ရေချိုပုစွန်တုပ်ကြီး အသားတိုးမွေးမြူနည်း အပိုင်း(၁)

29/07/2022 10:55 AM တွင် ကိုမောင်မောင်(သုဝဏ္ဏ) ကိုမောင်မောင်(သုဝဏ္ဏ) မှ ရေးသား

မြန်မာ့ရေချိုပုစွန်တုပ်ကြီး အသားတိုးမွေးမြူရေးမှာ မြန်မာ့ရေမြေ၊ တောတောင်သဘာဝပတ်ဝန်းကျင်အခြေအနေနှင့် အလွန်လိုက်ဖက်သော မွေးမြူရေးလုပ်ငန်းတစ်ရပ်ဖြစ်သည်။ 

ရှေးကာလကတည်းက မိရိုးဖလာမွေးမြူခြင်းစနစ်ဖြင့် စတင်မွေးမြူခဲ့ခြင်းရှိသည်ဟု ဆိုနိုင်ပါသည်။ သို့သော်ငါးမွေးမြူရေးကန်များတွင်ရောနှော၍ သန္ဓေအောင်ကာ ပါလာခြင်းမျိုးဆိုသည်မှာ ရာခိုင်နှုန်းအားဖြင့်တော့ နည်းပါးပါသည်။ 

သို့ဖြစ်၍ နောင်သောအခါ တောင်သူဦးကြီးများသည် ငါးနှင့်ရောနှော၍ မွေးမြူသည့်အလေ့အထ ဖြစ်ပေါ်လာကြသည်။ ၎င်းမှာ (PolyCulture) မွေးမြူရခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် မိရိုးဖလာမွေးမြူခြင်း(Traditional Culture) ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ 

ယခုအခါတွင်မူ နှစ်စဥ်လူဦးရေတိုးတက်များပြားလာသည်နှင့်အမျှ ပြည်တွင်းမှ ဖူလုံစွာ စားသုံးနိုင်ခြင်းနှင့် ပြည်ပဈေးကွက်ဝယ်လိုအား တိုးတက်ရန်အတွက် အထွက်တိုးနိုင်အောင် ခေတ်မီနည်းစနစ်များဖြင့် မွေးမြူထုတ်လုပ်ရန် ဆောင်ရွက်ကြရတော့သည်။

ယင်းကဲ့သို့ ခေတ်မီနည်းစနစ်များဖြင့် မွေးမြူရေးလုပ်သော အခြေခံစနစ်များကိုအပိုင်းအလိုက် ဖော်ပြပေးသွားပါမည်။

ရေချိုပုစွန်တုပ်ကြီး (Giant Freshwater Prawn) ဆိုတာဘာလဲ

မြန်မာနိုင်ငံတွင် စီးပွားရေးဈေးကွက်ဝင် ရေချိုပုစွန်မျိူးစိတ်အမျိုးအစား ၁၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။ 

၎င်းမျိုးစိတ်များအနက် ရေချိုပုစွန်တုပ်ကြီး (Macro brachium Rosenbergii) အမျိုးအစားသည် အကြီးဆုံးအရွယ်စားရှိသည့် လက်မကားအမျိုးအစား ဖြစ်သည်။ အသားတိုး၍ ကြီးထွားနှုန်းကောင်းသည်။ မြေကြီးကန်များတွင် စနစ်တကျ မွေးမြူနိုင်သည်။ 

ရေချိုပုစွန်တုပ်ကြီးမျိူးရင်းကို ကမ္ဘာအရပ်ရပ်ရှိ အပူပိုင်းဇုန်နှင့် သမပိုင်းဒေသတို့တွင် တွေ့ရှိရသည်။ အထူးသဖြင့် ၎င်းမျိူးစိတ်များကို သီရိလင်္ကာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်ပြည်တောင်ပိုင်း၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ သြစတေးလျမြောက်ပိုင်း၊ ကမ်းရိုးတန်းဒေသများ၊ အင်းအိုင်၊ ချောင်းမြောင်းများတွင်တွေ့ရှိရသည်။ ၎င်းဒေသမှ မျိူးစိတ်များကို ဟာဝိုင်အီနှင့်အခြားနိုင်ငံများသို့ သယ်ယူ၍ မွေးမြူကြောင်း သိရှိရသည်။

