အိန္ဒိယနိုင်ငံရှိ နာမည်ကျော် စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များ

06/02/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (61)  Agricultural Universities in India 

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၆၀) အိန္ဒိယနိုင်ငံရှိ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ   

အိန္ဒိယနိုင်ငံ၏ပုံစံက တစ်မျိုးပါ။ သူတို့၏ ပြည်နယ်တိုင်း (Each State/Province)တွင် စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ် အနည်းဆုံးတစ်ခုစီရှိပြီး ပြည်နယ်၏နာမည်ကို ရှေ့ကထား၍ နာမည်ခေါ်ဝေါ်လေ့ရှိပါသည်။ ဥပမာ - ဘီဟာစိုက်ပျိုးမွေးမြူရေးတက္ကသိုလ် (Bihar Agricultural University)၊ ပန်ဂျပ် စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် (Punjab Agricultural University)။

စိုက်ပျိုး၊ မွေးမြူရေးသည် နိုင်ငံစီးပွားရေး၏ ကျောရိုးမဏ္ဍိုင် (Backbone) ဖြစ်သဖြင့် တစ်မျိုးသားလုံး အလေးထားပါသည်။ ဝန်ကြီးချုပ်မှအစ အောက်ခြေလူတန်းစားအထိ ဤပညာရပ်များသည် သူတို့တိုင်းပြည်အတွက် အရေးပါမှုကိုသိပါသည်။ ဤသည်ကပင် ကျွန်တော်တို့နှင့်ကွာသွားပါပြီ။ 

ဗဟိုအစိုးရ (Central/Federal Government)သည် အိန္ဒိယစိုက်ပျိုးမွေးမြူရေးသုတေသနကောင်စီ (ICAR – Indian Council of Agricultural Research)ကို ကြီးကြပ်ပါသည်။ ဤအဖွဲ့သည် ၁၉၂၉-ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ကတည်းက စတင်ခဲ့သော လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခု (An Autonomous Organization) ဖြစ်ကာ  စိုက်ပျိုး၊ မွေးမြူရေးနှင့် တောင်သူလယ်သမား လူမှုဘဝဖူလုံရေး ဝန်ကြီးဌာန (Ministry of Agriculture and Farmer Welfare) အောက်တွင် စိုက်ပျိုးရေးပညာနှင့် သုတေသနဦးစီးဌာန (DARE – Department of Agricultural Research and Education)နှင့် တွဲဖက်လုပ်ဆောင်ပါသည်။  သင်ကြားရေး(တက္ကသိုလ်၊ ကောလိပ် Teaching)၊ သုတေသန (Research)၊ တောင်သူပညာပေးလုပ်ငန်း (Extension)ကို ပြည်နယ်အစိုးရနှင့် ပူးတွဲဆောင်ရွက်ပါသည်။ ဤအဖွဲ့က ပြည်နယ်အားလုံးရှိ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ကျောင်းပေါင်း ၆၃ ကျောင်းကို ကြီးကြပ်ညှိနှိုင်း ဆောင်ရွက်ပါသည်။ ထို့အပြင် ဗဟိုအစိုးရက ကြီးကြပ်ဖွင့်လှစ်သည့် စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ် (Central Agricultural University)  ၃ ကျောင်း နှင့် အဆင့်မြင့်တက္ကသိုလ် (Deemed University) ၄ ကျောင်းရှိပါသည်။ တစ်နိုင်ငံလုံး စိုက်ပျိုးမွေးမြူရေးကို သင်ကြားပေးနေသော ပုဂ္ဂလိက တက္ကသိုလ်၊ ကောလိပ်ပေါင်း (Private Colleges and Universities, which offer Agriculture) ၂၄၁ ကျောင်း (စုစုပေါင်း  ၃၁၁ ကျောင်း) ရှိပါသည်။ 

ပထမဆုံးအနေဖြင့် ကျွန်တော်တို့  ၂၀၁၈ ခုနှစ်က ၂ ပတ်ကြာ လေ့လာသင်တန်းတက်ခဲ့ရသော 

(က) နယူးဒေလီမြို့တော်ရှိ အိန္ဒိယနိုင်ငံစိုက်ပျိုးရေးသုတေသနတက္ကသိုလ် (IARI – Indian Agricultural Research Institute) အကြောင်းကြည့်ရအောင်ပါ။

ဤတက္ကသိုလ်သည် ကမ္ဘာကျော်ပြီး အိန္ဒိယနိုင်ငံ၏ အကောင်းဆုံးစိုက်ပျိုးရေးတက္ကသိုလ်တစ်ခု ဖြစ်ပါသည်။ ပြည်တွင်း၊ ပြည်ပဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများသာ လက်ခံသော သုတေသနအခြေခံတက္ကသိုလ် (Research-based University) ဖြစ်ပါသည်။ 

