ဆေးဖိုးမကုန်ဘဲ ကြွက်နှိမ်နင်းနိုင်မယ့် လျှို့ဝှက်လက်နက် "ကိုဇီးကွက်"

19/11/2025 11:00 AM တွင် Thu Ra Nyi Nyi Thu Ra Nyi Nyi မှ ရေးသား

“မျက်လုံးပြူးတယ်။ ကြည့်လိုက်ရင် အမြဲတမ်း ငိုက်နေတဲ့ ပုံစံနဲ့။ နေ့ဘက်အိပ်ပြီး ညဘက်မှ ကျက်စားကြတယ်။ မြန်မာလူမျိုးတွေက ငွေဝင်စေတဲ့ လာဘ်ကောင်လို့ သတ်မှတ်ထားကြတယ်”

ဘာကောင်ကို ပြေးမြင်မိကြပါသလဲ။ မှန်ပါတယ်။ ဇီးကွက်လေးတွေအကြောင်း ပြောနေတာပါ။ 

အော်သံကို အစွဲပြုပြီး ဇီးကွက်လို့ ခေါ်ကြတဲ့ ဒီကောင်လေးတွေကို အန္တာတိကတိုက်နဲ့ ဝေးလံခေါင်ဖျားတဲ့ ကျွန်းတွေကလွဲလို့ ကန္တာရကနေ အာတိတ်ရေခဲပြင်အထိ ကမ္ဘာ့နေရာ အနှံ့အပြားမှာ တွေ့ရပါတယ်။ ကြီးမားလုံးဝန်းတဲ့ မျက်လုံးတွေ ရှိပြီးတော့ ချွန်ထက်တဲ့ လက်သည်း၊ ကောက်ချိတ်ချိတ် နှုတ်သီးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာ ပိုင်ဆိုင်ထားကြပါတယ်။ ဇီးကွက်မျိုးကွဲပေါင်း ၂၅၀ ဝန်းကျင် ရှိပြီးတော့ မြန်မာပြည်မှာတော့ မျိုးစိတ်ပေါင်း ၂၅မျိုးခန့် ကျက်စားလျက်ရှိပါတယ်။ ဒီထဲကမှ ထင်ရှားတဲ့ ဇီးကွက်နွယ်ဝင်တွေကို ပြောရရင် ဇီးကွက်၊ ဒီးဒုတ်၊ မြီးဝန်၊ ခင်ပုပ် စတာတွေအပြင် နိမိတ်မကောင်းတဲ့ ငှက်ဆိုးဆိုပြီး မတရားစွပ်စွဲခံနေရတဲ့ လင်ကောင်ပိုးငှက်ဟာလဲ လာဘ်ကောင်ရွှေဇီးကွက်နွယ်ဝင်လေးတွေပဲ ဖြစ်ပါတယ်။ 

မြေအောင်းဇီးကွက်(burrowing owl)လို နေ့ဘက် အစာရှာတဲ့ ခြွင်းချက် မျိုးစိတ်အနည်းငယ် ရှိပေမဲ့  ဇီးကွက်တွေရဲ့ အဓိက ဝိသေသလက္ခဏာကို ပြောရရင် နေ့ဘက်မှာ အိပ်စက် အနားယူပြီးတော့ ညဘက်မှာ ကျင်လည်ကျက်စားကြတာပါ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုရင်တော့ မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲခြင်းအရ ဖြစ်တည်လာတဲ့ ဇီးကွက်တွေရဲ့ ရုပ်ခန္ဓာဖွဲ့စည်းပုံဟာ ညဖက်မှာ အမဲလိုက်ဖို့ ပိုပြီး သင့်တော်တဲ့  (nocturnal  predator) အမျိုးအစားဖြစ်နေလို့ပါ။

