အကျိုးရှိစွာသုံးစွဲပါ ရွက်ဖျန်းမြေသြဇာ

20/06/2019 17:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရွက်ဖျန်းမြေသြဇာ (Leaf fertilizer) သုံးစွဲခြင်းသည် စိုက်ပျိုးသီးနှံပင်များအတွက် လိုအပ်သော အာဟာရဓါတ်များ လျင်မြန်စွာရောက်ရှိစေသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ကုန်ကျစရိတ်သက်သာပြီး အကျိုးရှိသည်။ လွယ်ကူစွာ ဆောင်ရွက်နိုင်ခြင်းကြောင့် အသုံးများလာသည့် မြေသြဇာကျွေးနည်း တစ်မျိုးဖြစ်ကာ အာဟာရများကို အမြစ်မှ စုပ်ယူစိမ့်ဝင်စားသုံးစေခြင်းနည်းလမ်းမဟုတ်ဘဲ အရွက်မှတစ်ဆင့် အာဟာရမြေသြဇာရရှိစေသည့် နည်းလမ်းဖြစ်ပါသည်။

လေ့လာသိရှိချက်အရ ပုံမှန်မြေဆီလွှာအဆင့်အတန်းရှိ စိုက်ပျိုးမြေ၌ စိုက်ပျိုးသော သီးနှံပင်များအား လိုအပ်သောအချိန်တွင် လိုအပ်သောအာဟာရကို အရွက်များပေါ်သို့ ပက်ဖျန်း၍ မြေသြဇာကျွေးခြင်းသည် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်စေပါသည်။ သီးနှံအမျိုးအစားအလိုက်တိုးတက်မှုကို ဖေါ်ပြရလျှင် လယ်ယာသီးနှံများတွင် ၅ မှ ၁၀ ရာခိုင်နှုန်း၊ သစ်သီးပင်များတွင်   ၅ မှ ၁၅ ရာခိုင်နှုန်းနှင့် ဟင်းသီးဟင်းရွက်များတွင် ၂၀ မှ ၃၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရပါသည်။

ပက်ဖျန်းမည့် အရွက်ဖျန်းမြေသြဇာသည် စိုက်ပျိုးသီးနှံပင်များအတွက် လိုအပ်သောအာဟာရကို ဖြည့်ဆည်းပေးနိုင်သည့် အာဟာရဓါတ်များပါဝင်သော မြေသြဇာဖြစ်ရပါမည်။ ထို့ကြောင့် စိုက်ပျိုးထားသော သီးနှံပင်တွင် ဖေါ်ပြလျှက်ရှိသော ချို့တဲ့သည့်လက္ခဏာကို ကြည့်ရှုအကဲခတ်ပြီး လိုအပ်သောအာဟာရကို ဦးစွာခန့်မှန်းရန် လိုအပ်ပါသည်။  

စိုက်ပျိုးထားသော သီးနှံပင်များသည် အပင်သေးသွယ်ခြင်း၊ အရွက်များအစိမ်းရောင်မှ အဝါရောင်သို့ ပြောင်းခြင်းလက္ခဏာများတွေ့ရှိပါက နိုင်ထရိုဂျင်အာဟာရဓါတ် လိုအပ်နေကြောင်း သိရှိနိုင်သည်။ သို့ဖြစ်၍ နိုင်ထရိုဂျင်အာဟာရဓါတ်ပါဝင်သည့် အရွက်ဖျန်းမြေသြဇာကို ပက်ဖျန်းပေးရန်ဖြစ်ပါသည်။

စိုက်ပျိုးထားသောသီးနှံပင်များ ကြုံလှီချိနဲ့နေသည့် လက္ခဏာကို တွေ့ရှိပါက နိုင်ထရိုဂျင်နှင့် ဖေါ့စ်ဖောရပ် အာဟာရဓါတ်နှစ်မျိုး ရောစပ်ပါဝင်သည့် အရွက်ဖျန်းမြေသြဇာကို ပက်ဖျန်းပေးရန်ဖြစ်ပါသည်။

အကယ်၍ ပုံမှန်ကြီးထွားနေသော စိုက်ပျိုးသီးနှံပင်များကို ပက်ဖျန်းရန်ဖြစ်ပါက ဖေါ့စ်ဖောရပ်နှင့် ပိုတက်စီယံ အာဟာရဓါတ်နှစ်မျိုး ရောစပ်ပါဝင်သည့် အရွက်ဖြန်းမြေသြဇာကို ပက်ဖျန်းပေးရန်ဖြစ်ပါသည်။

