စိုက်ပျိုးရေးခြံထဲက အဖွဲ့ဝင်ကြေးနဲ့ ကိုယ်တိုင်ခူးစနစ်

22/11/2018 15:30 PM တွင် Khin Sandar Nyunt Khin Sandar Nyunt မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

နယ်သာလန်မှာ ဒီစနစ်ကကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တောင်သူတစ်ဦးက စခဲ့တယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာ တွင်တွင်ကျယ်ကျယ် ကျင့်သုံးလာကြတယ်။ ဒီနည်းက တစ်နှစ်စာ အဖွဲ့ဝင်ကြေးသွင်းပြီး တစ်နှစ်ပတ်လုံး ကိုယ်တိုင်လာရောက် ခူးဆွတ်နိုင်ပါတယ်။ စိုက်ခင်းတစ်ခုနဲ့တစ်ခု ဝင်ကြေးနဲ့ ခူးဆွတ်နိုင်တဲ့ ရက်သတ်မှတ်ချက်တွေကတော့ မတူနိုင်ပါဘူး။ ကျွန်မ Amsterdam မြို့ အနောက်ဖက် Van West မှာရှိတဲ့ Pluk! Groenten Van West ဆိုတဲ့ စိုက်ပျိုးရေးခြံတစ်ခုမှာ ဒီနည်းသုံးတာကို သွားရောက်မေးမြန်းလေ့လာခဲ့ဖူးပါတယ်။ ယခု လုပ်အားပေးတဲ့ ခြံမှာလည်း မြေငှားပြီးလုပ်တဲ့သူက ဒီဈေးကွက်ပုံစံကို သုံးပါတယ်။ လက်ရှိခြံမှာ မြေငှားပြီး စိုက်ပျိုးရေးလုပ်တဲ့သူ နှစ်ဦးရှိပါတယ်။ ခြံရှင်တွေက သူတို့ခြံမြေ (၂ ဟတ်တာ) ကျယ်တဲ့အတွက် အခြားလုပ်ချင်တဲ့သူကို မြေနေရာတချို့ ငှားတာပါ။ တစ်ယောက်က သူတို့ခြံမှာ အလုပ်သင်အနဲ့ လေ့လာခဲ့တဲ့သူပါ။ အသက် ၃၀ ကျော်လူငယ်ပါပဲ။ သူက တစ်ပတ် ၃ ရက်လောက်ခြံထဲမှာ အလုပ်လုပ်တယ်၊ အခြားရက်တွေမှာ ကျောင်းတစ်ဖက်နဲ့ အခြားအလုပ်လုပ်တယ်။ နောက်တစ်ယောက်တော့ လူလတ်ပိုင်းအရွယ်ပါပဲ၊ ဇီဝစုံပန်းမျိုးစုံ စိုက်ပါတယ်။

လက်ရှိခြံထဲက ကိုယ်တိုင်ခူးစနစ်ကတော့ တစ်နှစ်စာ အဖွဲ့ဝင်ကြေး ၂၇၅ ယူရိုပေးသွင်းပါက တစ်ပတ်ကို ၂ ကြိမ် လာရောက် ခူးနိုင်တယ်။ မိမိတစ်ဦးတည်းဖြစ်ဖြစ်၊ အခြားသူနဲ့မျှခံပြီးဖြစ်ဖြစ် ဝင်ကြေးသွင်းလို့ရတယ်။ အဲ့ဒီတော့ လာခူးတဲ့အခါ အများကြီးခူးသွားရင် ဘယ်လိုလုပ်မလဲလို့ မေးကြည့်တော့၊ အများကြီးခူးသွားရင် ပိုနေပြီး အလဟသဖြစ်တာပဲ အဖတ်တင်မှာဖြစ်တဲ့အတွက် လာရောက်ခူးသူတွေအနေနဲ့ မိသားစု တနိုင်လုံလောက်ရုံ တစ်ပတ်နှစ်ကြိမ် ချိန်ဆပြီး ခူးကြတယ်လို့ပြောပါတယ်။ ခူးဖို့အဆင်သင့်ဖြစ်တဲ့ စိုက်ခင်းကို အမှတ်အသားပြုတဲ့အနေနဲ့၊ အခြားခြံရှင်ရဲ့ စိုက်ခင်းကိုလည်းမှား မခူးမိအောင် အရောင်နဲ့အမှတ်အသားပြုထားတဲ့ တုတ်တံတွေကို စိုက်ခင်းတွေမှာစိုက်ထားတယ်။ အသီးအနှံခူးဆွတ်တဲ့အခါ အလေအလွင့်မဖြစ်အောင်၊ အပင်ကိုမထိခိုက်အောင် ဘယ်အပင်ကို ဘယ်လိုခူးရမယ်ဆိုတာကိုလည်း အဖွဲ့ဝင်စဖြစ်စမှာ မိတ်ဆက်ရှင်းပြတာမျိုးလုပ်ပေးတယ်။

