သစ်သီးများရဲ့ ဘုရင် "သရက်သီး" အကြောင်း

05/03/2024 10:46 AM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

အထူးသဖြင့် ကျွန်တော်တို့နိုင်ငံမှ မူရင်းဖြစ်သော စိန်တလုံးသရက်သီးသည် ပြည်တွင်းတွင်သာမက ပြည်ပအထိပါထိုးဖောက် တင်ပို့ရောင်းချနေရသော နိုင်ငံခြားဝင်ငွေရရှိနေသော သီးနှံဖြစ်ပါသည်။ ကျွန်တော်တို့သည် ဖိလစ်ပိုင်နိုင်ငံ အရှေ့တောင် အာရှဒေသဆိုင်ရာ စိုက်ပျိုးမွေးမြူရေးနှင့် သုတေသနဗဟိုဌာန (South East Asian Regional Center for Graduate Study in Agriculture) လေ့လာရေး ခရီးသွားတုန်းက သူတို့နိုင်ငံထွက် သရက်သီးကို ဂျပန်ကိုတင်ပို့ရပြီး တစ်နှစ်ပတ်လုံးထွက်အောင် ပြုလုပ်ထားသည် ဆိုပြီး သရက်သီးမျိုးတစ်မျိုးကို မနက်စာ (Breakfast) ကျွေးပါသည်။ ဘယ်လိုမှ ကျွန်တော်တို့ သရက်သီးများ၏ အရသာကိုမမှီပါ။

သရက်သီးသည် သစ်သီးများ၏ဘုရင် (King of Fruits) ဟူ၍ ကမ္ဘာပေါ်တွင် ခေါ်ဝေါ်ထားပြီး မြန်မာ့ရှေးဆိုရိုး စကားပုံများအရ ‘အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်’ ဟူ၍ မှတ်တမ်းတင်ခဲ့ပါသည်။

တစ်ကမ္ဘာလုံး သရက်သီး ထုတ်လုပ်မှု အများဆုံးနိုင်ငံများမှာ ၂၀၂၂ ခုနှစ်၌

(၁) အိန္ဒိယ - တန်ချိန်သန်းပေါင်း - ၂၀.၆ နီးပါး

(၂) တရုတ် - တန်ချိန်ပေါင်း - ၄.၄ သန်းနီးပါး

(၃) အင်ဒိုနီးရှား - တန်ချိန်ပေါင်း -    ၃.၆ သန်းနီးပါး

(၄) ပါကစ္စတန် - တန်ချိန်ပေါင်း -    ၂.၇ သန်းနီးပါး

(၅) မက္ကဆီကို - တန်ချိန်ပေါင်း  -    ၂.၄ သန်းနီးပါး ထုတ်လုပ်ပါသည်။

ဇယား - ၁ မြန်မာနိုင်ငံ နှစ်အလိုက် သရက် စိုက်ပျိုးဧရိယာထုတ်လုပ်မှု၊ အထွက်နှုန်း

Source – MoALI (2022) Myanmar Agriculture in Brief.

၂၀၁၈-၁၉ ခုနှစ်တွင် နိုင်ငံခြားသို့တင်ပို့မှု ၄၇,၁၀၀ တန်ချိန်ဖြင့် အများဆုံးတင်ပို့နိုင်ခဲ့ပါသည်။

ဇယား - ၂ လတ်ဆက်သောသရက်သီး ၁၀၀ ဂရမ် တွင်ပါဝင်သောအာဟာရဓာတ်များ

Source - ဒေါက်တာခင်မောင်လွင် (၂၀၂၃)

ဇယား - ၃ စားသုံးနိုင်သောသရက်သီး ၁၀၀ဂရမ်တွင် ပါဝင်သော အာဟာရဓာတ်များ (Nutritional Value of Mango per 100 g of Edible Portion)

Source – Hirano et al. (2008)

သရက်သီး၏ရုက္ခဗေဒ (Botany of Mango)

သရက်သီးမျိုးရင်းမှာ (Family - Anacardiaceae) ဖြစ်သည်။ မျိုးစု (Genus - Mangifera) အောက်တွင် မျိုးစိတ်ပေါင်း ၈၅၀ ခန့်ရှိသည်။ စီးပွားဖြစ်စိုက်ပျိုးသော သရက်သီး၏ ရုက္ခဗေဒအမည်မှာ (Mangifera indica L.) ဖြစ်သည်။

ပုံ - ၁ သရက်သီးပုံ

သရက်သီးသည် အမြဲစိမ်းသစ်ပင် (Evergreen Plant) ဖြစ်ပြီး အပင်၏ကြီးထွားမှု အမြင့်ဆုံးနှင့် ခေါက်ချိုးညီရရန် (Symmetrical Shape in sufficiently open Space) အလင်းရောင် လုံလောက်ရန်လိုပါသည်။