ဖွဲ့စည်းပုံသည် မဟာဌာနပုံစံအဆင့်မြင့်ကျောင်း (School) အနေဖြင့်ဖွဲ့စည်းပါသည်။

ပုံ ၁ - အိန္ဒိယသုတေသနတက္ကသိုလ်၊ နယူးဒေလီ

(၁) သီးနှံဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြင့်ကျောင်း (School of Crop Improvement)

ဤကျောင်းအောက်တွင်

  • (က) ဗီဇဗေဒဌာနကြီး (Division of Genetics)
  • (ခ) မျိုးစေ့သိပ္ပံနှင့် နည်းပညာဌာနကြီး (Division of Seed Science and Technology) နှင့် မျိုးစေ့ထုတ်လုပ်သည့်ရုံးဌာန (Seed Production Unit) တို့ရှိပါသည်။

အိန္ဒိယတစ်နိုင်ငံလုံးနှင့် နိုင်ငံအားလုံးကိုလယ်ယာသီးနှံ (Agronomic Crops)နှင့် ဥယျာဉ်ခြံသီးနှံ (Horticultural Crops) များစွာ ဖြန့်ဖြူးပေးနေသော ကမ္ဘာကျော်တက္ကသိုလ် ဖြစ်ပါသည်။ 

(၂) သဘာဝအရင်းအမြစ်များစီမံခန့်ခွဲရေး အဆင့်မြင့်ကျောင်း (School of Natural Resource Management)

ဤကျောင်းအောက်တွင် 

  • (က) လယ်ယာသီးနှံဌာနကြီး (Division of Agronomy)
  • (ခ) မြေဆီလွှာသိပ္ပံနှင့်စိုက်ပျိုးရေးဓာတုဗေဒဌာနကြီး (Division of Soil Science and Agricultural Chemistry) 
  • (ဂ) စိုက်ပျိုးရေးဆိုင်ရာရူပဗေဒဌာနကြီး (Division of Agricultural Physics)
  • (ဃ) ပတ်ဝန်းကျင်သိပ္ပံဌာနကြီး (Division of Environmental Science)
  • (င) အဏုဇီဝဗေဒဌာနကြီး (Division of Microbiology)
  • (စ) စိုက်ပျိုးရေးအင်ဂျင်နီယာဌာနကြီး (Division of Agricultural Engineering) နှင့် 
  • (ဆ) စိုက်ပျိုးရေးပညာဗဟုသုတများဖြန့်ဝေပေးရာရုံးဌာန (Agricultural Knowledge Management Unit) တို့ရှိပါသည်။ 

(၃) အပင်ကာကွယ်ရေးပညာ အဆင့်မြင့်ကျောင်း (School of Plant Protection)

ဤကျောင်းအောက်တွင် 

  • (က) အပင်ရောဂါဗေဒ ဌာနကြီး (Division of Plant Pathology)
  • (ခ) ကိမိလဗေဒဌာနကြီး (Division of Entomology)
  • (ဂ) နီမတုတ်ပညာဌာနကြီး (Division of Nematology)  နှင့်  
  • (ဃ) စိုက်ပျိုးရေးဆိုင်ရာဓာတုပစ္စည်းများဌာနကြီး (Division of Agricultural Chemicals) တို့ရှိပါသည်။

(၄) အခြေခံသိပ္ပံများ အဆင့်မြင့်ကျောင်း (School of Basic Sciences) 

ဤကျောင်းအောက်တွင် 

  • (က) ဇီဝဓာတုဗေဒဌာနကြီး (Division of Biochemistry) နှင့် 
  • (ခ) အပင်ဇီဝကမ္မဗေဒဌာနကြီး (Division of Plant Physiology) တို့ ရှိပါသည်။

(၅) လူမှုရေးသိပ္ပံပညာများ အဆင့်မြင့်ကျောင်း (School of Social Sciences)

 ဤကျောင်းအောက်တွင် 

  • (က) စိုက်ပျိုးစီးပွားရေးပညာ ဌာနကြီး (Division of Agricultural Economics)
  • (ခ) စိုက်ပျိုး ပညာပေးရေးပညာ ဌာနကြီး (Division of Agricultural Extension) နှင့် 
  • (ဂ) တောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာပညာပေးရုံးဌာန (ATIC – Agricultural Technology Information Centre) တို့ရှိပါသည်။

