အင်းတော်ကြီးကို ဒုက္ခပေးသူများ

17/01/2018 16:27 PM တွင် Myanmar Now Myanmar Now မှ ရေးသား

မိုးညှင်း (Myanmar Now)   - ချောင်းထဲ စီးနေတာ ရေတွေမှ ဟုတ်ရဲ့လားလို့ သံသယဖြစ်မိတယ်။ စီးဆင်းနေတာတွေက အင်မတန် နောက်ကျိပြီး မြေနီရောင်ထနေတယ်။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုင်းနောင်ရွာဘေးက ဟောဒီချောင်းဟာ လွန်ခဲ့တဲ့ ဆယ်နှစ်က  လူတစ်ရပ်စာထက်မနည်း ရေစူး ရှိတယ် ဆိုပေမယ့် အခုတော့ ချောင်းထဲ ဆင်းကြည့်ရင် ခြေမျက်စိပဲမြုပ်တော့တဲ့ အနေအထားကို ရောက်လာပါပြီ။ 

ရွှေတူးဖော်မှု အကြီးအကျယ်လုပ်ကိုင်လို့ အခြေအနေပျက်သွားတဲ့ ဒီချောင်းက ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း တည်ရှိတဲ့ မြန်မာပြည်ရဲ့အကျယ်ဆုံးရေကန် အင်းတော်ကြီးရဲ့ ရေအရင်းအမြစ်တစ်ခုပါ။   

အလျား ၁၄ မိုင်၊ အနံ ၇ မိုင် ကျယ်ဝန်းတဲ့အတွက် ကြည့်လိုက်ရင် ပင်လယ်ကြီးလို ဖြစ်နေတဲ့  အင်းတော်ကြီးကန်နဲ့ အဲဒီဝန်းကျင်မှာ လူတွေ အပါအဝင် သတ္တဝါမျိုးစိတ် ရာပေါင်းများစွာ ခိုလှုံကျက်စားတယ် ဆိုတာကတော့ အံ့အားသင့်စရာ အချက်ပါပဲ။

အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဟာ အမြဲစိမ်းတော ရေတိမ်ဂေဟစနစ်ဖြစ်ပြီး  ငါးမျိုးစိတ် အရေအတွက်က ၆၄၊ ဆောင်းခိုငှက်တွေ အပါအဝင် ငှက်အမျိုးပေါင်း ၄၄၈၊ ကုန်းနေရေနေ သတ္တဝါ ၃၄ မျိုး ကျက်စားတယ်လို့ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (Banca) ရဲ့ လွန်ခဲ့တဲ့ ၄ နှစ်က တွေ့ရှိချက်များက ဆိုပါတယ်။ တွားသွားသတ္တဝါ အမျိုးပေါင်း ၄၁၊ လိပ်ပြာမျိုးစိတ်ပေါင်း ၅ဝ တို့လည်း ရှိပါတယ်။

အမျိုးအစား များပြားလှတဲ့ သတ္တဝါမျိုးစုံ အမှီပြုရာ အင်းတော်ကြီးကို ပျက်စီးရာပျက်စီးကြောင်း ပြုနေတဲ့ အရာ ၂ ခုကို အဲဒီဒေသရောက်စဉ် သတိပြုမိခဲ့ပါတယ်။ အဲဒါကတော့ ပတ်ဝန်းကျင်ပျက်စီးခြင်းနဲ့ ငြိမ်းချမ်းရေးတို့ပါပဲ။

ပတ်ဝန်းကျင် ပျက်ယွင်းခြင်း

ကျွန်တော် မိုင်းနောင်ရွာဘေးကချောင်းတစ်လျှောက်ကို လမ်းလျှောက်ကြည့်တဲ့အခါ မြေတူးစက်တွေနဲ့ ချောင်းမြေတွေကို တူးဆွ၊ ရွှေကျင်နေတာတွေ တွေ့ရပြီး ဒီဇယ်အင်ဂျင်စက်သံကလည်း ဆူညံနေပါတယ်။ 

