သားသတ်လွတ်စားသုံးသူများအတွက် သတိပြုစရာများ

25/10/2021 18:00 PM တွင် ThawZin ThawZin မှ ရေးသား

   သင်ဟာ သားသတ်လွတ်စားသုံးသူတစ်ယောက်ဆိုရင်တော့ ဒီဆောင်းပါးကိုဖတ်ရှုဖို့ တိုက်တွန်းပါရစေ။ ဒီဆောင်းပါးမှာတော့ သားသတ်လွတ်စားသုံးခြင်းရဲ့ သတိပြုစရာအချက်တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ လူတွေဟာ ဘာသာရေးအရပဲဖြစ်ဖြစ် ကျန်းမာရေးအရပဲဖြစ်ဖြစ် စိတ်ဆန္ဒအရပဲဖြစ်ဖြစ် သားသတ်လွတ်စားသုံးလေ့ရှိကြပါတယ်။ အချို့လူတွေကတော့ တိရစ္ဆာန်လေးတွေကိုချစ်တဲ့စိတ်ကြောင့် သားသတ်လွတ်သမားများဖြစ်လာကြပါတယ်။ 

   သားသတ်လွတ်စားသုံးခြင်းဟာ ကျန်းမာရေးရှုထောင့်အရ အကျိုးကျေးဇူးများစွာရှိပါတယ်။ သားသတ်လွတ်စားသုံးခြင်းဟာ ကိုယ်အလေးချိန်လျော့ကျစေခြင်း၊ အစာခြေစနစ်ကိုကောင်းမွန်စေပြီး အစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ ဖြေရှင်းပေးခြင်း စတဲ့အကျိုးကျေးဇူးများရရှိစေပါတယ်။ ဒီလိုအကျိုးကျေးဇူးတွေရှိသလို ကျန်းမာရေးကိုထိခိုက်နိုင်တဲ့အချက်တွေကိုလည်း သတိပြုရမှာပဲဖြစ်ပါတယ်။

   သဘာဝတရားအရ လူဟာ အစုံစားသတ္တဝါဖြစ်တာကြောင့် အသီးအနှံချည်းစားသုံးတဲ့အခါ အနည်းအကျဉ်းတော့ ကျန်းမာရေးကိုထိခိုက်မှု ခံစားရနိုင်ပါတယ်။

- ပဲများကြောင့် အူနံရံယိုစိမ့်မှုဖြစ်ခြင်း

သားသတ်လွတ်စားသုံးသူတွေဟာ လိုအပ်တဲ့အသားဓာတ်ကို အဓိကအားဖြင့် ပဲများမှရရှိပါတယ်။ ပဲများမှရရှိတဲ့အသားဓာတ်တွေမှာ အာဟာရစုပ်ယူမှုကိုအဟန့်အတားဖြစ်စေတဲ့ အရာတွေပါဝင်နေပါတယ်။ အူထဲမှာ အဟာရဓာတ်စုပ်ယူမှုကိုဟန့်တားတဲ့အရာတွေ စုပုံလာတာကြောင့် အူနံရံကိုထိခိုက်စေပါတယ်။ အူနံရံထိခိုက်တဲ့အခါ အူထဲမှာရှိတဲ့မကြေညက်တဲ့အစားအစာတွေ၊ ပိုးမွှားတွေ၊  အဆိပ်အတောက်တွေဟာ အူနံရံကိုဖြတ်ပြီး အပြင်သို့ယိုစိမ့်မှုဖြစ်ပေါ်နိုင်ပါတယ်။ သင့်တင့်မျှတတဲ့ စားသောက်မှုပုံစံနဲ့ ကာကွယ်နိုင်ပါတယ်။ 

- ပဲပိစပ်နှင့် ဟော်မုန်းပမာဏပြောင်းလဲမှု

ပဲပိစပ်ဟာ အသားဓာတ်ကြွယ်ဝပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အခြားအာဟာရဓာတ်များလည်းပါရှိပါတယ်။ ပဲပိစပ်ကို ပဲပြား၊ ပဲနို့ပြုလုပ်ရာမှာလည်း အသုံးပြုကြပါတယ်။ ဒါပေမယ့် ပဲပိစပ်ဟာ အချို့လူများအတွက် မသင့်တော်ပါဘူး။ ပဲပိစပ်ဟာ ခန္ဓာကိုယ်မှ အမျိုးသမီးဟော်မုန်းပမာဏကို မြင့်တက်စေပါတယ်။ ပုံမှန်မဟုတ်တဲ့ ဟော်မုန်းပမာဏမြင့်တက်စေတာကြောင့် ခန္ဓာကိုယ်တွင်းဟန်ချက်မညီမျှမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် အသားဓာတ်ပေါများစွာပါဝင်တဲ့ပဲပိစပ်ကို ပမာဏချင့်ချိန်စားသုံးသင့်ပါတယ်။ 

