သဘာဝတရားကြီးက လက်ဆောင်ပေးထားတဲ့ လင်းတဆိုတာ

04/05/2025 11:00 AM တွင် Thu Ra Nyi Nyi Thu Ra Nyi Nyi မှ ရေးသား

ကျနော်တို့ကြားမှာ ငှက်တွေနဲ့ ပတ်သက်ရင် တော်တော်ရေပန်းစားတဲ့ စကားပုံ တစ်ခုရှိပါတယ်။

ဘာလဲဆိုတော့ “လင်းတလောက်တော့ ငှက်တိုင်းလှ” ဆိုတဲ့ စကားပုံပါ။ 

မှန်ပါတယ်..

လင်းတလောက်တော့ ငှက်တိုင်းလှနိုင်တယ်။ ဒါပေမဲ့ သဘာဝပတ်ဝန်းကျင်အပေါ် လူတွေအပေါ်မှာတော့ လင်းတလို အကျိုးပြုနိုင်တဲ့ ငှက်မျိုးတော့ ရှားပါလိမ့်မယ်။

တစ်ဆင့်ချင်း ကျနော်ရှင်းပြချင်ပါတယ်။

လင်းတအမျိုးအစား တော်တော်များများ ရှိပေမဲ့ လင်းတလို့ ပြောလိုက်ရင် ကျနော်တို့ မျက်လုံးထဲမှာ ပြေးမြင်လိုက်တာက ခေါင်းပြောင်ပြောင် ရုပ်ဆိုးဆိုးနဲ့ အသေကောင်ပုပ်စားတဲ့ ငှက်ကြီးတွေပါပဲ။ ဒါကလည်း ဒီလိုအကောင်မျိုးတွေက ကျနော်တို့နိုင်ငံမှာ အများဆုံးတွေ့ရတဲ့ အမျိုးအစား ဖြစ်နေလို့ပါပဲ။

စကားပုံထဲမှာ မျက်နှာသာမရတဲ့ ဒီရုပ်ဆိုးဆိုးကောင်ကြီးတွေဟာ  ဂေဟစနစ်မှာတော့ အ‌ရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်နေပါတယ်။ ဘယ်လိုမျိုးပါဝင်နေလဲ ဆိုရင်တော့ အကောင်ပုပ်တွေကို စားပြီးတော့ ပါဝင်နေတာပါ။

ဒီနေရာမှာ အကောင်ပုပ်တွေနဲ့ ပတ်သက်ပြီးတော့ နည်းနည်းပြောချင်ပါတယ်။

သဘာဝထဲမှာ သတ္တဝါတွေက သက်တမ်းကုန်ဆုံးတဲ့အခါမှာ ဖြစ်စေ၊ နာမကျန်းလို့သေဆုံးတဲ့ အခါမှာဖြစ်စေ သူတို့ရဲ့ ရုပ်အလောင်းကျန်ခဲ့ပါတယ်။ တဖန်  ကျား၊ ခြင်္သေ့တို့လို အသားစားသတ္တဝါတွေရဲ့ အမဲလိုက်သတ်ဖြတ်စားသောက်ခြင်း ခံရပြီးတော့လဲ ရုပ်အလောင်းအကြွင်းအကျန်တွေ ကျန်ရှိပါတယ်။ ဒီရုပ်အလောင်းတွေ၊ အကြွင်းအကျန်တွေဟာ အချိန်ကြာလာတာနဲ့အမျှ ပုပ်သိုးလာပြီး ရောဂါတို့ ပြန့်ပွါးရာ ဇစ်မြစ်ဖြစ်တဲ့ ဘက်တီးရီးယားတွေ၊ ပသိုဂျင်(pathogen)တွေ ပေါက်ဖွားပျံ့ပွားရာ အစာအရင်းအမြစ်ကြီး ဖြစ်လာပါတယ်။ တနည်းအားဖြင့် ရောဂါမျိုးစုံ စတင်ပေါက်ဖွားရာ နေရာကြီး ဖြစ်လာပါသည်ပေါ့။ 

ဆိုတော့ လင်းတတွေက ဒီအကောင်ပုပ်တွေ၊ အကြွင်းအကျန်တွေကို စားခြင်းအားဖြင့် အပုပ်နံ့တွေ မကောင်းတဲ့ အနံ့အသက်တွေဖယ်ရှားပေးသလို ဘက်တီးရီးယားနဲ့ ရောဂါဖြစ်စေတဲ့ ပသိုဂျင်တွေ ပျံ့ပွားမှုကို ထိန်းချုပ်ပေးပါတယ်။ အကောင်ပုပ်တွေကနေ ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ မီသိန်းလို့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကို လျော့ကျစေတာမို့ ကမ္ဘာကြီး ပူနွေးမှု လျှော့ချရာမှာ ကူညီပေးတယ်။ ဒါ့အပြင် အကောင်ပုပ်အကြွင်းအကျန်တွေ စားသလို ခွေးရူးရောဂါ သယ်ဆောင်သူတွေလဲ ဖြစ်တဲ့ ခွေးအလို အကောင်တွေရဲ့ ဦးရေကိုလဲ ကန့်သတ်ပေးပါတယ်။ ဘယ်လိုမျိုးလဲ ဆိုတော့ ခွေးအတွေရဲ့ အစာဖြစ်တဲ့ အကောင်ပုပ်တွေ အကြွင်းအကျန်တွေကို စားသောက်ပြီးတော့ အစာအရင်းအမြစ်ကို လျှော့ချလိုက်ခြင်းနဲ့ပဲ ဖြစ်ပါတယ်။