သူတို့ရဲ့ မျက်လုံးတွေဟာ အလင်းရောင် နည်းနည်းပဲ ရှိတဲ့ အချိန်မှာ ပိုပြီး အလုပ်လုပ်ကြပါတယ်။ မျက်လုံးတွေဟာ မလှုပ်ရှားနိုင်တဲ့ အသေဖြစ်ပေမဲ့ သူတို့ရဲ့ ခေါင်းကတော့ ၂၇၀ ဒီဂရီထိ လှည့်နိုင်ပါတယ်။ မှိန်ပျပျ လရောင်၊ ကြယ်ရောင်အောက်မှာ သားကောင်တွေကို ကောင်းကောင်းမြင်နိုင်ပြီးတော့ နားကလဲ တော်တော်ပါးပါတယ်။ မျက်လုံးနဲ့ မမြင်ရင်တောင်မှ အသံကြားရုံနဲ့ သားကောင် ဘယ်နေရာမှာရှိလဲ ဆိုတာကို အတိအကျ သိနိုင်ပါတယ်။ သူတို့ရဲ့တောင်ပံတွေဟာဆိုရင်လဲ နူးညံ့တဲ့ အမွှေးတွေနဲ့ ဖုံးအုပ်ထားပြီး အသံမကြားရအောင် ပျံသန်းနိုင်ပါတယ်။ သားကောင်ကို အသံလုံလုံနဲ့ ချဉ်းကပ်ပြီး ချွန်ထက်တဲ့ လက်သည်းတွေနဲ့ တချက်ထဲ လက်စသိမ်းတတ်တဲ့ လုပ်ကြံရေးသမားကောင်း (assassin) တွေလို့ ဆိုရင်လဲ မမှားပါဘူး။ ဒီလိုအားသာချက်တွေအပြင် ညဘက်မှာ အမဲလိုက်တာက သိမ်းငှက်၊ စွန် စတဲ့ နေ့ဘက် အမဲလိုက်တဲ့ကောင်တွေနဲ့ အစာကို ယှဉ်လုစရာမလိုတော့တဲ့အတွက် ပိုပြီး အဆင်ပြေပါတယ်။ 

ဇီးကွက်အများစုဟာ သစ်ခေါင်းတွေနဲ့ တခြား ငှက်တွေ စွန့်ပစ်သွားတဲ့  အသိုက်ဟောင်းတွေမှာ နေလေ့ရှိကြပါတယ်။ သူတို့ရဲ့ အဓိကအစာက ကြွက်ဖြစ်ပြီးတော့ ဇီးကွက်တကောင်ဟာ တနှစ်ကို ကြွက်အကောင်ရေ ၃၀၀ ကနေ ၇၀၀ အထိ သတ်ဖြတ်စားသောက်တယ်လို့ ဆိုပါတယ်။ တခြားသော ငှက်တွေ၊ ငါး၊ အင်းဆက်တွေနဲ့ သမင်ပေါက် မြေခွေးပေါက်လေးတွေထိ စားကြပါတယ်။ သူတို့စားသောက်ပုံကတော့ အကောင်လိုက်မြိုချပြီး အစာမခြေနိုင်တဲ့ အမွှေးတွေ အရိုးတွေကို အလုံးလေးတွေ (Pellets) အဖြစ် ပြန်အန်ထုတ်တာပါ။ 

မျိုးပွားပုံ အကြောင်းပြောရရင် ဇီးကွက်တွေက ဆောင်းနှောင်းပိုင်းနဲ့ နွေဦးမှာ မိတ်လိုက်လေ့ရှိကြပါတယ်။ မျိုးစိတ်အများစုဟာ တလင်တမယားစနစ်(Monogamy) ကို ကျင့်သုံးကြပြီးတော့ မိတ်လိုက်ရာသီအတွင်း အဖိုတကောင်က အမတကောင်နဲ့သာ မိတ်လိုက်လေ့ရှိကြပါတယ်။ ဒီထဲမှာ တချို့သော ဇီးကွက်စုံတွဲဆိုရင် ရာသက်ပန်အထိ လက်တွဲသွားကြပါတယ်။