- သွေးအားနည်းခြင်း

အသီးအနှံများမှရရှိတဲ့သံဓာတ်နဲ့ အသားငါးများမှရရှိတဲ့သံဓာတ်ဟာ အမျိုးအစားကွဲပြားပါတယ်။ သွေးအားကောင်းဖို့အတွက် လိုအပ်တဲ့သံဓာတ်ကို အသားငါးများမှ အဓိကရရှိပါတယ်။ အသီးအနှံများမှာပါဝင်တဲ့ သံဓာတ်ကို ခန္ဓာကိုယ်မှ အနည်းအကျဉ်းသာစုပ်ယူနိုင်ပါတယ်။ သံဓာတ်ချို့တဲ့ခြင်းဟာ သွေးအားနည်းခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သားသတ်လွတ်စားသုံးသူတွေမှာ သွေးအားနည်းခြင်းကို ခံစားရနိုင်ပါတယ်။ သွေးအားနည်းလျှင် အားအင်ကုန်ခန်း နုံးချိသလိုဖြစ်ပေါ်တတ်ပါတယ်။ သင်ဟာ လစဉ်သွေးဆုံးရှုံးနေရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သားသတ်လွတ်စားသုံးသူဖြစ်ပါက သံဓာတ်ဖြည့်ဆေးဝါးများမှီဝဲသင့်ပါတယ်။ 

- အိုမီဂါသရီး အကျိုးပြုအဆီဓာတ် ချို့တဲ့ခြင်း

အိုမီဂါသရီး အကျိုးပြုအဆီဓာတ်ကို ငါးများနှင့် ငါးကြီးဆီမှရရှိပါတယ်။ သားသတ်လွတ်စားသုံးသူတွေမှာ အိုမီဂါသရီး ချို့တဲ့မှုကြောင့် စိတ်ဓာတ်ကျခြင်းကို ခံစားရနိုင်ပါတယ်။ သားသတ်လွတ်စားသုံးသူတွေအတွက်တော့ ပင်လယ်ရေညှိနဲ့ အစေ့အဆံတွေစားသုံးပြီး အိုမီဂါသရီး ပမာဏအနည်းငယ်ကို ရရှိနိုင်ပါတယ်။ 

- ဗီတာမင် B12 ချို့တဲ့ခြင်း

ဗီတာမင် B12 ဟာ အသားငါးများမှာသာ ပါဝင်ပါတယ်။ ဒါကြောင့် သားသတ်လွတ်စားသုံးသူတွေမှာ B12ချို့တဲ့မှုခံစားရနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဗီတာမင် B12 ချို့တဲ့ခြင်းကြောင့် ဝမ်းချုပ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ သွေးအားနည်းခြင်းနဲ့ အစာစားချင်စိတ်နည်းခြင်းများ ခံစားရနိုင်ပါတယ်။ B12ချို့တဲ့မှုအခြေအနေ ပိုမိုဆိုးဝါးလာတဲ့အခါ အာရုံကြောထိခိုက်မှုပြဿနာများအထိ ခံစားရနိုင်ပါတယ်။ ဒါကြောင့် သားသတ်လွတ်စားသုံးသူများကို ဗီတာမင် B12 ဖြည့်စွက်ဆေးဝါးများမှီဝဲဖို့ ဆရာဝန်များက အကြံပြုကြပါတယ်။ 

- ဇင့်ဓာတ် ချို့တဲ့ခြင်း

ဗီတာမင်B12လိုပဲ ဇင့်ဓာတ်ဟာလည်း သားသတ်လွတ်စားသုံးသူတွေ ရရှိနိုင်ဖို့ခက်ခဲပါတယ်။ ပဲများနှင့် အစေ့အဆံများမှာ ဇင့်ဓာတ်ပါရှိသော်လည်း အသီးအနှံများမှာ ဇင့်ဓာတ်စုပ်ယူမှုကိုတားဆီးတဲ့ အက်ဆစ်ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ထိုအက်ဆစ်ဓာတ်ဟာ အူနံရံမှတစ်ဆင့် ခန္ဓာကိုယ်ရဲ့သတ္တုဓာတ်စုပ်ယူမှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ 