သရက်သီးနှင့် အခြားအပူပိုင်းဒေသရှိသစ်ပင်ကြီးများ (Growth of Mango and other Tropical Trees) ၏ကြီးထွားမှုက  ဆက်တိုက်မဟုတ်ပါ။ ထိပ်ဖူးများ (Apical Buds) ကြီးထွားမှုက အတော်အချိန်ယူပါသည်။ အပင်ပိုင်းဆိုင်ရာအကိုင်းအခက်များ၊ အဖူးများ (Vegetative Shoots) က ပင်စည်အနေနှင့် အနားယူသောအချိန် (Before entering  a resting state as a stem) မတိုင်မီ သတ်မှတ်ထားသော အဆစ်များ (Develop prescribed number of nodes) ထုတ်လုပ်ပါသည်။

ပုံ - ၂ သရက်ပင်ကြီးထွားမှု အဆင့်ဆင့်

သရက်သီးသည် စပါးလိုပဲ တစ်ခိုင်လုံးတွင်ပန်းပွင့်အနှံ/အပွင့်ငယ် (Panicle) များနှင့်ဖြစ်ပြီး အသီးတင်မှုရာခိုင်နှုန်း (Fruit-setting Percent) သည် သရက်မျိုး (Mango Cultivar)၊ စိုက်ပျိုးသည့်ပတ်ဝန်းကျင် ( Environmental Conditions)၊ ပြုစုမှု (Cultural Practices) အပေါ် မူတည်၍ ၁၀ ရာခိုင်နှုန်းမှ အများဆုံး ၃၀ ရာခိုင်နှုန်းအတွင်းသာ အသီးတင်ပါသည်။ သုတေသနပြုချက်အရ သရက်ပန်းခိုင်တစ်ခိုင်လျှင် ပျှမ်းမျှ ၅.၃၉ မှ ၈.၄၅ အလုံးအရေအတွက်သာ အသီးတင်ပါသည်။ (ကျွန်တော့်အိမ်ရှိ စိန်တလုံးသရက်သီးများ ဒီနှစ် ၂၀၂၄-တွင် ၂-၃ လုံးသီးနေသည်ကို တွေ့ရပါသည်)။ ပန်းပွင့်အများစုသည် အဖိုပွင့်လုပ်ငန်းများရှိပြီး ပင်ခြားဝတ်မှုံကူး (Cross Pollination) ပါသည်။ အချို့အပင်များသည် လိင်စုံ  (Bisexual) ဖြစ်ပြီး အသီးတင် (Fruit Setting) ပါသည်။ ပန်းပွင့်ချိန် မတိုင်မီနှင့် နောက်ဆုံးအရွက်ထွက်မှု (Last Vegetative Flush) မှာ အနည်းငယ်အေးစေသော ရာသီဥတုရစေခြင်းသည်။ အပွင့်များမှုနှင့် အသီးတင်မှုအတွက် အလွန်အရေးကြီးပါသည်။ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံများတွင် တစ်နှစ်ပတ်လုံး သရက်သီးပွင့်စေရန် PBZ (Paclobutrazol) ဟော်မုန်း၊ ပန်းပွင့် (Flower Induction) တောက်လျှောက်ရရှိလာစေရန် Thiourea, KNO3  ကိုတို့လည်း သုံးကြသည်ဟု သိရှိရ ပါသည်။

ပုံ - ၃ သရက်ပင်တောက်လျှောက်သီးပွင့်ရန် သုံးသောဟော်မုန်း

သရက်သီးအများစုသည် ကျောက်ကပ်ပုံအနှစ်ဖျော်ရည်ပါ အခွံမာသီး (Kidney-Shaped slightly compressed juicy stone fruit/Drupe) ဖြစ်ပြီး အရွယ်အစား၊ ပုံသဏ္ဌာန်၊ အရောင်၊ အနံ့၊ အရသာ (Size, Shape, Color, Presence of Flavor, Taste) စသည်တို့သည် မျိုးအပေါ်မူတည်၍ ပြောင်းလဲပါသည်။

 

ပုံ - ၄ သရက်ပင် ဘဝသံသရာ (Mango Life Cycle)

သရက်သီးထွက်ကုန်များ (Products of Mango)

(က) သရက်သီး အသား (Mango Peal)

၎င်းမှနေ၍ သရက်သီးအမှည့်အသား (Fresh Fruit)၊ သရက်သီးအနှစ် (Syrup)၊ သရက်သီးဆီစိမ် (Mango Pickles)၊ ကျွန်တော်တို့ နိုင်ငံတွင် သရက်ချဉ် (Fermented Mango)၊ ချပ်တနီး (Mango Chuney)၊ သရက်ယို (Mango Jam)၊ သရက်သီးဖျော်ရည် (Mango Juice) စသည်တို့ များစွာ ထုတ်လုပ်ပါသည်။ 

