ပြောလည်းပြောချင်တယ်၊ ပြောရင်လည်း ရမှာမဟုတ်ပါဘူး (၁)

11/12/2019 13:45 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   “မျိုးစေ့မမှန်ပင်မသန်၊ ဖူးတံငုံကင်းအသီးဖျင်း၏” ဆိုတဲ့စကား ကျွန်တော်ငယ်ငယ်ကတည်းက အဖိုး၊ အဖွားတွေဆီက ကြားဖူးတာပါ။ ဆိုလိုရင်းအဓိပ္ပါယ်က သီးနှံတစ်ခုကိုစိုက်တဲ့အခါမှာ မမှန်ကန်တဲ့မျိုးစေ့ကိုစိုက်ရင် အထွက်ညံ့တယ်လို့ ဆိုလိုတာပါ။ “မွေးသန္ဓေ သေမှပျောက်” ဆိုတဲ့ စကားနဲ့လည်း ခပ်ဆင်ဆင် တူတာပေါ့ဗျာ။ တစ်ချို့မျိုးစေ့တွေမှာ မျိုးစေ့ဆောင်ရောဂါပါလာရင် ပိုဆိုးတာပေါ့ဗျာ။ 

   တောင်သူတွေအနေနဲ့ သီးနှံတစ်ခုခုကိုစိုက်တဲ့အခါ မျိုးစေ့မှန်ကန်မှသာ အရည်အသွေးကောင်းပြီး အထွက်နှုန်းကောင်းတဲ့ သီးနှံကို ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ မျိုးစေ့ဥပဒေကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ပြဌာန်းခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကနေ မျိုးစေ့ဥပဒေနှင့် ပတ်သက်သော နည်းဥပဒေကို ကြေညာချက်အမိန့် ၆/၂၀၁၆ နဲ့ ကြေညာခဲ့ပါတယ်။ 

   အဓိကက မျိုးစေ့တွေကို တရားဝင်မှတ်ပုံတင်ပြီး ဖြန့်ချီဖို့ဖြစ်ပါတယ်။ ဒါပေမယ့် စျေးကွက်ထဲမှာ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိတဲ့ မျိုးစေ့တွေရှိနေတာ မျက်မြင်ကိုယ်တွေ့ပါ။ အဲလိုဆိုရင် မှတ်ပုံတင်မထားတဲ့ မျိုးစေ့တွေကို အရေးယူမှာလားလို့ မေးစရာရှိမှာပါ။ အရေးယူလိုက်ပါပြီတဲ့။ လိုအပ်တဲ့မျိုးစေ့ကို ဌာနက ဘယ်လိုဖြည့်ဆည်းပေးမလဲ။ တောင်သူတွေလိုချင်တဲ့ စစ်မှန်တဲ့မျိုးစေ့ကို အလုံအလောက်ထုတ်ပေးနိုင်ပြီလား ဆိုတာပါပဲ။ 

   စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့လည်း တောင်သူတွေအတွက် အရည်အသွေးကောင်းမျိုးစေ့ကို အလုံအလောက် ထုတ်ပေးနိုင်ပြီလားဆိုတာ မိမိကိုယ်မိမိ မေးခွန်းပြန်ထုတ်ရမှာဖြစ်ပါတယ်။ တခြားမျိုစေ့များ မဆိုထားနဲ့။ တောင်သူတွေလိုတဲ့ စပါးမျိုးစေ့ကိုတောင် လုံလောက်အောင် ထုတ်ပေးနိုင်ပြီလား။ ဥပမာ ထိုင်းနှံကောက်စပါးမျိုး၊ ဗီယက်နမ်စပါး စတာတွေပေါ့။ ဒေသမျိုးတွေက မကောင်းလို့လား? မေးစရာမေးခွန်းတစ်ခုပါ။ မိမိကိုယ်မိမိ မညှာတမ်း၊ မညာတမ်း ဝေဖန်ဆန်းစစ်ဖို့လိုပါပြီ။ သိရသလောက် စိုက်ပျိုးရေးဦးစီးဌာနအောက်မှာ မျိုးစေ့ခြံပေါင်း (၄၀) ခန့်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဥယျာဉ်ခြံ၊ ကော်ဖီခြံ၊ နှစ်ရှည်ခြံ စတာတွေလည်း ရှိပါတယ်။ အဲဒီခြံတွေကနေ တောင်သူတွေအတွက် စပါးမျိုးစေ့၊ ဂျုံမျိုးစေ့၊ ပြောင်းဖူးမျိုးစေ့၊ ကုလားပဲမျိုးစေ့၊ ပဲတီစိမ်းမျိုးစေ့၊ ဝါမျိုးစေ့၊ ငရုတ်မျိုးစေ့ စတာတွေကို အလွယ်တကူရအောင် လုပ်ပေးနိုင်ပြီလား။ 