 နယူးဒေလီမြို့၊ ပူစာရပ်ကွက်ရှိတက္ကသိုလ်အတွင်း ဤရုံးဌာန (Centres/Units)များကို တောင်သူများ နေ့စဉ်လာရောက်လျက်ရှိပြီး မျိုးစေ့ဝယ်ယူခြင်း၊ မြေဆီလွှာစစ်ဆေးခြင်း၊ ပိုးမွှား၊ ရောဂါများနှင့် သိရှိလိုသော ဗဟုသုတများကို လူကိုယ်တိုင်လာရောက် မေးမြန်းခြင်း၊ တယ်လီဖုန်း၊ ဆိုရှယ်မီဒီယာများမှတစ်ဆင့် ဆက်သွယ်ခြင်းများ လုပ်ဆောင်လျက်ရှိပါသည်။ 

အိန္ဒိယနိုင်ငံ၏ တောင်သူပညာပေးလုပ်ငန်းအောင်မြင်နေသည့် အဓိကအချက်မှာ တက္ကသိုလ်များနှင့်ချိတ်ဆက်ထားသည့် တစ်နိုင်ငံလုံးတောင်သူများနှင့်အနီးကပ်ရှိနေသော တောင်သူပညာပေးရုံးဌာန (သူတို့ အခေါ် KVK – Krishi Vigran Kendra – Agricultural Technology Transfer Centers) ၇၀၀-ကျော် ရှိနေခြင်းဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံကဲ့သို (စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း၊ စက်မှု လယ်ယာ၊ ဆည်မြောင်းစသည့်) တစ်ရုံးစီရှိမနေဘဲ တစ်နေရာတည်းတွင် ရှိနေသည်(One-Stop Service)။ ရုံးအကြီးအကဲ တစ်ယောက်တည်း၏ အောက်တွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များ (SMS – Subject Matter Specialists) ရှိကာ  တောင်သူလိုအပ်ချက်များ ဖြည့်တင်းပေးသော ရုံးဌာနများဖြစ်၍ အားကျအတုယူဖွယ် ကောင်းလှပါသည်။ 

(ခ) နောက်တက္ကသိုလ်ကတော့ ၂၀၁၈-ခုနှစ်က နယူးဒေလီမြို့မှ ကျွန်တော်တို့အဖွဲ့ နေ့ချင်းပြန် လေ့လာရေးသွားခဲ့သည့် ပန်ဂျပ်ပြည်နယ်၊ လူဒီဟာနာမြို့ (Ludhiana)မှာရှိသည့် ပန်ဂျပ်စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် (Punjab Agricultural University)ပါ။ ကျွန်တော်တို့ သင်တန်းတက်နေသည့် နယူးဒေလီမြို့တော်နှင့် ၃၁၆-ကီလိုမီတာ (မိုင် ၂၀၀-ခန့် ) ကွာဝေးပါသည်။ လမ်းတွေကကောင်းတော့ မနက် ၁၀ နာရီလောက် ရောက်သွားပါသည်။

တက္ကသိုလ် စုစုပေါင်း အကျယ်အဝန်း ၁၇၉၃-ဟက်တာ (၄၄၃၀-ဧက) ရှိပါသည်။ အိန္ဒိယနိုင်ငံသည် လူဦးရေ သန်း ၁၄၀၀ ကျော်ရှိသော်လည်း စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်များအတွက် သင်ကြားရေး နှင့် သုတေသနပြုလုပ်ရန်  ပြည်နယ်တိုင်းကို မြေဧက ကျယ်ဝန်းစွာ ပေးထားပါသည်။ အတုယူ အားကျစရာပါ။ ကောလိပ် ၆-ခု ခွဲထားပါသည်။

ပုံ ၂ - ပန်ဂျပ်စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်၊ လူဒီဟားနားမြို့၊ ပန်ဂျပ်ပြည်နယ်

(၁) စိုက်ပျိုးရေးကောလိပ် (College of Agriculture) 