ပုံ - ၅ သရက်သီး ထွက်ကုန်များ

(ခ) သရက်စေ့ထုတ်ကုန် (Products of Mango Seed) ၎င်းမှ ရူပဓာတုပစ္စည်းများ (Unique Physico-Chemical Characteristics) သည် ကိုကိုထောပတ် (Cocoa Butter) ပုံစံမျိုးဖြစ်နေ၍ အသုံးဝင်ပါသည်။

သရက်သီး၏ကျန်းမာရေးအကျိုးကျေးဇူးများ(Health Benefits of Eating Mango)

(က) မျက်စိအာရုံကောင်းစေခြင်း (Best for Eye and Vision)

ဗီတာမင်-အေဓာတ်များ စွာပါဝင်၍ မျက်စိအမြင်အာရုံ ကောင်းစေပါသည်။ သရက်သီးကို ပုံမှန်စားသုံးခြင်းဖြင့် သက်ကြီးပိုင်းများ အမြင်အာရုံထိခိုက်ပျက်စီးစေမှုကို ကာကွယ်ပေးပါသည်။

(ခ) ကိုလက်စတရောလျော့နည်းစေခြင်း (Clear Skin)

ဗီတာမင်စီ၊ ပက်တင်နှင့် အမျှင်ဓာတ်များ က သွေးတွင်းရှိ အဆီဓာတ်များကို ကျဆင်းစေပြီး သွေးကြောကျဉ်းမှုမှ ကာကွယ်ပေးပါသည်။

(ဂ) ကင်ဆာရောဂါကိုကာကွယ်ပေးခြင်း (Cancer Prevention)

အင်တီအောက်ဆီဒင့် (Anti-Oxidants) ကြွယ်ဝ၍ သုတေသနပြုလုပ်ချက်အရ ကင်ဆာရောဂါအချို့ကို အကာအကွယ်ပေးပါသည်။

(ဃ) အသားရည်ချောမောစေခြင်း (Clears Skin) နေပြင်းမှုကြောင့် အရေပြားခြောက်သွေ့ခြင်း၊ အရေပြားနှင့် ပါးရေတွန့်ခြင်းကို လျော့နည်းစေပါသည်။

(င) အပူရှပ်ခြင်းကိုကာကွယ်ပေးခြင်း (Remedy for heat Stroke) သရက်သီး သဘာဝအရ နွေရာသီ ခန္တာကိုယ်တွင်းအပူ၊ အအေးမမျှတမှုကို အကာအကွယ်ပေးပါသည်၊

(ကျန်းမာရေးကျေးဇူးများ အသေးစိတ်ကို ဒေါက်တာခင်မောင်လွင်၏စာအုပ်တွင် ဖတ်ရှုပါ)

ဆက်ပါဦးမည်..

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)

Anila, R and Redha, T. (2003) Studies on Fruits Drop in Mango Varieties. J. Tropical Agri. 41: 30-32

Hirano, R.; Khaing-Pann-Witt-Hmin; M.Kawase and Watanabe, K.N. (2008) Mango in Myanmar: A Preview. Plant Genetic Resources Monograph Series-5

55p.

Litz, R.E. (2009) The Mango: Botany, Production and Uses. 2nd Edi. CABI

680p.

Samson, J.A. (1982) Tropical Fruits. Longman. 250p. 

ခင်မောင်လွင်, ဒေါက်တာ (၂၀၂၃) သစ်သီးများနှင့်ကျန်းမာရေး၊ တတိယအကြိမ် Fame Publishing House. ၃၁၈-မျက်နှာ

မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်အသင်း (၂၀၁၆) မြန်မာ့သရက်သီးပွဲတော် ၁၀-မျက်နှာ

(ဒေါက်တာမင်းသန်းညွန့် (အငြိမ်းစားညွန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးဦးစီးဌာန)၊ ဒေါက်တာမင်းဇာနီအောင်၊ ပါမောက္ခ၊ ဒေါက်တာ စောထိုလွီထူး၊ ပါမောက္ခ၊ ၊ ဒေါက်တာ ချောစုစုထွေး၊ တွဲဖက်ပါမောက္ခဌာန၊ ဥယျာဉ်ခြံသီးနှံဌာန၊ ဒေါက်တာကြည်တိုး၊ ပါမောက္ခ (ကျောင်းအုပ်ကြီး)၊ လှည်းကူး နယ်မြေ၊ ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ အပင်မျိုး မွေးမြူ ရေး ဌာန၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ ဒေါက်တာဝင်းနိုင်၊ ညွန်ကြားရေးမှူး၊ စိုက်ပျိုး ရေး သုတေသနဦးစီးဌာန  တို့အား သိလိုသည်များ ဖြေကြားပေး၍ ကျေးဇူးတင် ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်