လူသိနည်းတဲ့ ကသစ်ပင်အကြောင်း

28/08/2020 12:30 PM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

    ကသစ်ပင်ကို ကသစ်လို့ပဲ အများအားဖြင့် သိကြတာပါ။ ပဲမျိုးနွယ်ဝင်အပင်ဆိုတာကို သိတဲ့သူ နည်းလှပါတယ်။ တကယ်တော့ ကသစ်ပင်က ပေါက်၊ ပိတောက်တို့လို ပဲပင်အကြီးစားဖြစ်ပါတယ်။ သိပ္ပံအမည်ကတော့ Erythrina spp ဖြစ်ပါတယ်။ ကသစ်ပင်က မျိုးစိတ်ပေါင်း ၁၃၀ ခန့်ရှိပါတယ်။ နှစ်ရှည်ခံသစ်မာပင်ကြီးဖြစ်ပြီး ရာသီအလိုက်ကြွေသော deciduous tree ဖြစ်ပါတယ်။ 

    ပင်စည်ကိုင်းတွေမှာ ဆူးတွေရှိပြီး မီးခိုးရောင်အခေါက်တွေနဲ့ တန်ဆာဆင်ထားတဲ့ ပင်စည်မှာ အနက်ရောင်ဆူးမွှားတွေလည်းရှိပါတယ်။ အရွက်တွေကတော့ သုံးရွက်မွှာငှက်မွှေးရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲထွက်ကြတဲ့ပုံစံပါ။ ရွက်စွယ်ပါပေမဲ့ အကြွေစောပါတယ်။ ရွက်မွှာသုံးခုမှာ အလယ်ရွက်ကတော့ အကြီးဆုံးပါဘဲ။ ကသစ်ပင်က နွေရာသီမှာ အရွက်ကြွေလေ့ရှိပြီး မတ်-ဧပြီလမှာ နီရဲသောအပွင့်များပွင့်ကြပါတယ်။ ဇွန်-ဇူလိုင်လများမှာ အစေ့ပါသော သီးတောင့်များသီးကြပါတယ်။ ၁၉၆၇ ခုနှစ် Okinawa Prefecture မှာ official flower အနေနဲ့ ကသစ်ပန်းကို အသုံးပြုခဲ့ကြတယ်။ ဉရု‌ဂွေးနိုင်ငံရဲ့အမျိုးသားပန်းကလည်း ကသစ်ပန်းဘဲဖြစ်ပါတယ်။

    ကသစ်ကို မြန်မာတို့က ရေကသစ်၊ ကုန်းကသစ်၊ တောင်ကသစ်၊ အင်းကသစ်၊ ပင်လယ်ကသစ်၊ ကသစ်ခါးအမျိုးမျိုးခေါ် ကြပေမဲ့ ဆေးကျမ်းထဲမှာတော့ ကသစ်ရိုးရိုးနဲ့ပင်လယ်ကသစ်ကိုသာ အဓိကခွဲခြားထားတယ်။ ပင်လယ်ကသစ်က သစ်ကြီးခုနှစ်ပင် တွင်ပါဝင်၍ တာဝတိံသာနတ်ပြည်၏ အထိမ်းအမှတ်အဖြစ် ထင်ရှားသောအပင်ဖြစ်သည်။ ပင်လယ်ကသစ်သည် ၅ မီတာခန့်မြင့်သည်။ ရိုးရိုးကသစ်က ပန်းပွင့်လျှင့် အရွက်များရှိမနေတတ်ပါဘူး။ တစ်ပင်လုံးပန်းပွင့်အနီ‌ရောင်တွေနဲ့ ပြည့်နေတတ်ပါသည်။ အဖြူရောင်ပွင့်တဲ့ ကသစ်ဖြူလည်းရှိပါသည်။ ကသစ်ဖြူကို အများအားဖြင့် အလှစိုက်ကြပြီး မြန်မာနိုင်ငံမှာဆို ချင်းပြည်နယ်မှာ တွေ့နိုင်ပါတယ်။

