မြေပဲပင်တွင် ကျရောက်သော ရွက်ညိုပြောက်ရောဂါများနှင့် ပင်စည်/ပင်ရင်းပုပ်ရောဂါ

23/03/2026 12:54 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

စောရွက်ညိုပြောက် ရောဂါ (Early Leaf Spot)

ရောဂါဖြစ်စေနိုင်သော သက်ရှိအမည်နှင့် အမျိုးအစား - Cercospora arachidicola ၊ မှိုကြောင့် ဖြစ်ပွားသည်။

ရာသီဥတုအခြေအနေ - ပူနွေးစိုစွတ်သော အခြေအနေ (အပူချိန် ၂၅-၃၀​​ဒီဂရီကြား)

ရောဂါ လက္ခဏာများ - ထင်ရှားသော အဝါရောင် အနားသတ်စက်ဝန်းများရှိသည့် အညိုရောင် အစက်အပျောက်များ ကို အရွက်အပေါ်ဖက်တွင် တွေ့ရပြီး အောက်ဖက်မျက်နှာပြင်တွင် အညိုဖျော့ရောင် အစက်အပြောက်များကို တွေ့ရတတ်ပါသည်။

ကူးစက်ပျံ့နှံ့ခြင်း - မျိုးပွားအင်္ဂါများဖြစ်သည့် မှိုစပိုးများမှ တစ်ဆင့်ကူးစက်ပျံ့နှံ့ပါသည်။ အရွက်၏ အပေါ်ဖက်မျက်နှာပြင်ပေါ်တွင် ရှိတတ်ပါသည်။

ပုံ -စောရွက်ညိုပြောက် ရောဂါ (Early Leaf Spot)

နှောင်းရွက်နက်ပြောက် ရောဂါ (Late leaf spot)

ရောဂါဖြစ်စေနိုင်သော သက်ရှိအမည်နှင့် အမျိုးအစား - Phaeoisariopsis personata ၊  မှိုကြောင့် ဖြစ်ပွားသည်။

ရာသီဥတု အခြေအနေ - စိုထိုင်းဆ မြင့်မား (၉၀ ရာနှုန်းနဲ့အထက်) ရှိပြီး မိုးများပါက ကျရောက်တတ်သည်။

ရောဂါ လက္ခဏာများ - အညိုရောင် ပိုရင့်ပြီး အနက်ရောင်အထိ ရှိသည့် အစက်အပြောက်များကို အရွက်မျက်နှာပြင်ပေါ်တွင် မြင်ရတတ်ပြီး များသောအားဖြင့် အဝါရောင် အနားသတ် စက်ဝန်းမပါရှိပါ။ အရွက်အောက်ဖက် မျက်နှာပြင်တွင် အနက်ရောင် ကြမ်းတမ်းသည့် အစက်အပျောက်များရှိပါသည်။

ကူးစက်ပျံ့နှံ့ခြင်း - မျိုးပွားအင်္ဂါများဖြစ်သည့် မှိုစပိုးများမှ တစ်ဆင့်ကူးစက်ပျံ့နှံ့ပါသည်။ မှိုစပိုးများသည် အရွက်၏ အောက်ဖက်မျက်နှာပြင်တွင် ရှိတတ်ပါသည်။ 

ပုံ -နှောင်းရွက်နက်ပြောက် ရောဂါ (Late leaf spot)

ရွက်ပြောက်ရောဂါ နှစ်မျိုးလုံးအတွက် ကြိုတင်ကာကွယ်ခြင်း

  • သဘာဝအော်ဂဲနစ် နည်းအရ ပြောင်း၊ နှံစားပြောင်းတို့နှင့် အလှည့်ကျ သီးလှည့်စိုက်ပျိုးခြင်း၊ ထရိုင်ကိုဒါးမား မှိုသုံးစွဲခြင်းနှင့် တမာသီးစေ့ စစ်ထုတ်ရည်ကို ဖြန်းပြီးတော့ ကာကွယ်နှိမ်နင်းလို့ရပါတယ်။ 
  • ဓာတုနည်းအားဖြင့် Cabendazim နဲ့ မျိုးစေ့ လူးနယ်ခြင်း၊ ကလိုရိုသာရိုနေလ်း သို့မဟုတ် Cabendazim+Mancozeb တို့ကို စိုက်ပျိုးပြီး (၄၅) ရက်မှ ရက် (၆၀) အတွင်း ဖျန်းထားပေးနိုင်ပါတယ်။ 

ပင်စည်ပုပ်/ပင်ရင်းပုပ် ရောဂါ (Stem Rot/ Sclerotium Rot/White Mold)

ရောဂါဖြစ်စေနိုင်သော သက်ရှိအမည်နှင့် အမျိုးအစား - Sclerotium rolfsii မြေဆောင်မှို ဖြစ်သည်။

ရာသီဥတု အခြေအနေ - မြေအစိုဓာတ်များပြီး ပူနွေးသည့် အပူချိန် (၃၀​ ဒီဂရီဆဲလ်စီးယပ် အထက်)ရှိနေသည့်အချိန်တွင် အပင်များ ကြပ်သိပ်နေပါက ပိုမို ဖြစ်ပွားလွယ်ပါသည်။  

ရောဂါ လက္ခဏာများ - ကိုင်းတစ်ခု ချင်းမှသည် အပင်တစ်ခုလုံး ရုတ်တရက်ညိုးကျသွားတတ်ပါသည်။ အဖြူရောင် ချည်မျှင်ကဲ့သို့ မှိုအစုအဝေးကို မြေကြီးနှင့်နီးသော ပင်စည်နားတွင် မြင်ရတတ်ပြီး မှိုမျှင်များ ရင့်ပါက အညိုရောင် မုန်ညှင်းစေ့ကဲ့သို့ သေးငယ်သည့် မှိုအစုအဝေးကို မြင်ရမှာဖြစ်ပါတယ်။

ကူးစက်ပျံ့နှံ့ခြင်း - မြေဆောင်ရောဂါဖြစ်သောကြောင့် မြေကြီးတွင် ရောဂါဖြစ်စေနိုင်သောမှို ရှိခြင်းအားဖြင့်လည်းကောင်း၊ မှိုမျှင်များမှ တစ်ဆင့်လည်းကောင်း ကူးစက်နိုင်ပါသည်။ 

 

ပုံ - ပင်စည်ပုပ်/ပင်ရင်းပုပ်ရောဂါ

ကြိုတင်ကာကွယ်ခြင်း

သဘာဝနည်းအားဖြင့် ထယ်နက်နက်ထိုးပြီး ရောဂါဖြစ်စေနိုင်သည့် မှိုများကို ထိခိုက်စေနိုင်ပါသည်။ မြေပြင်စဉ်အတွင်း တမာကြိတ်ဖတ်များ ထည့်ပေးခြင်း၊ ထရိုင်ကိုဒါးမားများ ပါဝင်သည့် မြေဆွေးများ သုံးပေးခြင်းအားဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။

ဓာတုနည်းအားဖြင့် - Tebuconazole ဖြင့် မျိုးစေ့ကို လူးနယ်ပေးခြင်း၊ ရောဂါလက္ခဏာများ စတင်ပေါ်ချိန်တွင် Hexaconazole ဖြင့် မြောင်းတိုက် ထည့်ပေးခြင်းအားဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်