 အင်းတော်ကြီးကန်တခွင် သဘာဝပတ် ဝန်းကျင်နဲ့ သားငှက် ထိန်းသိမ်းရေးလုပ်နေတဲ့ Fauna & Flora International အဖွဲ့က ဒေသခံ တာဝန်ခံ တစ်ယောက်ဖြစ်တဲ့ ကိုရန်ခေါင်းက အင်းတော်ကြီးထဲ စီးဝင်တဲ့ ဒီချောင်းအကြောင်း ပြောပြပါတယ်။

“ကျွန်တော်တို့ ငယ်ငယ်တုန်းက ဒီချောင်းရေဟာ ကြည်စိမ်းနေတယ်၊ အခုတော့ ချောင်းရေဟာ သွေးရောင်လို ဖြစ်နေပြီ။ ချောင်းအထက်ဘက်မှာဆိုရင် တကယ့်ရွာကြီးလိုကို ရွှေတူးနေကြတာ။ ဒီရွှေတွင်းတူးတာကြောင့်ပဲ အင်းတော်ကြီးကန်ဟာ ပျက်စီးမယ့် အရေးကို စိုးရိမ်နေရပြီ” လို့  သူက ဆိုပါတယ်။

ချောင်းဝန်းကျင် ရွှေတူးဖော်ရေးလုပ်ငန်းတွေမှာ မြေတူးစက်ကြီးတွေ သုံးကြပါတယ် (ဓာတ်ပုံ - ထက်ခေါင်လင်း/Myanmar Now)

 

  

အင်းတော်ကြီးကန်ရဲ့ ရေထဲကို ဒီရွှေမိုင်းတွင်းတွေက ထွက်တဲ့ အန္တရာယ်ကြီး စွန့်ပစ်ပစ္စည်းတွေ ဘယ်လောက်များ စိမ့်ဝင်နေသလဲ ဆိုတာကို လက်တွေ့စမ်းသပ်ပြီး သက်ဆိုင်ရာကို တင်ပြတဲ့ အဖွဲ့အစည်းတွေ ရှိတာကို မကြားမိသေးပါဘူး။  ဒေသခံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တွေမှာလည်း လုပ်ကိုင်နိုင်တဲ့ အင်အားက အကန့်အသတ်တွေများစွာ ရှိနေတာကို တွေ့ခဲ့ရပါတယ်။

လူ့ပယောဂကြောင့် ရေထုပျက်စီးမှုဟာ ဒီဒေသကို မှီခိုနေတဲ့ လူအပါအဝင် သတ္တဝါတွေအတွက်   အန္တရာယ် သေချာပေါက် ရှိပါလိမ့်မယ်။

ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး

အဲဒီရွှေတွင်းတွေနဲ့ အင်းတော်ကြီးကန်က အစိုးရ စစ်တပ်တို့နဲ့က မိုင် ၂ဝ ဝန်းကျင်သာ အကွာအဝေးရှိပေမယ့် ရွှေတွင်း တွေဆီကို သွားတဲ့လမ်းတလျှောက်မှာတော့ လက်နက်ကိုင်တပ်ဖွဲ့တွေက စစ်ဆေးစိစစ်ပြီးမှ သွားလာခွင့်ပြုတယ်လို့ မိုင်း နောင်ရွာဒေသခံတွေက ပြောကြတယ်။

အဲဒီလက်နက်ကိုင်အဖွဲ့တွေက သူ့နည်းသူ့ဟန်နဲ့ တန်ခိုး ထက်သူတွေ ဖြစ်ကြောင်း ဒေသခံတွေက ပြောကြပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းက   အင်းတော်ကြီးကန် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတချို့ အဲဒီမိုင်းနော်ချောင်း အထက်ဘက်က ရွှေလုပ်ကွက်တွေကို သွားတဲ့အခါ လမ်းမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ တားမြစ်ခြင်းကို ခံခဲ့ရဖူးတယ်လို့လည်း အင်းတော်ကြီး ဘေးမဲ့ကန် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဌေးဝင်းက ကျွန်တော်နဲ့တွေ့စဉ်က ပြောပြခဲ့ပါတယ်။