ဒီနေရာမှာစပြီး စိတ်ဝင်စားစရာလေးတွေ တွေ့လာပါပြီ။ အပေါ်မှာ ပြောခဲ့သလို လင်းတတွေ သဘာဝပတ်ဝန်းကျင်နဲ့ လူတွေအပေါ်အကျိုးပြုနိုင်တယ်ဆိုတာ အကောင်ပုပ်တွေကို စားနိုင်လို့ပါ။ ဘာ့ကြောင့် ဒီကောင်တွေက အကောင်ပုပ်တွေကို စားနိုင်ရတာလဲ။ အကောင်ပုပ်ဆိုမျိုးတာ ဘက်တီးရီးယားတွေ ပသိုဂျင်တွေနဲ့ ပြည့်နှက်နေတဲ့ အရာတွေပါ။ ဒီကောင်တွေက လင်းတတွေကိုရော ရောဂါ မဖြစ်စေနိုင်ဘူးလား။ ပြီးတော့ လင်းတတွေ ပြန်စွန့်တဲ့ မစင်ကနေ ဘက်တီးရီးယားတွေ ပသိုဂျင်တွေ ပြန်ပါပြီးတော့ ရောဂါတွေကို မပျံ့စေနိုင်ဘူးလား ဆိုတာတွေပါ။

အကောင်ပုပ်တွေက လင်းတတွေကို ရောဂါမဖြစ်စေနိုင်ဘူးလား ဆိုတဲ့ မေးခွန်းကို ဖြေရရင် ဟုတ်ပါတယ်။ ရောဂါ မဖြစ်စေနိုင်ပါဘူး။ ဘာ့ကြောင့်လဲ။ အဓိကအချက် ၂ချက် ရှိပါတယ်။

ပထမတစ်ချက်က သူတို့ရဲ့ အစာခြေရည်အက်စစ်တွေကြောင့်ပါ။ လင်းတတွေရဲ့ အစာခြေအက်စစ်က အကြမ်းဖျင်းအားဖြင့် pH 1 ပတ်ဝန်းကျင်မှာ ရှိပြီး ကားဘက်ထရီအက်စစ်တွေလို ပြင်းထန်ပါတယ်။ တခြားသော အသားစားငှက်ဖြစ်တဲ့ သိမ်းငှက်တွေရဲ့ အစာခြေအက်စစ်က pH 1.5 နဲ့ 2.5 ကြားပဲ ရှိပါတယ်။ ဆိုတော့ လင်းတတွေရဲ့ အစာခြေအက်စစ်က ပုံမှန် အသားစားငှက်တွေထက် သိသိသာသာ ပိုပြင်းထန်တဲ့ သဘောပါ။ လင်းတမုတ်ဆိတ် (Bearded vulture) တွေမှာဆိုရင် pH 0.7 လောက်ပဲ ရှိပြီး အရိုးကိုတောင် အစာခြေနိုင်ပါတယ်။ ဆိုတော့ ဘက်တီးယားတွေ ပသိုဂျင်တွေက အစာခြေအက်စစ်ပြင်းတွေရဲ့ အောက်မှာ လက်မြှောက် အရှုံးပေးပြီး သေဆုံးသွားကြပါသည်ပေါ့။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ကျန်ပါသေးတယ်။ ဒီကောင်တွေရဲ့ ကိုယ်ခံအားစနစ် အလုပ်လုပ်ပုံပါ။ လင်းတတွေမှာ အကောင်ပုပ်တွေစားတာကြောင့် ရောဂါမဖြစ်စေဖို့အတွက် ဆင့်ကဲပြောင်းလဲလာတဲ့ ကိုယ်ခံအားစနစ်ရှိပါတယ်။ ဒီထဲက အထင်ရှားဆုံးတစ်ခုကတော့ အူထဲမှာ ရှိနေတဲ့ အကျိုးပြုအနုဇီဝအုပ်စုကြီးပါပဲ။ ဒီအုပ်စုကြီးက အကောင်ပုပ်တွေက ပါလာတဲ့ ရောဂါပိုးတွေကို နှိပ်ကွပ်ပေးသလို အစာခြေဖျက်ရာမှာလဲ ကူညီပေးပါတယ်။ လင်းတတွေရဲ့ သွေးတွေ အသားမျှင်(tissue) တွေမှာလဲ ဒီရောဂါပိုးမွှားတွေကို ဖျက်စီးပစ်နိုင်တဲ့ ပဋိဇီဝဆန့်ကျင်စ္စည်း (Antimicrobial Peptides) လိုကောင်တွေလဲ ရှိနေပါတယ်။ သဘာဝအရ အကောင်ပုပ်တွေက ထွက်တဲ့ အဆိပ်အတောက်တွေကိုလဲ ခံနိုင်ရည် ရှိပါသေးတယ်။ ဒါတွေတင် မကသေးပါဘူး သူတို့ရဲ့ ဗီဇ(Genes)တွေထဲမှာလဲ ဆင့်ကဲ့ပြောင်းလဲလာပြီး ကိုယ်ခံအားကောင်းစေတဲ့ မျိုးရိုးဗီဇတွေ ပါနေပါသေးတယ်။ ဆိုတော့.. သွေးထဲမှာကော ဗီဇထဲမှာကော ခံနိုင်ရည်အပြည့်နဲ့ဆိုတဲ့ကောင်တွေပါပဲ။