ဤကောလိပ်၏ ကြီးကြပ်မှုအောက်တွင် 

  • (၁-က) လယ်ယာသီးနှံဌာန (Department of Agronomy)
  • (၁-ခ) ရာသီဥတုပြောင်းလဲမှုနှင့် စိုက်ပျိုးရေးမိုးလေဝသပညာဌာန (Department of Climate Change and Agro-meteorology) (ကျွန်တော်တို့နိုင်ငံတွင်မရှိသေးပါ)
  • (၁-ဂ) အပင်မွေးမြူရေးနှင့်ဗီဇဗေဒဌာန (Department of Plant Breeding and Genetics)
  • (၁-ဃ) မြေဆီလွှာသိပ္ပံဌာန (Department of Soil Science)
  • (၁-င) ကိမိလဗေဒဌာန (Department of Entomology)
  • (၁-စ) အပင်ရောဂါဗေဒဌာန (Department of Plant Pathology)
  • (၁-ဆ) တောင်သူပညာပေးဌာန (Department of Extension Education)
  • (၁-ဇ) အစားအသောက်သိပ္ပံနှင့်နည်းပညာဌာန (Department of Food Science and Technology)
  • (၁-ဈ) စိုက်ပျိုးရေးဆိုင်ရာဇီဝနည်းပညာအဆင့်မြင့်ကျောင်း (School of Agricultural Biotechnology)နှင့်
  • (၁-ည) ဩဂဲနစ်နည်းပညာအဆင့်မြင့်ကျောင်း (School of Organic Farming) တို့ရှိပါသည်။

(၂) ဥယျာဉ်ခြံသီးနှံနှင့် သစ်တောပညာ ကောလိပ် (College of Horticulture and Forestry)

ဤကောလိပ်၏ ကြီးကြပ်မှုအောက်တွင် 

  • (၂-က) ဟင်းသီးဟင်းရွက်သိပ္ပံဌာန (Department of Vegetable Science)
  • (၂-ခ) သစ်သီးဝလံဌာန (Department of Fruit Science)
  • (၂-ဂ) ပန်းမန်နှင့်မြေယာအလှဆင်ဌာန (Department of Floriculture and Landscaping)
  • (၂-ဃ) သစ်တောပညာနှင့် သဘာဝအရင်းအမြစ်များဌာန (Department of Forestry and Natural Resources) တို့ဖြစ်ပါသည်။

(၃) အခြေခံသိပ္ပံများနှင့် လူမှုရေးပညာကောလိပ် (College of Basic Sciences and Humanities)

ဤကောလိပ်၏ ကြီးကြပ်မှုအောက်တွင် 

  • (၃-က) စီးပွားရေးပညာနှင့်လူမှုဗေဒဌာန (Department of Economics and Sociology)
  • (၃-ခ) စိုက်ပျိုးရေးဂျာနယ်၊ ဘာသာစကားနှင့်ယဉ်ကျေးမှုဌာန (Department of Agricultural Journalism, Languages and Culture)
  • (၃-ဂ) ရုက္ခဗေဒဌာန (Department of Botany)
  • (၃-ဃ) ဓာတုဗေဒဌာန (Department of Chemistry)
  • (၃-င) ဇီဝဓာတုဗေဒဌာန (Department of Biochemistry)
  • (၃-စ) သင်္ချာ၊ စာရင်းအင်းပညာနှင့် ရူပဗေဒဌာန (Department of Mathematics, Statistics and Physics)
  • (၃-ဆ) အဏုဇီဝဗေဒဌာန (Department of Microbiology)
  • (၃-ဇ) သတ္တဗေဒဌာန (Department of Zoology) နှင့် ကူးသန်းရောင်းဝယ်ရေးပညာအဆင့်မြင့်ကျောင်း (School of Business Studies) တို့ရှိပါသည်။  

(၄) စိုက်ပျိုးရေးအင်ဂျင်နီယာနှင့်နည်းပညာကောလိပ် (College of Agricultural Engineering and Technology) 

ဤကောလိပ်၏ ကြီးကြပ်မှုအောက်တွင် 

  • (၄-က) မြို့ပြအင်ဂျင်နီယာဌာန (Department of Civil Engineering)
  • (၄-ခ) လျှပ်စစ်အင်ဂျင်နီယာနှင့်ဆက်သွယ်ရေးနည်းပညာဌာန (Department of Electrical Engineering and Information Technology)
  • (၄-ဂ) စက်မှုလယ်ယာနှင့် အင်ဂျင်ဆိုင်ရာအင်ဂျင်နီယာဌာန (Department of Farm Machinery and Power Engineering)
  • (၄-ဃ) စက်မှုအင်ဂျင်နီယာဌာန (Department of Mechanical Engineering)
  • (၄-င) အစားအစာနှင့် ထုတ်လုပ်မှုဆိုင်ရာ အင်ဂျင်နီယာဌာန (Department of Processing and Food Engineering)
  • (၄-စ) ပြန်လည်ပြည့်ဖြိုးစွမ်းအင် အင်ဂျင်နီယာဌာန (Department of Renewable Energy Engineering) နှင့် 
  • (၄-ဆ) မြေဆီလွှာနှင့်ရေ အင်ဂျင်နီယာဌာန (Department of Soil and Water Engineering) တို့ ဖြစ်ပါသည်။ 