နိုင်ငံမှာ ရေတိမ်ဒေသ အများအပြား ရှိပေမယ့် နိုင်ငံတကာအသိအမှတ်ပြု ရေတိမ်ဒေသကတော့ တစ်ခုပဲ ရှိပါသေးတယ်။ အဲဒါကတော့ ပဲခူးတိုင်းဒေသကြီးထဲက မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောပါပဲ။ မိုးယွင်းကြီးကို ရမ်ဆာရေတိမ်ဒေသအဖြစ် လွန်ခဲ့တဲ့ ဆယ်နှစ်က   သတ်မှတ်ခဲ့တာပါ။ အင်းတော်ကြီးလည်း ရေပျော်ငှက်နေရင်းဒေသအဖြစ် အရေးပါတဲ့ ရေတိမ်ဒေသလို့ သတ်မှတ်ခံရရင် နိုင်ငံတကာက အလေးထား၊ ထိန်းသိမ်းရေးလုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်နိုင်မှာပါ။  အဲဒီလို သတ်မှတ်ခံရဖို့ ကြိုးစားပေမယ့် အဆင်မပြေသေးဘူးလို့ အင်းတော်ကြီး ဘေးမဲ့ကန် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဌေးဝင်းက ပြောပါတယ်။

“ရွှေတွင်းတွေကြောင့်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြောင့် ကျွန်တော်တို့မှာ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဖို့ အရမ်းကို အခက်တွေ့ကြရတယ်။ ဒီရွှေတွင်းရှိတဲ့ကြောင့်ပဲ ကမ္ဘာ့အမွေအနှစ်အင်းအဖြစ် ကျွန်တော်တို့ တင်ပြခဲ့တာကို ကမ္ဘာ့အဖွဲ့အစည်းတွေက လက်မခံခဲ့ကြတာ” လို့ သူက ဆိုပါတယ်။

ငှက်ကြီးဝန်ပို အပါအဝင် ရေပျော်ငှက်မျိုးစုံ ကျက်စားရာ အင်းတော်ကြီး (ဓာတ်ပုံ - ထက်ခေါင်လင်း/Myanmar Now)

 

အင်းတော်ကြီးနဲ့ သိပ်မဝေးတဲ့ တောင်ကြောတလျှောက်ကတော့  ကချင်လွတ်မြောက်ရေး တပ်မတော် KIA  တပ်ဖွဲ့တွေ လှုပ်ရှားတဲ့ နယ်မြေတွေပါ။   အင်းတော်ကြီးကန်ဝန်းကျင် တပ်မတော် စခန်းတွေ ရှိပြီး အဓိက အသွားအလာ လမ်းတွေကို  ည ၆ နာရီကျော်တာနဲ့ ဖြတ်သန်းခွင့် ပိတ်လိုက်တာကို တွေ့ရပါတယ်။  တပ်မတော်နဲ့  ကချင်ပြည်နယ် နေရာအနှံ့မှာ လှုပ်ရှားတဲ့ KIA ကြား အဆက်မပြတ် တိုက်ခိုက်နေကြမှုဟာ ဒေသခံတွေအပေါ် သက်ရောက်မှု အားကြီးလှပါတယ်။

အင်းတော်ကြီးကန်တခွင်က ကျေးရွာတွေမှာ နေထိုင်နေတဲ့ ကချင်တိုင်းရင်းသားအများအပြားက တပ်မတော်ကို  နှစ်သက်ခြင်းမရှိ ကြောက်ရွံ့ကြပါတယ်။