ကိုယ်တိုင်ခူးစနစ်မှာ ထူးခြားချက်က ကလေးငယ်တွေအတွက် ပညာသင်ကြားရေးမှာ အထောက်အကူဖြစ်စေတယ်။ စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်ချက်က ကလေးတွေ၊ လူငယ်တွေအနေနဲ့ ကိုယ်စားတဲ့အစားအစာ ဘယ်ကလာသလဲ၊ ဘယ်လိုစိုက်ပျိုးရသလဲဆိုတာကို မသိတဲ့ပြဿနာဖြစ်တယ်။ အဲ့ဒီအတွက် အစားအစာဘေးကင်းစိတ်ချရမှု၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတဲ့ အစားအစာထုတ်လုပ်မှုစနစ်ကို သတိမမူမိကြတော့တဲ့အဖြစ်။ ကိုယ်တိုင် ခူးစနစ်မှာ မိဘတွေက သူတို့ကလေးငယ်တွေကို စိုက်ခင်းထဲ ခေါ်လာကြတယ်။ ကလေးတွေကိုယ်တိုင်ခူးကြတယ်၊ စိုက်ပျိုးနေတဲ့စိုက်ခင်းတွေကို လှည့်ပတ်ကြည့်ကြတယ်၊ မေးမြန်းတယ်၊ စူးစမ်းတယ်၊ ခြံထဲက တိရိစ္ဆာန်လေးတွေကို အစာကျွေးကြတယ်၊ သူတို့ပျော်ကြတယ်။ အခြားအားသာချက်က ကိုယ်တိုင်ခူးစနစ်ဖြစ်တဲ့အတွက် ဝယ်သူမလာမှာစိတ်မပူရ၊ ရောင်းချဖို့အတွက် ခူးဆွတ် ထုပ်ပိုးစရာမလို၊ ဆိုင်ခင်းစရာမလို၊ စိုက်ခင်းကို ပုံမှန်ဂရုစိုက်ပြုစုဖို့ လုပ်အားနဲ့ အချိန်ပေးရုံသာ။ အခြားအလုပ်တဖက်နဲ့ လွယ်လွယ်ကူကူလုပ်နိုင်တယ်။ ဒီစနစ်မှာ စိန်ခေါ်ချက်က အဖွဲ့ဝင်အရေအတွက်နည်းတဲ့အခါ ဝင်ငွေလည်းနည်းနိုင်တယ်။ အဖွဲ့ဝင်အရေအတွက်အပေါ်မူတည်နေတယ်။ တစ်နှစ်စာဝင်ကြေးပေးပြီး အလာနည်းတဲ့ သူတွေလည်းရှိတယ်။ လာခူးဆွတ်ကြတဲ့အခါ အဆင်ပြေအောင်၊ ဆွဲဆောင်မှုရှိအောင်၊ သီးနှံစုံလင်အောင် စိုက်ခင်းကို စနစ်တကျ ပြုစုစောင့်ရှောက်နေဖို့၊ အဖွဲ့ဝင်တွေနဲ့ ပုံမှန်အဆက်အသွယ်ရှိနေဖို့တော့ လိုအပ်တယ်။

