ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ စားပေးသင့်သည့် ကြယ်လေးပွင့်အစားအစာများ (၁)

02/10/2022 10:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များသည် အစာအုပ်စုစုံလင်စွာစားသုံးရန် အရေးကြီးသည်သာမက စားသုံးသည့် အစားအစာအရည်အသွေးနှင့် အမျိုးအမည်သည်လည်း အရေးကြီးပေသည်။ အရေးကြီး သည်မှာ အစာမျိုးစုံစားရန် ဖြစ်သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ နို့တိုက်မိခင်များနှင့် အသက် (၆) လနှင့်အထက်ကလေးများ အနေဖြင့် စားသည့်အစာနပ်တိုင်းတွင် အာဟာရပြည့်ဝပြီး ညီညွတ်မျှတသော အစားအစာတစ်ခုဖြစ်စေရန် အောက်တွင်ဖော်ပြထားသည့် ကြယ်လေးပွင့်အစာများ စားသုံးပေးရန် အရေးကြီးပါသည်။

ကြယ်တစ်ပွင့် *

တိရစ္ဆာန်ကိုအခြေခံသော ပရိုတန်း(အသားဓာတ်) အစားအစာများ (ကိုယ်ခန္ဓာကြီးထွားစေသည့် အစားအစာများ) ၊ အသားငါးများဖြစ်သည့် အမဲသား၊ ဝက်သား၊ ဆိတ်သား၊ ဘဲသား၊ ကြက်သား၊ ငါး၊ ကလီစာများ၊ ဥများ၊ နို့နှင့်ဒိန်ချဉ်ကဲ့သို့သော နို့ထွက်ပစ္စည်းများ စသည်တို့သည် ပရိုတင်းဓာတ်ကြွယ်ဝ သည့် ရင်းမြစ်များဖြစ်ပြီး ကိုယ်ဝန်ဆောင်ကာလအတွင်း မြင့်မားစွာလိုအပ်သည့် သံဓာတ်နှင့် ဗီတာမင် ဓာတ်များ ကြွယ်ဝသည်။

ကြက်ဥများတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်အတွက် လိုအပ်သော အာဟာရဓာတ်အားလုံး နီးပါးဖြစ်သည့် အသားဓာတ်၊ အဆီဓာတ်၊ ဗီတာမင်နှင့် ခိုလင်းဟုခေါ်သော သတ္တုဓာတ်အပါအဝင် အခြားသတ္တုဓာတ်များ ပါဝင်သည်။

ကိုယ်ဝန်ဆောင်ကာလတွင် ခိုလင်းဓာတ် နည်းပါးစွာရရှိမှုသည် သန္ဓေသား၏ဦးခေါင်းခွံနှင့် ဦးနှောက်ပုံ သဏ္ဍာန်မမှန်သော ဖွံ့ဖြိုးမှုကို ဖြစ်စေပြီး ဦးနှောက်လုပ်ဆောင်မှုကို ကျဆင်းစေသည်။ ကြက်ဥတစ်လုံး တည်းမှာပင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ထောက်ခံချက်ရရှိထားသော နေ့စဉ်လိုအပ်သည့် ခိုလင်းပမာဏ၏ ၂၅ ရာခိုင်နှုန်းခန့် ပါဝင်နေသည်။

နို့ထွက်ပစ္စည်းများတွင် အရည်အသွေးမြင့်ပရိုတင်းဓာတ်များအပြင် ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်၊ ဗီတာမင်ဘီ၊ မဂ္ဂနီစီယမ်နှင့် ဇင့် စသည်တို့ ပါဝင်သည်။ လက်တို့စ်ဓာတ်နှင့်မတည့်သောအမျိုးသမီးများ သို့မဟုတ် နို့ထွက်ပစ္စည်းများကို အစာကြေညက်ရန် အခက်အခဲရှိသည့် အမျိုးသမီးများအနေဖြင့်မူ ကယ်လ်စီယမ်ဓာတ် ပိုမိုကြွယ်ဝစွာပါဝင်သည့် ဒိန်ချဉ်ကို သောက်သုံးနိုင်သည်။

(ဗီတာမင်စီကြွယ်ဝသော အစားအစာများဖြစ်သည့် ချဉ်သောအစားအစာများ၊ ခရမ်းချဉ်သီးနှင့် သင်္ဘောသီးများကို အသားများနှင့် သံဓာတ်ကြွယ်ဝသော အစားအစာများနှင့် တွဲဖက်စားသုံးခြင်းသည် သံဓာတ်စုပ်ယူမှုကို အထောက်အကူဖြစ်စေသည်။ ထို့အတူ အစာမစားမီ စားနေချိန်နှင့် စားပြီးချိန်တွင် သံဓာတ်စုပ်ယူမှုကိုတားဆီးသည့် လက်ဖက်ရည်သောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်သည်)