“ကျွန်တော်တို့ အင်တော်ကြီးကန်တခွင်မှာက ကချင်လူမျိုးတွေနည်းတယ်။ ရှမ်းနီ(တိုင်းလိုင် ) လူမျိုးတွေများတယ်။ စစ်တပ်က ကျွန်တော်တို့ကချင်တွေကို KIA က လူတွေလို့ပဲ ထင်ကြတာမျိုး ခံစားရတယ်။ KIA နဲ့ တခုခုဖြစ်တာနဲ့ ကျွန်တော်တို့ကို မျက်စိ ထောက်ကြည့်၊ တခါတလေ ခေါ်စစ်တာမျိုးလုပ်တယ်" လို့ အင်းတော်ကြီးကန်ဘေးပတ်လည်ရှိရွာတွင် နေထိုင်နေတဲ့ ကချင်တိုင်းရင်းသားတဦးက ရင်ဖွင့်ခဲ့ပါတယ်။

လက်နက် ကိုင်ထားသူတွေ ခေါ်ယူ စစ်ဆေးတာ ခံရသူရဲ့ ကံကြမ္မာက အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ အိမ်ကို ဒဏ်ရာ ဒဏ်ချက်နဲ့ ပြန်ရောက်တာကအစ ရုပ်အလောင်းတောင် အိမ်ပြန်မရောက်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။

“ကျွန်တော်တို့က ဒီမှာနေရတာ တိုက်ပွဲမဖြစ်ပါစေနဲ့လို့ မမြဲဆုတောင်း နေရတယ်”လို့ အဲဒီ ကချင်အမျိုးသားက ဆက်ပြောပြပါတယ်။

အင်းတော်ကြီးကန်ကို အမှီပြုပြီးတော့ တောင်ယာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း အနည်း ငယ်သာ လုပ်ကိုင်ကြပြီး အများစုက ရွှေမိုင်းတွင်းနဲ့ ဖားကန့်ကျောက်စိမ်းမှော်တို့မှာ သွားရောက် လုပ်ကိုင်နေကြတာကို တွေ့ရပါတယ်။ ကျောက်တွင်း၊ ရွှေတွင်းဒေသမှာ ပိုပြီးပေါများတဲ့အရာကတော့ မူးယစ်ဆေးဝါးမျိုးစုံပါပဲ။

“ချောင်းအထက်ဘက်မှာဆိုရင် တကယ့်ရွာကြီးလိုကို ရွှေတူးနေကြတာ။ အဲဒီနေရာမှာဆိုရင် မူးယစ်ဆေးကအစ အကုန်လုံး ရတယ်။ ဥပဒေဆိုတာ ဘာမှန်းကိုမသိတဲ့နေရာဖြစ်နေပြီ” လို့   Fauna & Flora International အဖွဲ့က ကိုရန်ခေါင်းက ဆိုပါတယ်။

ဆေးစွဲသူတွေ ဆန္ဒပြည့်ဖို့ လိုအပ်တာကတော့ ငွေကြေးပါပဲ။ ဒီလိုနဲ့ ငွေရလွယ်တဲ့  သတ္ထုတူးဖော်ရေး၊ ကျောက်တွင်း၊ သစ်လုပ်ငန်းတွေဟာ မူးယစ်ဆေးဝါးကိစ္စနဲ့ မဖြစ်မနေ ဆက်စပ်နေပါတော့တယ်။ 

ဒီဒေသရဲ့ ငြိမ်းချမ်းရေး၊ သဘာဝ သယံဇာတတွေ စနစ်တကျ ထုတ်လုပ်မှုမရှိတာ၊ ပြည်တွင်းစစ်ပွဲတွေကြောင့် တိုင်းရင်းသားတွေအကြား သွေးကွဲစေတာ၊ ဒေသခံတို့ ရွေး ချယ်စရာ အခွင့်အလမ်းမရှိ၊ မြန်မာပြည်က တခြားဒေသတွေလိုပဲ ဒီမှာလည်း ဒေသခံ အများအပြား မူးယစ်ဆေးနွံထဲ ကျွံဝင်နေတာတွေကို စဉ်းစားရင်း တောက်ပနေတဲ့ အင်းတော်ကြီးကန်ရေပြင်ပေါ်မှာ သက်ပြင်း အကြိမ်ကြိမ် ချခဲ့မိပါတယ်။     ။

 

ရေးသားသူ -  Myanmar Now


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်