စိုက်ပျိုးသီးနှံပင်များတွင် လိုအပ်နိုင်သည့် အာဟာရဓါတ် များစွာရှိပါသည်။ အချို့ကို များပြားစွာ လိုအပ်သည်။ အချို့ကိုမူ အနည်းငယ်သာလိုအပ်သည်။ လိုအပ်သည့်အာဟာရတိုင်းကို ရရှိစေရန် အရွက်သို့ ပက်ဖျန်း၍ မြေသြဇာအဖြစ်ကျွေးရန် သင့်တော်ခြင်းမရှိကြောင်း အသိပေးလိုပါသည်။

အသုံးများသော အရွက်ဖျန်းမြေသြဇာအများစုတွင် ယူရီးယား၊ ပိုတက်ဆီယမ် ဒိုင်ဟိုက်ဒရိုဂျင် ဖော့စ်ဖိတ်၊ ကယ်ဆီယမ် စူပါဖော့စ်ဖိတ်၊ ဘိုရပ်စ်၊ ဇင့်ဆာလဖိတ်၊ ပြာ စသည်တို့ ပါဝင်လေ့ရှိကြောင်း သိရပါသည်။

အချို့ဓါတ်ပစ္စည်းများပါဝင်သော မြေသြဇာများသည် အချို့သောသီးနှံပင်များတွင် အသုံးပြုရန် သင့်တော်ခြင်းမရှိပေ။ အရွက်ဖျန်းမြေသြဇာတွင် အာဟာရဓါတ် အမျိုးအစားအလိုက် ဖျော်စပ်သည့်ပြင်းအား မှန်ကန်စွာပါဝင်ရန်လိုအပ်သည်။ ပြင်းအားပါဝင်မှုနည်းက အကျိုးအာနိသင် ထိရောက်မည်မဟုတ်ချေ။ ပြင်းအားပါဝင်မှု လိုအပ်သည်ထက် ပိုများပါက မလိုလားအပ်သည့် ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပေသည်။

အာဟာရဓါတ်အလိုက် ပါဝင်သင့်သည့်ပြင်းအား အနည်းဆုံး၊ အများဆုံး သတ်မှတ်ချက်များမှာ-      ယူရီးယား ဝ.၅၀ မှ ၂.၀၀ ရာခိုင်နှုန်း၊ ကယ်ဆီယမ် စူပါဖော့စ်ဖိတ် ၁.၀၀ မှ ၅.၀၀ ရာခိုင်နှုန်း၊ ပိုတက်ဆီယမ် ဒိုင်ဟိုက်ဒရိုဂျင် ဖော့စ်ဖိတ် ဝ.၂၀ မှ ဝ.၅၀ ရာခိုင်နှုန်း၊ ဘိုးရစ်အက်ဆစ် ဝ.၁၀ မှ ၅.၀၀ ရာခိုင်နှုန်း၊ အမိုနီယမ် မိုလပ်ရိတ် (Ammonium molybdate) ၀.၀၂ မှ ဝ.၀၅ ရာခိုင်နှုန်း၊ ဇင့်ဆာလဖိတ် (Zinc sulfate) ဝ.၀၅ မှ ဝ.၂၀ ရာခိုင်နှုန်းနှင့် အမိုနီယမ် ဆာလဖိတ် (Ammonium sulfate) ဝ.၂၀ မှ ဝ.၃၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရပါသည်။

စိုက်ပျိုးသီးနှံပင်၏ ကြီးထွားကာလ၊ အာဟာရဓါတ်ချို့တဲ့မှု၊ အပင်အမျိုးအစား စသည့်အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြင်းအားကို ချိန်ဆသုံးစွဲရန် လိုအပ်ပါသည်။ 

ယေဘုယျအားဖြင့် သီးနှံပင်ငယ်စဉ်ကာလတွင် ပက်ဖျန်းပါက ပြင်းအားကို လျော့နည်းသုံးစွဲရန် ဖြစ်သည်။ နောက်ပိုင်းကာလတွင်မူ ပြင်းအားကို တိုးမြှင့်သုံးစွဲနိုင်ပါသည်။ 

ပုံမှန်ကြီးထွားမှု အခြေအနေတွင်ရှိသော သီးနှံပင်ကို ပက်ဖျန်းရာတွင် ပြင်းအားကို လျော့နည်း သုံးစွဲရန် ဖြစ်ပါသည်။  အာဟာရဓါတ်ချို့တဲ့သော သီးနှံပင်ကို ပက်ဖျန်းရန်ဖြစ်ပါက ပြင်းအားကို ပိုမိုတိုးမြှင့် သုံးစွဲသင့်ပါသည်။