ရေချိုပုစွန်တုပ်ကြီး၏ သဘာဝ

ရေချိူပုစွန်တုပ်ကြီးသည် ပြင်ပအခွံမာသော သတ္တဝါများဖြစ်၍ ကြီးထွားမှုတွင်မူပြင်ပအခွံသည် အခါအားလျော်စွာ ပြောင်းလဲတတ်သည်။ အပြင်ခွံ၏ အရေပြားလဲပေးမှသာ ၎င်းတို့၏ ကြီးထွားမှုနှုန်းနှင့် အလေးချိန်များ တိုးလာမည်ဖြစ်သည်။ ၎င်းဖြစ်စဥ်ကို(Moulting)ဟု ခေါ်သည်။ 

ကြီးထွားမှုတွင် အဆင့်(၄)ဆင့်ကို ဖြတ်ကျော်ရသည်။ ၎င်းတို့မှာ ဥ၊ သားလောင်း၊သားပေါက်နှင့် သက်ကြီးကောင်တို့ပင် ဖြစ်သည်။ 

အရွယ်ရောက်သည့် ပုစွန်အထီးနှင့်အမတို့ မိတ်လိုက်ရန်အချိန်တွင် အထီး၏အရေခွံမှာ မာကျော၍ အမ၏အရေခွံမှာ ပျော့ပျောင်းနေသည်။ မိတ်မလိုက်မီအချိန်တွင် အမ၏(Carapace)အရေခွံမှာ ပျော့ပျောင်းနေခြင်းဖြင့် အမ၏အောက်ပိုင်း(Carapace) တွင် အထီး၏မျိူးရည်ကို ကျောက်ကျောကဲ့သို့ တွယ်ကပ်စေသည်။

မိတ်လိုက်ပြီး နာရီအနည်းငယ်အကြာတွင် အမ၏ဥများကို ကျောရိုးအတွင်းမှ စစ်ထုတ်သည်ကို တွေ့ရသည်။ အဖို၏သုတ်ရည်နှင့်ရောနှောကာ သန္ဓေအောင်စေ၍ အမ၏ဝမ်းဗိုက်အောက်အတွင်းရှိ ဥအိတ်တွင် ဥများ တွယ်ကပ်နေတော့သည်။

သန္ဓေအောင်ပြီးဥများကို အမသည် ရေယက်များဖြင့်သန့်စင်ပေးပြီး သန္ဓေသား ဖွံ့ဖြိုးမှုသည် (၁၁)ရက်မှ (၂၁)ရက်ကြာပါသည်။ အရွယ်ရောက်သည့် အမတစ်ကောင်မှ ဥ(၅၀၀၀၀)မှ (၁၀၀၀၀၀)ထိ ဥချသည်။ ဥများကုန်ရန် တစ်ရက်မှနှစ်ရက်ခန့်အထိကြာသည်။ ထို့နောက်တွင် ဥမှသားလောင်းများ ထွက်ပေါ်လာသည်။

သားလောင်းများအသက်ရှင်ချိန်တွင် ရေငန်လိုအပ်ပါသည်။ ရေချိုမှ ပေါက်သောသားလောင်းများသည် ရေငန်တွင် ရှင်သန်ကူးခတ်ကြသောကြောင့်ဖြစ်သည်။ ရေငန်နှုန်းအနေဖြင့် 8 PPT မှ 15 PPT ခန့် လိုအပ်ပါသည်။  

သားလောင်းများသည် သဘာဝအစာအဖြစ် Zooplankton များ၊ သေးငယ်သော worms များနှင့် ရေနေကျောရိုးမဲ့သားလောင်းများကို စားသောက်ရှင်သန်ကြပြီး အဆင့်(၁၁)ဆင့် ကူးပြောင်းပြီးမှ ရေချိုပုစွန်တုပ်ကြီး သက်ကြီးကောင်အဖြစ် ရောက်ရှိသည်။ 

သက်ကြီးသားပေါက်များသည် အရွယ်ရောက်လာပါက ရေငန်မှရေချိုသို့ ကူးခတ်ပြီးရောက်ရှိကြပြီး ရေချိုတွင်ပျော်မြူးပြီး နေကြသည်။ 