(၅) အဖွဲ့အစည်းသိပ္ပံကောလိပ် (College of Community Science) 

ဤကောလိပ်၏ ကြီးကြပ်မှုအောက်တွင် 

  • (၅-က) ချည်ထည်ဆိုင်ရာသိပ္ပံဌာန (Department of Textile Science)
  • (၅-ခ) ပညာပေးရေးနှင့်ဆက်သွယ်ရေး စီမံခန့်ခွဲမှုပညာဌာန (Department of Extension Education and Communication Management)
  • (၅-ဂ) မိသားစုအရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန (Department of Family Resource Management)
  • (၅-ဃ) အစားအစာနှင့် အာဟာရဗေဒဌာန (Department of Food and Nutrition)
  • (၅-င) လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုနှင့် မိသားစုလေ့လာရေးဌာန (Department of Human Development and family Planning) တို့ဖြစ်ပါသည်။

ကျွန်တော်တို့နိုင်ငံမှာ မရှိသေး၊ မကြားဖူးသေးတဲ့ ဘာသာရပ်တွေ အများကြီးတွေ့ရပါသည်။ ဒါတောင် ပန်ဂျပ် စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် တစ်ကျောင်းတည်း ရှိပါသေးတယ်။ အိန္ဒိယနိုင်ငံ၏ ကျန်သော စိုက်ပျိုး မွေးမြူရေး တက္ကသိုလ်များ၌ သင်ကြား၊ သုတေသနပြုနေသည်များတွင် တောင်သူကြီးများ အကျိုးပြုနိုင်သော ဘာသာရပ်များစွာလည်း ရှိနိုင်ပါသေးသည်။

အိန္ဒိယနိုင်ငံတွင် ပုဂ္ဂလိကကဏ္ဍမှ စိုက်ပျိုးမွေးမြူရေးပညာရပ်များကို သင်ကြားပို့ချပေးနေသော တက္ကသိုလ်၊ ကောလိပ် များစွာရှိပါသည်။ ကျွန်တော်တို့ နိုင်ငံပေါင်းစုံမှ ကောင်းနိုးရာရာ၊ အတုယူစရာများကို လေ့လာဆည်းပူးရင်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင်သိပ္ပံ၊ အင်ဂျင်နီယာနှင့်နည်းပညာ၊ ပညာရေးစသည်တို့မှာ တစ်ဦးတစ်ယောက်တည်း တစ်ဘာသာတည်း ဆောင်ရွက်သည်ထက်စာလျှင် စုပေါင်းလုပ်ဆောင်မှုက စုပေါင်းညှိနှိုင်း ဆောင်ရွက်မှု၏ အကျိုးရလဒ် (Synergy; Synergic Effects) ရနိုင်၍ ကျွန်တော်တို့ စိတ်ကူးယဉ်ပြီး ဘာသာရပ်ပေါင်းစုံချဉ်းကပ်မှုပုံစံ (Multidisciplinary Approach or Comprehensive Approach)နှင့် သွားရောက်ပါက ပိုမိုအကျိုးဖြစ်ထွန်းကြမည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် ရွှေရောင်လွင်ပြင်အဖွဲ့အနေဖြင့် ယခုအဝေးမှလက်မှတ်ရသင်တန်းများ (Online Certificate Courses) စတင်နေရာတွင်လည်းကောင်း၊ စနေနေ့ည ၈ နာရီတိုင်း ဗဟုသုတမျှဝေမှု အစီအစဉ် (KSP – Knowledge Sharing Program) ပြုလုပ်နေရာတွင်လည်းကောင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင်သိပ္ပံ၊ အင်ဂျင်နီယာနှင့်နည်းပညာ၊ ပညာရေးစသည်တို့ အချိုးညီစွာပါဝင်နိုင်အောင် ကြိုးစားလျက်ရှိနေပါသည်။ 

စနေနေ့ည ၈-နာရီတိုင်း  Zoom ID: 929 239 1478; Passcode: ASDF2021 တွင် တောင်သူဦးကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူပြည်သားအားလုံး ပါဝင်နားထောင်ဆွေးနွေးနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။)

ကျွန်တော်တို့နိုင်ငံလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ပညာရပ်ပေါင်းစုံ ဘက်ပေါင်းစုံမှစုပေါင်းဆောင်ရွက်ရန် ဆန္ဒပြုရင်း ကြိုးစားကြပါစို့။ (စုပေါင်းညီညာ အောင်ကြောင်းဖြာပါ)

(ဒေါက်တာမျိုးကြွယ်) 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်