အနည်းငယ်သာလိုအပ်သည့် အာဟာရ ဓါတ်(Microelements) (ဉပမာ၊ ဇင့်၊ ဘိုရွန်)ချို့တဲ့သော သီးနှံပင်ဖြစ်ပါက ပြင်းအား လျော့နည်းသုံးစွဲသင့်သည်။  အများအပြားလိုအပ်သည့် အာဟာရဓါတ် (Macroelements) (ဉပမာ၊ နိုက်ထရိုဂျင်၊ ဖော့စ်စဖောရပ်၊ ပိုတက်ဆီယမ်) ချို့တဲ့သော သီးနှံပင်ဖြစ်ပါက ပြင်းအားကို တိုးမြှင့်သုံးစွဲသင့်ပါသည်။

အပင်အမျိုးအစားအလိုက် ခွဲခြားဖေါ်ပြရလျှင် စေ့ရွက်စုံအပင်အမျိုးအစား (Dicotyledon) (ဉပမာ၊ ပဲမျိုးစုံသီးနှံ) သီးနှံပင်များကို  ပက်ဖျန်းရန်ဖြစ်ပါက  ပြင်းအားကို  လျော့နည်းသုံးစွဲသင့်သည်။ စေ့ရွက်ထီးအပင်အမျိုးအစား (Monocotyledon) (ဉပမာ၊ စပါး၊ ပြောင်း) သီးနှံပင်များကို ပက်ဖျန်းရန်ဖြစ်ပါက ပြင်းအားကို တိုးမြှင့်သုံးစွဲသင့်ပါသည်။

ရွက်ဖျန်းမြေသြဇာပက်ဖျန်းမှုကို သက်တမ်းတိုသည့် သီးနှံပင်များအတွက် ၁ မှ ၂ ကြိမ် ပက်ဖျန်းရန် လိုအပ်သည်။ သက်တမ်းရှည်သည့် သီးနှံပင်များအတွက် ၂ မှ ၃ ကြိမ် ပက်ဖျန်းရန် လိုအပ်သည်။ သီးနှံပင်၏ အခြေအနေနှင့် မြေဆီလွှာအပေါ်မူတည်ပြီး အကြိမ်အရေအတွက်ကို တိုးမြှင့်နိုင်သည်။ သီးနှံပင်၏ ကြီးထွားကာလတစ်ခုအတွင်းတွင် ၁၀ ရက် တစ်ကြိမ် ပက်ဖျန်းနိုင်ပါသည်။

အရွက်ဖျန်းမြေသြဇာသည် အနည်းငယ်သာလိုအပ်သည့် အာဟာရဓါတ်(Microelements) (ဉပမာ -  ဇင့်၊ ဘိုရွန်)ပါဝင်သော မြေသြဇာဖြစ်ပါက တစ်ကြိမ်သာ ပက်ဖျန်းသင့်သည်။ အကယ်၍ နှစ်ကြိမ်ခွဲ၍ ပက်ဖျန်းလိုပါက တစ်ကြိမ်နှင့်တစ်ကြိမ်သည် ရက်ရှည်ကြာစွာခြား၍ ပက်ဖျန်းသင့်ပါသည်။ 

ပက်ဖျန်းသင့်သည့် ရွက်ဖျန်းမြေသြဇာဖျော်ရည် ပမာဏသည်  သီးနှံပင်အမျိုးအစားနှင့် အပင်၏ ပက်ဖျန်းချိန်ရှိ ကြီးထွားကာလအပေါ်မူတည်သည်။ အရေးကြီးသည်မှာ စိုက်ခင်းရှိ သီးနှံပင်အားလုံး၏ အရွက်များပေါ်တွင် နှံ့စပ်နိုင်သောပမာဏဖြစ်ရမည်။ သို့သော် ပိုမိုသဖြင့် အရွက်များမှ ယိုစီးကျသည့်အဆင့်သို့ မရောက်နိုင်သည့် ပမာဏဖြစ်ရပါမည်။

ရွက်ဖျန်းမြေသြဇာ ပက်ဖျန်းရာတွင် သုံးစွဲနည်းမှန်ကန်၍ သီးနှံပင်လိုအပ်သော အာဟာရကို အချိန်မီ ဖြည့်ဆည်းနိုင်သဖြင့် သီးနှံအထွက်တိုးပြီး စီးပွားရေး တွက်ချေကိုက်စေလိုပါသည်။ 

ဆင်းသီဟ

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်