သက်ကြီးသားပေါက်များသည် အစုံစား သတ္တဝါများဖြစ်သည်။ အချင်းချင်းလည်း စားတတ်ကြသည်။ အထူးသဖြင့် aquatic insects ,and larvae (သားလောင်းများ) algae, nuts, grain, seeds, fruits, smallmollusks နှင့် ခရုများ၊ ငါးသားလောင်းများကို စားသုံးကြသည်။

ကန်များတွင်ရေချိူပုစွန်တုပ်ကြီးများ အသားတိုးမွေးမြူခြင်း

(၁) မြေနေရာရွေးချယ်ခြင်း

ရေချိုပုစွန်တုပ် အသားတိုးမွေးမြူရန်အတွက် မြေနေရာရွေးချယ်ရာတွင် အောက်ဖော်ပြပါ အချက်များကို အခြေခံပြီး ရွေးချယ်ရန် လိုအပ်ပါသည်။

(က) ရေချိုပုစွန်တုပ်ကြီး မွေးမြူရန်အတွက် သင့်လျော်သော မြေအနေထားရှိပြီးသားပေါက်အလုံလောက်ရရှိရန်နှင့် လုပ်ငန်းသုံးပစ္စည်းများ လည်ပတ်နိုင်မှု ရှိရမည်။

(ခ) ပုစွန်တုပ်ကြီး သားပေါက်ထုတ်လုပ်သော စခန်းအနီးဝန်းကျင်တွင် ပုစွန်တုပ်ကြီးများအတွက် ဈေးကွက်ရှိရမည်။

(ဂ) လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရမည်။

(ဃ) ပုစွန်တုပ်ကြီးများ မွေးမြူရန်အတွက် ကျွမ်းကျင်လုပ်သားများ ရှိရမည်။

(၂)မွေးမြူမည့်ကန်များ (Ponds)

ကန်များသည်သာမန်အားဖြင့်ထောင့်မှန်စတုဂံများဖြစ်၍ အလျားသည်အနံ၏ သုံးဆ သို့မဟုတ်လေးဆ ရှိရသည်။ ကန်ရေအနက်သည် အနည်းဆုံး သုံးပေမှ လေးပေခွဲ ရှိရမည်။ ကန်များအရွယ်အစားသည် အနည်းဆုံး ၀.၅ ဧက မှ ၂.၅ ဧက ဖြစ်ရမည်။

(၃) ကန်ပေါင်များ(Bunds)

ကန်၏တာပေါင်များသည် ကန်အတွင်းရှိ ရေမျက်နှာပြင်အထက် ၂ ပေအမြင့်ထိ ရှိရမည်။ ၀.၅ ဧက အရွယ်ကန်များတွင် တာပေါင်၏ မျက်နှာပြင်ကို ၅ ပေခန့် ထားရန်လိုအပ်သည်။ ၁ ဧက ကန်များတွင် ၁၀ ပေခန့် ရှိရမည်။

ရေဆင်း(slope)များသည် သဲဆန်သောရွှံ့မြေများတွင် အမြင့်နှင့် ဆင်ခြေလျှောအချိုးကို ၁:၁.၅ မှ ၁:၂.၅ အထိ ထားရမည်။ ရေထိန်းနိုင်စွမ်းကောင်းသော ရွှံ့ထိန်းမြေသည် အကောင်းဆုံးဖြစ်သည်။ ကန်တူးဖော်ရာတွင် အရေးအကြီးဆုံးအချက်မှာ ကန်အောက်ခြေမျက်နှာပြင်သည် ရေထုတ်ပေါက်ရှိရာဘက်တွင် နိမ့်ကျနေစေရန်နှင့် ကန်အောက်ခြေမျက်နှာပြင် ချောမွတ်နေစေရန်တို့ဖြစ်သည်။

(၃) ရေတံခါးများ

မွေးမြူရေးကန်များတွင် ရေသွင်းရေထုတ်ပြုလုပ်ရန်အတွက် ရေတံခါးများ လိုအပ်သည်။ ဥပမာအားဖြင့် ၂.၅ ဧက အောက် ကန်များတွင် ရေထုတ်ပိုက်ကို ၉ လက်မအရွယ် အသုံးပြုနိုင်သည်။ ၂.၅ ဧက အထက် ကန်များကို ၁၄ လက်မပိုက်များ အသုံးပြုနိုင်သည်။