ခြံမြေတစ်ခုတည်းမှာ မြေရှင်နဲ့ မြေငှား အတူတကွစိုက်ပျိုးကြတာဖြစ်တဲ့အတွက် (မြေရှင်က ဓာတုလွတ်စိုက်ပျိုးရေး အသိအမှတ်ပြု စိုက်ပျိုးရေးခြံဖြစ်သည့်အတွက်) ဓာတုလွတ်စိုက်ပျိုးရေး အရည်အသွေး၊ စည်းမျဉ်းတွေနဲ့အညီ သေသေချာချာလိုက်နာကျင့်သုံးကြရပါတယ်။ မြေငှားတဲ့ ခြံရှင်က စနစ်တကျ စောင့်ကြပ်ပါတယ်။ ဥပမာ အရည်အသွေး စိစစ်ရေးတာဝန်ရှိသူများမှ ရှောင်တခင်လာစစ်တာမျိုးတွေရှိတဲ့အတွက် မျိုးစေ့မှာယူတဲ့ ကုမ္ဗဏီ၊ ဝယ်ယူတဲ့လက်ခံဘောင်ချာ၊ မျိုးစေ့နဲ့ မြေသြဇာသိုလှောင်မှု စတာတွေကို စနစ်တကျ စီမံပါတယ်။ လေ့လာမိသလောက် သတိထားမိတာက နယ်သာလန်မှာ မြေတဆင့်ငှားပြီး တနိုင် စိုက်ပျိုးရေးလုပ်ကြတဲ့ပုံစံကို နေရာတော်တော်များများမှာတွေ့ရတယ်။ စိုက်ခင်းသုံး ပစ္စည်းကိရိယာ၊ သိုလှောင်ရုံ၊ ရေ၊ မီး စတာတွေကိုအတူတကွ သုံးပါတယ်။ မြေငှားလုပ်သူက ကုန်ကျစရိတ်ကို သတ်မှတ်သဘောတူအချိုးအစားအတိုင်း အခကြေးငွေပေးပါတယ်။ မြောင်းဖော်တာ၊ မြက်အရိုင်းတွေရှင်းတာစတဲ့ အကြီးစားတူးဖော်တာ၊ မြေပြင်တာတွေကိုတော့ စာချုပ်နဲ့လုပ်တဲ့ ပုဂ္ဂလိကကုမ္ပဏီတွေရှိပါတယ်။ သူတို့ရဲ့ စက်တွေနဲ့ လာရောက်လုပ်ကိုင်ပေးပါတယ်။ ကုန်ကျစရိတ်ကို မြေရှင်နဲ့ မြေငှားမှ မျှခံကြပါတယ်။ ဝါသနာအရ အပျော်တမ်းစိုက်တာဖြစ်ဖြစ်၊ တနိုင်ဝင်ငွေရအောင် စိုက်ပျိုးရေးလုပ်တာဖြစ်ဖြစ် မြေမရှိပေမယ့် မြေငှားပြီး စိုက်ပျိုးရေးလုပ်နိုင်တယ်။ ဓာတုလွတ်မျိုးစေ့ စမ်းသပ်ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီ၊ သဘာဝမြေသြဇာရောင်းချတဲ့

ကုမ္ပဏီ၊ စိုက်ပျိုးရေးသုံး စက်ပစ္စည်း လာရောက်ဝန်ဆောင်မှုပေးတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေလည်း အဆင်သင့်ရှိတယ်။ ဈေးကွက်မှာလည်း စိုက်ပျိုးသူအချင်းချင်း ဖောက်သည်လုစရာမလိုအောင် မတူတဲ့ဈေးကွက်ပုံစံတွေကို တီထွင်ကြံဆပြီး လုပ်ဆောင်ကြတယ်။ ဥပမာ လက်ရှိစိုက်ပျိုးရေးခြံက အွန်လိုင်းဈေးဆိုင်နဲ့ အပတ်စဉ်စနေနေ့ ဈေးနေ့အဖြစ် ဆိုင်ဖွင့်တဲ့ ဈေးကွက်ပုံစံရှိတယ်၊ သူ့ခြံထဲမှာ မြေငှားလုပ်ကြတဲ့ သူနှစ်ယောက်က အဖွဲ့ဝင်ကြေးနဲ့ ကိုယ်တိုင်ခူးစနစ်ကိုသုံးတယ် (တစ်ယောက်ကပန်းစိုက်တယ်၊ ကျန်တစ်ယောက်က အသီးအနှံစိုက်တယ်)၊ အဲ့ဒီအတွက် ခြံတစ်ခြံထဲမှာ စိုက်ပျိုးရောင်းချသူ ၃ ဦးရှိပေမယ့် ကိုယ့်ဈေးကွက်နဲ့ကိုယ်၊ ကိုယ့်ဖောက်သည်နဲ့ကိုယ်၊ ဖောက်သည်လုစရာမလိုပါဘူး။

ရေးသားသူ - ခင်စန္ဒာညွှန့်