   အခုအခါမှာ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ထိုင်ဝမ်ကန်စွန်းရွက်၊ ငရုတ်သီး၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုတ် စတာတွေ အစ၊ ပဲမျိုးစုံတွေဖြစ်တဲ့ ဗီတူးကုလားပဲ၊ ဗီဆဲဗင်းကုလားပဲ စတာတွေအလယ် သစ်သီးဝလံမျိုးသစ်တွေဖြစ်တဲ့ ထိုင်းအုန်းသီး၊ ထိုင်းကျွဲကောသီး၊ တရုတ်ဖရဲ၊ တရုတ်သခွားတွေအဆုံး အိမ်နီးချင်း ထိုင်း၊ တရုတ်ဘက်ကနေ ဝင်လာမဆဲ တသဲသဲ ဖြစ်နေတာကို စိတ်မကောင်းဖွယ်တွေ့မြင်နေရပါတယ်။ 

   အခုလို ဘာလို့ဖြစ်ရတာလဲလို့ လေ့လာကြည့်တော့ ခြံများကို “အရှုံးမရှိစေရ” ဆိုတဲ့ မူဝါဒ မှားယွင်းမှုက တစ်ချက်အပါအဝင်ဖြစ်ပါတယ်။ မျိုးစေ့တစ်မျိုး၏အရည်အသွေးကို ထိန်းသိမ်းရာမှာ သုတေသနလိုအပ်ပါတယ်။ သုတေသနတစ်ခုလုပ်ရာမှာ အချိန်၊ ငွေ၊ စွမ်းအား စတာတွေလိုအပ်ပါတယ်။ သုတေသနတစ်ခုကို ရေရှည်လုပ်မှသာ အောင်မြင်နိုင်မည်ဖြစ်ပြီး သုတေသနကို ငွေဖြုန်းတီးတဲ့ဌာနလို့ မြင်နေသောလူအချို့ကြောင့် မျိုးစေ့အလုံအလောက် မထုတ်လုပ်နိုင်ခြင်းဖြစ်သည်ဟု ကောက်ချက်ချရင် လွန်မယ်မထင်ပါဘူး။ 

   ဆိုတော့ကာ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ မူဝါဒရေးဆွဲသူများ၊ မျိုးစေ့ကဏ္ဍနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုင်၍ဖြစ်စေ ပါဝင်ပတ်သက်သူများအနေဖြင့် တွေးတော ငေးမောမနေဘဲ မိမိနိုင်ငံအတွင်းက သက်ဆိုင်ရာဒေသနဲ့ကိုက်ညီတဲ့ မျိုးစေ့မျိုးကွဲများကို  အရည်အသွေးကော အထွက်နှုန်းကောင်းအောင် ဘယ်လိုဆောင်ရွက်ရင်ကောင်းမလဲဆိုတာကို “ကျေးဇူးရှင်တောင်သူ ဦးကြီးများခင်ဗျာ” ဆိုတဲ့ အပြောတွေကိုလျှော့ပြီး လက်တွေ့ကျကျနဲ့ အခုချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရအောင်လားဗျာ။

ဒေါက်တာကိုကို (စိုက်ပျိုးရေး)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်