- ကစီဓာတ်လွန်ကဲခြင်း

သားသတ်လွတ်စားသုံးသူတွေဟာ ကစီဓာတ်လွန်ကဲမှု ဖြစ်လာကြတယ်လို့ လေ့လာမှုတွေအရ တွေ့ရှိရပါတယ်။ သားသတ်လွတ်စားသုံးသူတွေဟာ အသားမပါတာကြောင့် တင်းတိမ်ဖို့အတွက် ကစီဓာတ်ဖြစ်တဲ့ ထမင်း၊ ပေါင်မုန့်ကဲ့သို့အရာများကို ပိုမိုစားသုံးမိကြပါတယ်။ ကစီဓာတ်ကို လွန်ကဲစွာစားသုံးမိတဲ့အခါ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေ ကမောက်ကမဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် သားသတ်လွတ်စားသုံးသူတွေဟာ ထမင်း၊ ပေါင်မုန့်ကဲ့သို့ ကစီဓာတ်များပြားတဲ့အစားအစာတွေကို စိတ်ရှိတိုင်းမစားသုံးပဲ ပမာဏချင့်ချိန်စားသောက်သင့်ပါတယ်။ 

- အမျှင်ဓာတ်လွန်ကဲစွာစားသုံးမိပြီး အာဟာရချို့တဲ့ခြင်း

သားသတ်လွတ်စားသုံးရာမှာ သင့်တင့်တဲ့ အစားအစာအချိုးအစားပမာဏဖြစ်ဖို့ အရေးကြီးလှပါတယ်။ အသီးအနှံတွေချည်း စားသုံးကြတဲ့အခါ အမျှင်ဓာတ်အများအပြားစားသုံးမိတတ်ကြပါတယ်။ အမျှင်ဓာတ်ပါဝင်မှုများလာတဲ့အခါ အစားအစာတွေဟာ အူတွင်းမှာလျှင်မြန်စွာဖြတ်သန်းသွားတတ်ကြပါတယ်။ ထိုအခါ အူနံရံမှအာဟာရစုပ်ယူဖို့ အချိန်မလုံလောက်တာကြောင့် အာဟာရချို့တဲ့မှုခံစားရနိုင်ပါတယ်။ ဒါကြောင့် အမျှင်ဓာတ်များတဲ့အစားအစာတွေ အလွန်အကျွံမစားသုံးမိဖို့ ဂရုပြုသင့်ပါတယ်။ 

- စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ဖြစ်ခြင်း

လေ့လာမှုတွေအရ သားသတ်လွတ်စားသုံးသူတွေမှာ စိတ်လှုပ်ရှားမှုများခြင်းနှင့် စိတ်ဓာတ်ကျခြင်းများပိုမိုတွေ့ရှိရတယ်လို့ဆိုပါတယ်။ အသားငါးမစားသုံးသူတွေမှာ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုရောဂါများခံစားရနိုင်တဲ့အလားအလာ ပိုမိုမြင့်မားပါတယ်။ လေ့လာမှုတွေအရ သားသတ်လွတ်စားသုံးသူ ၃၁ရာခိုင်နှုန်းမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကို ပိုမိုခံစားရနိုင်ပြီး ပုံမှန်အစားအစာစားသုံးသူ ၁၃ရာခိုင်နှုန်းမှာသာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုခံစားရနိုင်တယ်လို့ တွေ့ရှိရပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဓာတ်သတ္တုအာဟာရအချို့ ချို့တဲ့ချိန်မှာ ဒီအခြေအနေမျိုးခံစားရနိုင်ပါတယ်။

အချိန်အတိုင်းအတာတစ်ခုဖြင့် သားသတ်လွတ်စားသုံးခြင်းဟာ ကျန်းမာရေးကိုအထောက်အကူဖြစ်စေသော်လည်း သားသတ်လွတ်စားသုံးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်များကိုလည်း ဂရုပြုရန်လိုအပ်ပါတယ်။ ဒါကြောင့် သားသတ်လွတ်စားသုံးမည်ဆိုပါက အစားအစာတစ်မျိုးထဲကိုပဲ အလွန်အကျွံစားသုံးခြင်းမပြုသင့်ပါဘူး။ (အိမ်မှာကန်စွန်းရွက်ပေါလို့ ကန်စွန်းရွက်ချည်းနေ့တိုင်းစားနေတာမျိုးမပြုသင့်ပါဘူး) ကစီဓာတ်၊ အမျှင်ဓာတ်၊ အသားဓာတ် အချိုးကျကျမှန်ကန်တဲ့စားသောက်မှုပုံစံလိုအပ်ပြီး မိမိနဲ့သင့်တော်မယ့် ဖြည့်စွက်ဆေးဝါးများမှီဝဲဖို့လည်းလိုအပ်ပါတယ်။ 

ကျန်းမာစွာနေပါ သားသတ်လွတ်စားပါ ဘေးကင်းအောင်ဂရုပြုပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်