာလိုမယ်တောင်မထင်။ အကုန်လုံးက အပင်လေးတွေချစ်တဲ့ အမျိုးတွေချည်းဆိုတော့။ 

(၈) ရေမြောင်းတွေထဲ ဓာတုဆေးတွေမသွန်ချပါနဲ့

အစကတည်းက ၃%ပဲရှိနေတဲ့ ရေချိုတွေထဲ ဓာတုတွေသာ သွားသွန်ချလိုက်ရင် သွားပြီလေ။ ဒီထဲမှာရှင်သန်နေရတဲ့ ရေနေသတ္တဝါတွေဆို တွေးတောင်မတွေးရဲစရာ။ ဒီတော့ ဓာတုတွေကို သွန်မယ် ဆိုရင် သတိလေးထားပေးကြပါလို့။

(၉) များများနင်း၊ နည်းနည်းမောင်း

မော်တော်ဆိုင်ကယ်တွေ ကားတွေရဲ့ အိတ်ဇောပိုက်ကထွက်တဲ့ အငွေ့တွေက ကာဗွန်ဒိုင်အောက်ဆိုဒ် တွေပါ အမျိုးတို့ရေ။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဆိုတာ ကမ္ဘာကြီးညစ်ညမ်းတာရဲ့ အဓိက တရားခံနော်။ ဒီတော့ နေရာတကာ ဆိုင်ကယ်လေးတဝီဝီ၊ ကားလေးတဝီဝီ လုပ်မနေကြနဲ့ဦး။ ကမ္ဘာကြီးကျန်းမာဖို့ စက်ဘီးအစားထိုး စီးတာလေးတွေလည်း လုပ်ကြပါလို့ တိုက်တွန်းပါရစေရှင့်။

ကဲ...ဒီတော့ ကျွန်မတို့လူသားတွေအတွက် သူ့ရင်တွေကို ခွဲထုတ်ပြီး အသွေးအသားတွေ မျှဝေ၊ အောက်ဆီဂျင်အတွက် လိုအပ်တဲ့အပင်တွေကို ပခုံးပေါ်ထမ်းထားပေးနေတဲ့ ကမ္ဘာကြီးကို ကျွန်မတို့ ကလည်း နေ့စဉ်သာမန်ဘဝမှာနေရင်းထိုင်ရင်းပဲ မေတ္တာစိတ်လေးတွေနဲ့အတူ မသိမသာလေး ဆေးကု ပေးရင်း ပြန်လည်ကျန်းမာရှင်သန်လာစေဖို့ ဝိုင်းဝန်းကြိုးပမ်းကြပါစို့လားရှင်။

ဒီတော့... ဦးငှက်ကြီးရဲ့သီချင်းထဲက စာသားလေးတွေနဲ့ပဲ ဆောင်းပါးလေးကို အဆုံးသတ်ပါရစေ။

တို့ချစ်တဲ့ကမ္ဘာကြီး....ကျန်းမာပါစေ။

တို့ချစ်တဲ့ကမ္ဘာကြီး....အသက်ရှည်ပါစေ။

အိုး အိုး အိုး အိုးး...မိတ်ဆွေ။

Ref: https://oceanservice.noaa.gov/ocean/earthday.html

https://thursd.com/articles/earth-day-theme#:~:text=2023%20Earth%20Day%20Theme&text=That's%20why%2C%20this%20year%20on,things%20like%20pollution%20and%20deforestation.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်