ကြယ်နှစ်ပွင့်** (ဒုတိယကြယ်ပွင့်)

အဓိကအစားအစာများ (အင်အားဖြစ်စေသော အစားအစာများ) ဖြစ်သည့် ဆန်၊ ဂျုံ၊ ပြောင်း စသည်တို့ ကဲ့သို့ အစေ့အဆန်များနှင့် အာလူးကဲ့သို့သော ဥမြစ်များ။

မြန်မာနိုင်ငံတွင် ဆန်ဖြူ (ဖွတ်ဆန်) သည် အဓိကအစားအစာဖြစ်သည်။ ၎င်း၏အခွံ၊ ဖွဲနုနှင့် မျိုးဗီဇအများအပြားကို ဖယ်ထုတ်ထားသော်လည်း ယနေ့ခေတ် မြန်မာနိုင်ငံတွင် ရရှိနိုင်သော စီးပွားဖြစ် အမှတ်တံဆိပ်အချို့သည် ထိုလုပ်ငန်းစဉ်ကြောင့် ဆုံးရှုံးသွားသော အာဟာရဓာတ်များကို ပြန်လည် ဖြည့် တင်းထားကြသည်။

ထို့အပြင် ဖွတ်ဆန်သည် ဆန်လုံးညိုနှင့် အားဖြည့်ဆန်များထက် အာဟာရ လျော့နည်းစွာ ပါဝင်သည်။ ဆန်လုံးညိုတွင်ပါဝင်သည့် အရေးပါသောအာဟာရများသည် အခွံ၊ ဖွဲနုနှင့် မျိုးစေ့တို့တွင် ပါဝင်သော်လည်း ၎င်းတို့ကို ဖွတ်လိုက်သောအခါ အာဟာရများ မပါတော့ပေ။

အဓိကအာဟာရဓာတ်များ အားဖြည့်ထားသော အားဖြည့်ဆန်သည် သာမန်ဆန်များထက် ပိုကျန်းမာစေ သော်လည်း အရသာကတော့ အတူတူပင်ဖြစ်သည်။ ဆန်ဖြူသည် အဆီနှင့် ဆိုဒီယမ်ဓာတ်များ နည်းပါးပြီး ကိုလက်စရောနှင့် ပြောင်းလဲဆီများ မပါဝင်ပါ။ ဆန်ဖြူတွင် ဖော့စ်ဖရပ်၊ မဂ္ဂနိစ်၊ ဆယ်လီနီယမ်နှင့် မဂ္ဂနီစီယမ်ဓာတ်များလည်း ပါဝင်သည်။ အစာကြေလွယ်ပြီး ကိုယ်ဝန်လနုစဉ် မူးဝေ အော့အန်ခြင်းကို သက်သာစေသည်။

ဆန်တွင် အာဟာရတန်ဖိုးအချို့ ပါဝင်သော်လည်း ကလေးများတွင် အခြားအစာအမျိုးအမည်များ စားရ မည့်အစား ဆန်ကို ပိုမိုစားသုံးပါက အာဟာရချို့တဲ့နိုင်သည်။ တစ်ခါတစ်ရံ မိမိအစားအစာတွင် ဆန်ဖြူ အစား ဆန်လုံးညိုနှင့်အတူ ပြောင်း၊ ဂျုံ၊ အာလူးနှင့် အခြားအင်အားဖြစ်စေသောအရာတို့ကို အခြား အစာ အုပ်စုများနှင့် အတူတကွ ပြောင်းလဲစားသုံးသင့်သည်။

(ဆန်ရှိ ဗီတာမင် ဘီ-ဝမ်း ဆုံးရှုံးခြင်းကိုကာကွယ်ရန် ဆန်ကို တစ်ကြိမ်ထက် ပိုမဆေးကြောပါနှင့်။ ထမင်းရည်ကိုလည်း အပြင်သို့ငှဲ့ပြီး မသွန်ပါနှင့်။ ထိုသို့ ငှဲ့သွန်ပစ်လျှင် အရေးပါသောအာဟာရများ ဆုံးရှုံးသွားမည်ဖြစ်သောကြောင့် ၎င်းကို စွပ်ပြုတ်၊ ဆန်ပြုတ်နှင့် အခြားဟင်းများချက်ရာတွင် ထည့်သွင်း ချက်ပြုတ်ပါ)

(ကြယ်သုံးပွင့်နှင့် ကြယ်လေးပွင့် အစားအစာများအကြောင်းကို အပိုင်း(၂) တွင် ဆက်လက်ဖော်ပြပေးသွားပါမည်။)

#LEARN Program မှ ထုတ်ဝေထားသည့် ‘စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေး ကွင်းဆင်းလုပ်သားများအတွက် သင်တန်းပံ့ပိုးသူလက်စွဲလမ်းညွှန်’ စာအုပ်မှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်