ဒီနှစ်ချက်အပြင် လင်းတတွေရဲ့ အမူအကျင့်တွေ သူတို့ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံတွေကလဲ အကောင်ပုပ်စားဖို့အတွက် သင့်တော်တဲ့ အခြေအနေတွေ ဖန်တီးပေးထားပါတယ်။

ဥပမာ.. လင်းတတွေ ခေါင်းပြောင်ခြင်းအကြောင်းကို ပြောရရင် အကောင်ပုပ်တွေ တိုးလျှိုးပြီး စားတဲ့အခါ လင်းတတွေရဲ့ ခေါင်းပေါ်ကို အရိအရွဲ မလွဲမသွေ ကပ်ပါလာပါလိမ့်မယ်။ အကယ်၍ ခေါင်းပေါ်မှာသာ အမွှေးတွေရှိနေရင် ဒီအမွှေးတွေကြားမှာ အရိအရွဲတွေက ပါလာတဲ့ ဘက်တီးရီးယားတွေ  ကပ်ကျန်ပြီး ရှင်သန်မျိုးပွားသွားမှာဖြစ်တဲ့အတွက်ကြောင့် သဘာဝတရားကြီးက ပြောင်ပေးထားတာပဲ ဖြစ်ပါတယ်။ 

လင်းတတွေရဲ့ မစင်ကနေ ရောဂါပိုးတွေ မပျံ့နိုင်ဘူးလားဆိုတဲ့ မေးခွန်းကို ပြန်ပြောရရင်တော့ အပေါ်က စာပိုဒ်တွေထဲမှာပြောခဲ့သလိုပဲ ရောဂါပိုး ၉၉ ရာခိုင်နှုန်းလောက်ဟာ လင်းတတွေရဲ့ အစာခြေအက်စစ်ရည်နဲ့ အူထဲက အနုဇီဝအုပ်စုကြီးရဲ့ လက်ချက်အောက်မှာ ကြွေလွင့်ခဲ့ရပါပြီ။ ရောဂါပျံ့ပွားနိုင်ချေ လုံးလုံးမရှိဘူးလို့ ၁၀၀ရာခိုင်နှုန်း မပြောနိုင်ပေမဲ့ လင်းတတွေကြောင့် ရောဂါပျံ့ပွားခဲ့တဲ့ ထင်ရှားတဲ့ ဖြစ်ရပ်သာဓကမျိုးတော့ မတွေ့ရသေးပါဘူး။

လင်းတတွေနဲ့ ပတ်သက်ရင် ရယ်စရာကောင်းတဲ့ အချက်လေးတစ်ခု ရှိပါတယ်။ သိတဲ့အတိုင်းပဲ ဒီကောင်ကြီးတွေက အကောင်ပုပ်တွေကိုပဲ စားပြီး အရှင်တွေကို အမဲလိုက်စားတဲ့ကောင်မျိုး မဟုတ်ပါဘူး။ ဒါပေမဲ့လည်း.. ဒါပေမဲ့လည်းပေါ့နော်

အကယ်၍ နေမကောင်းဖြစ်နေတဲ့ကောင် ရောဂါရှိနေတဲ့ကောင်တွေကိုဆိုရင်တေ့ာ ပြောမရပါဘူးတဲ့။ သတ်ပြီး စားတတ်တယ်လို့ဆိုပါတယ်။ ဒါကလည်း ရောဂါပိုးရှိရင် ရှင်းလင်းရမယ်ဆိုတဲ့ သူတို့ရဲ့ သဘာဝအသိကြောင့်ပေလား .. သို့တည်းမဟုတ်.. နေမကောင်းတဲ့ကောင်ကို ကြည့်မရပေ၍လား မပြောတတ်ပါ။ 

ဆိုတော့ မိတ်ဆွေတို့အနေနဲ့လည်း နှာစေး၊ ချောင်းဆိုးပြီး တုပ်ကွေးလေးမိချင်သလိုများ ဖြစ်နေတယ်ဆိုရင်ဖြင့် လင်းတတွေကို ဝေးဝေးရှောင်ဖို့ အကြံပြုလိုက်ပါတယ်ခင်ဗျာ။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်