(၄) ရေရရှိမှု

ရေချိုပုစွန်တုပ်ကြီးမွေးမြူရာတွင် ရေရရှိနိုင်မှုနှင့် အလုံအလောက်ရရှိနိုင်မှုတို့မှာ အဓိကလိုအပ်ချက်ထဲတွင် ပါဝင်သည်။ ရေကို အဓိကအားဖြင့် မိုးရေနှင့် မြစ်ချောင်း၊မြစ်လက်တက်၊ ချောင်းမြောင်းတို့မှ ရရှိနိုင်သည်။ ပုစွန်မွေးမြူရေးကန်များသည်ငါးမွေးမြူရေးကန်များလောက် ရေအနက်မရှိသောကြောင့် မိုးရေခံ၍ သုံးမည်ဆိုပါက ရေလှောင်ကန် လိုအပ် မလိုအပ်ကို ဆန်းစစ်ဖို့ လိုသည်။

မြစ်လက်တက်၊ ချောင်းလက်တက်တို့မှ အလွယ်တကူ ရေယူရန် လွယ်ကူပါကရေလှောင်ကန် မလိုအပ်ပါ။ ပုစွန်ကန်များတွင် အန္တရာယ်ပေးနိုင်သော စက်မှုလက်မှုလုပ်ငန်းများမှ ဓာတုစွန့်ပစ်ပစ္စည်းများပါဝင်သော ရေများ၊ စိုက်ပျိုးရေးလုပ်ငန်းမှ ဓာတုစွန့်ပစ်ပစ္စည်းများပါဝင်သောရေများကို မသုံးစွဲရန် အထူးလိုအပ်ပါသည်။

(၅) လေရရှိမှု

ပုစွန်မွေးမြူရေးကန်များတွင် လေရရှိမှုအတွက်မှာ ရေတွင်အောက်ဆီဂျင်ပျော်ဝင်မှုအပေါ်  မူတည်သည်။ အောက်ဆီဂျင်ကို အဓိအားဖြင့် လေမှသော်လည်းကောင်း၊ ကန်များအတွင်းရှိ အပင်များမှသော်လည်းကောင်း ရရှိသည်။

သဘာဝမှ အောက်ဆီဂျင်ကို အရမ်းအားကိုးမရသော်လည်း အောက်ဆီဂျင်ပျော်ဝင်မှုများလာအောင်ဖန်တီးပေးခြင်းဖြင့်လည်း ရယူနိုင်သည်။ အဓိကအားဖြင့် ရေကို အောက်ဆီဂျင်ပြည့်ဝသောလေတွင်ဖြတ်သန်းစေခြင်းနှင့် အောက်ဆီဂျင်ပြည့်ဝသောလေကို ရေတွင်ဖြတ်သန်းစေခြင်းများဖြင့် ပြုလုပ်ပေးနိုင်သည်။

ပထမနည်းမှာ ရေစုပ်စက်ကိုအသုံးပြု၍ တစ်နေရာမှ ရေကိုစုပ်ယူပြီး တစ်ခြားတစ်နေရာမှ ပိုက်ပျော့ဖြင့်ရေပန်းသဖွယ်လုပ်ပေးခြင်းဖြင့် ရေတွင်အောက်ဆီဂျင်ပျော်ဝင်နိုင်သည်။ ဒုတိယနည်းမှာ လေကို လေမှုတ်စက်အသုံးပြု၍ ကန်ရေအတွင်းသို့မှုတ်ပေးခြင်းဖြင့် အောက်ဆီဂျင်ကိုရရှိနိုင်သည်။ 

ဤနည်းတွင်တောင်သူများသည် Tractor စက်ကို အသုံးပြု၍ လေမှုတ်စက်မှ ပိုက်ဆက်၍ လေမှုတ်ပေးခြင်းဖြင့် လေသည်ရေကိုကျော်ဖြတ်ကာ အောက်ဆီဂျင် ရရှိပါသည်။

အပိုင်း(၂) တွင် ‘ အသားတိုးပုစွန်မွေးမြူရေးကန်များပြုပြင်ထိန်းသိမ်းနည်း၊ မြေဩဇာထည့်သွင်းနည်း၊ သားပေါက်များထည့်သွင်းပြီး အသားတိုးမွေးမြူနည်း’  များ အကြောင်းကို အသေးစိတ်ဆက်လက်ဖော်ပြပေးသွားပါမည်။


ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်