ဆက်ပြောရရင် မိတ်လိုက်ချိန်မှာ ဇီးကွက်ဖိုတွေ အမကို ချဉ်းကပ်တဲ့ပုံက ချစ်စရာကောင်းသလို စိတ်ဝင်စားစရာလဲ ကောင်းပါတယ်။ ပထမဆုံးအနေနဲ့ ဇီးကွက်ဖိုက အမတွေကို ဆွဲဆောင်ဖို့ ကျယ်လောင် ရှည်လျားပြီး ရှုပ်ထွေးတဲ့ အော်မြည်သံပေးပါတယ်။ ဒီအသံတွေက သူတို့ရဲ့ ခွန်အား၊ ကျန်းမာမှုနဲ့ နယ်မြေကာကွယ်နိုင်စွမ်းကို ကိုယ်စားပြုပါတယ်။ ဇီးကွက်မတွေဟာ အဖိုတွေရဲ့ အသံကို အကဲဖြတ်ပြီးတော့ နှစ်သက်သဘောကျရင် အသံပြန်ပေးပါတယ်။ ဒီလိုအမသံရရင် အဖိုတွေက ဆက်ကြိုးစားပါတယ်။ ကြွက်ဖမ်းပြီးတော့ ဇီးကွက်မဆီကို လက်ဆောင်ယူလာပေးပါတယ်။ ဒီလက်ဆောင်က ဇီးကွက်ဖိုရဲ့ အမဲလိုက်နိုင်စွမ်းနဲ့ ပေါက်ပွားလာမဲ့ မျိုးဆက်အတွက် အစာရှာဖွေပေးနိုင်စွမ်းကို ပြသခြင်းပဲ ဖြစ်ပါတယ်။ ဇီးကွက်မက လက်ဆောင်ကို လက်ခံလိုက်တယ်ဆိုရင် အဖိုကို စိတ်ဝင်စားကြောင်း ပြန်ပြတာပါ။ ဒါတွေတင် မပြီးသေးပါဘူး။ ဇီးကွက်ဖိုက ရင်ဘတ်ကိုကော့ အမွှေးတွေကို ဖွပြီး သန်မာကြောင်းပြပါတယ်။ တချို့မျိုးစိတ်(ဥပမာ- လင်ကောင်ပိုး) တွေမှာဆိုရင် လေဟုန်စီးပြတာ၊ လေပေါ်ကနေ ဇောက်ထိုးဆင်းတာ၊ ကွေ့ဝိုက်ပျံသန်းတာစတဲ့ လေကြောင်းပြကွက်(Aerial display)တွေ အထိလုပ်ပြပြီး မျက်နှာလုပ်ကြပါတယ် (ချစ်မိသွားရင် ဇီးကွက်တွေလဲ အကောင်းမနေရပါဘူး- ဤကား စကားချပ်)။ ဒီလိုအဆင့်တွေ ပြီးဆုံးသွားတဲ့အခါမှာတော့ ဇီးကွက်မနဲ့ နောင်ပေါက်ဖွားလာမဲ့ ဇီးကွက်ငယ်လေးတွေကို အောင်မြင်စွာ လုပ်ကျွေးစောင့်ရှောက်ခွင့်ရရှိသွားပါတယ်။ အတွဲဖြစ်သွားတဲ့ ဇီးကွက်တွေဟာ အချင်းချင်း အမွှေးအတောင်တွေကို နှုတ်သီးနဲ့ ညင်ညင်သာသာ သပ်ပေးပြီး သန့်ရှင်းရေးလုပ်ပေးကြပါတယ်။ သစ်ကိုင်းတခုထဲမှာ ပူးပူးကပ်ကပ်နားတာ၊ အပြန်အလှန် နူးညံ့တဲ့ အော်မြည်သံ ပေးတာ စတာတွေကို ပြုလုပ်ကြပါတယ်။ နှစ်တွေအကြာကြီးကနေ ရာသက်ပန်အထိ တူတူရှိကြပြီးတော့ မျိုးဆက်တွေကို အတူတကွ စောင့်ရှောက်ကြပါတယ်။

အချုပ်အနေနဲ့ ပြောရရင် ဇီးကွက်တွေက ဂေဟစနစ်အတွက်လဲ အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒီကောင်လေးတွေက ကျနော်တို့ တောင်သူဦးကြီးတွေအတွက် အဖော်မွန်ဆိုလဲ မမှားပါဘူး။ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ဇီးကွက်တကောင်ဟာ ကျနော်တို့ရဲ့ သီးနှံတွေကို ကိုက်ဖြတ်ဖျက်စီးမဲ့ ကြွက်အကောင်ရေ ၇၀၀ လောက်ထိကို သတ်ဖြတ်ပေးပါတယ်။ ဒါက သီးနှံတွေ မဆုံးရှုံးအောင် ကာကွယ်ပေးနိုင်တဲ့အပြင် ရောဂါဖြန့်ဖြူးသူတွေ ဖြစ်တဲ့ ကြွက်အကောင်ရေကိုလဲ ထိန်းချုပ်ပေးတဲ့အတွက် လူထုကျန်းမာရေးအတွက်ပါ အကျိုးပြုပေးခြင်းလဲ ဖြစ်ပါတယ်။ ဒီလို အဖက်ဖက်ကနေ အကျိုးပြုပေးတာတွေကြောင့်လဲ သစ်တော့ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ တောရိုင်းတိရိစ္ဆာန်ကာကွယ်ရေးစာရင်းမှာ မြန်မာပြည်အနှံ့ ကျက်စားနေတဲ့ ဇီးကွက် ၂၅မျိုးလုံးကို ထည့်သွင်းထားပါတယ်။  ဇီးကွက်အကြောင်းကတော့ ဒီလောက်ပါပဲ။ အားလုံးပဲ ဘေးကင်း၊ လုံခြုံကြပါစေခင်ဗျာ။

ကိုးကား

Wikipedia

National Geographic

Wild Wing Group (https://www.facebook.com/profile.php?id=100064810986327)

Jim. (2023, August 14). The intricate dance: Understanding owl mating rituals. Birds and Wetlands. https://birdsandwetlands.com/owl-mating/

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်