    ကသစ်ပင်၏အရွက်၊ အမြစ်၊ အခေါက်၊ အပွင့်၊ အဖူး အားလုံးတို့သည် ပစ်ရက်စရာမရှိအောင် ပဉ္စငါးပါးလုံးအသုံးဝင်ပါသည်။ ကသစ်အရသာသည် ပူစပ်ခါး၏။ ကြေကျက်သောအခါစပ်၏ ဟု ဆိုထားပါသည်။ ပြုတ်၍ တို့စားပါက နှုတ်ကိုမြိန်စေ၏။ ဝမ်းမီးကို တောက်စေသည်။ သည်းခြေကိုပယ်သည်။ ပိုးရောဂါ၊ ဖောရောင်နာ ရောဂါ၊ သည်းခြေကြောင့်ဖြစ်သော ရောဂါကို ပျောက်စေသည်။ ဆီးချိုရောဂါကိုတောင်နိုင်တယ်ဟု ဆေးကျမ်းထဲတွင် ဆိုထားပါသည်။

  • ကသစ် အပွင့်၊ အမြစ်ကိုထောင်းပြီး နွားနို့အေးတွင် စိမ်သောက်ပါက ကာမအားကိုတိုးစေသည်။
  • ကသစ်ဆူးဖုကို သွေးကာလိမ်းသော် ဝက်ခြံပျောက်သည်။
  • အရွက်ကိုထောင်းပြီး ရလာသောအရည်ကို ရေနွေးနှင့်ရောပြီးငုံလျှင် သွားကိုက် ပျောက်စေသည်။
  • ကသစ်မြစ်သည် အစားမှား၍ အဆိပ်ဖြစ်ခြင်း၊ ကင်းကိုက်၊ မွေးကိုက်၊ ခွေးရူးကိုက်၊ တောက်တဲ့နက်ကိုက် စသောအဆိပ်မှန်သမျှလည်းနိုင်သည်။

    ကသစ်ရွက်ကို ကြော်စား၊ ပြုတ်စားနိုင်သည့်အပြင် ဟင်းချိုပြုလုပ် သောက်သုံး၍လည်း ရသည်။ ကသစ်ရွက်ကို ပုံမှန်စားသုံးခြင်းဖြင့် (၁) ကိုလက်စ်ထရောကိုကျစေခြင်း၊ (၂) အစာခြေစနစ်ကိုလည်း ကောင်းမွန်စေခြင်း၊ (၃) သန်ကောင်၊ တုတ်ကောင်ကိုကျစေခြင်း၊(၄) ရောင်ရမ်းနာကျင်ခြင်း ကိုသက်သာစေခြင်း၊(၅) ခံတွင်းပျက်ခြင်းမှကာကွယ်ခြင်း၊ (၅) အဖျားရောဂါကို သက်သာစေခြင်း၊ (၆) အဝလွန်ခြင်းကို တိုက်ထုတ်ခြင်း၊ (၇) အသည်းပျက်စီးခြင်းကို သက်သာစေခြင်း၊ (၈) ဝမ်းနှုတ်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း၊ (၉) အမျိုးသမီးရောဂါကို ကုသနိုင်ခြင်း၊ (၁၀) ရောဂါပိုးတွေကို သေစေနိုင်သော အစွမ်းသတ္တိရှိသည်။

    တောင်သူဦးကြီးများရှင့် ဤကဲ့သို့ဆေးဖတ်ဝင်လှသော ကသစ်ပင်၏ မူရင်း‌ဒေသမှာ တောင်အာဖရိကနှင့် တောင်အမေရိကဖြစ်ပြီး မြန်မာနိုင်ငံတွင် အထက်ပိုင်းနှင့် အောက်ပိုင်းမိုးပါးသော သစ်တောများ၊ တောင်ငူနယ်နှင့် ပင်လယ်ကမ်းခြေတစ်လျှောက်၊ ပဲခူးရိုးမတောင်တန်းများတွင် ပေါက်ရောက်ကြောင်းသိရှိရသည်ကို တင်ပြရင်းနိဂုံးချုပ်အပ်ပါသည်။

Reference: ဉီးလှခင်(ဆန်းညွှန့်ဉီး)ပြုစုသောမီးဖိုချောင်မှဆေးစွမ်းကောင်းများ

By:BonnieL,Grant,Certified Urban Agriculturist

https://www.healthbenefitstimes.com 

Wikipedia

ဆုမြတ်နိုး(BPE)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်