မိုးရာသီမှာ လေထု စိုထိုင်းဆများတာကြောင့်မို့ အပင်တွေမှာရောဂါကျရောက်ဖို့အတွက် အခြေအနေ ပေးသလို ဖြစ်တတ်ပါတယ်။
မိုးကြောင့်လည်း မိုးရေပေါက် မိုးရေစက်လေးတွေကနေတစ်ဆင့် ဘာတွေကူးစက် ပျံ့နှံ့နိုင်သလဲဆိုတာကို လေ့လာကြည့်ရအောင်လားခင်ဗျာ
မှိုရောဂါများဖြစ်တဲ့
မှဲ့ပြောက်စွန်း (ကြက်သွန်နီ၊ ခရမ်းချဉ်၊ ငရုတ်ကောင်း၊ ပဲ၊ ဖရုံ၊ သခွား၊ မာလကာ)
Colletotrichum မျိုးစိတ်ကြောင့်ဖြစ်တဲ့ဒီ မှဲ့ပြောက်စွန်းရောဂါဟာဆိုရင် ပူနွေးပြီး စိုစွတ်တဲ့ရာသီတွေမှာ အဖြစ်များတဲ့ ရောဂါဖြစ်ပါတယ်။ အရွက်တွေမှာ၊ ပင်စည်တွေမှာ၊ ပန်းပွင့်နဲ့ အသီးတွေမှာ ရေစိုနာ အမဲစက် အမဲကွက်တွေဖြစ်လာမှာဖြစ်ပါတယ်။ ပြီးရင်တော့ အဲ့ရေစိုနာကွက်ပေါ်မှာ မှိုစပိုးလေးတွေ ထွက်လာပြီးတော့ မိုးကြောင့်သော်လည်းကောင်း ရေနဲ့ လေကြောင့်သော်လည်းကောင်း တစ်ခြားနေရာတွေကို ရောက်ရှိပျံ့နှံ့တတ်ပါတယ်။
နှောင်းပင်နာကျရောဂါ (ခရမ်းချဉ်၊ အာလူး)
Water Mold လို့ခေါ်တဲ့ ရေမှိုတစ်မျိုးဖြစ်တဲ့ Phytophthora infestans ကြောင့်ဖြစ်တဲ့ နှောင်းပင်နာကျ ရောဂါဆိုတာက ဆိုးဝါးတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ စိုစွတ်ပြီးတော့ အေးတဲ့ ရာသီမှာ၊ ခုလို မိုးများပြိးတော့ အေးနေတဲ့ ရာသီမျိုးဆိုရင် သူတို့ အကြိုက်ပါပဲ။ ရေစိုနာကွက်တွေ အမြန်ဖြစ်လာ၊ ကျယ်ပြန့်လာပြီး အပင်ညိုးသွားတဲ့အထိဖြစ်ပြီးတော့ သူတို့ မှိုစပိုးတွေက မိုးနဲ့ လေကြောင့် ပျံ့နှံ့တတ်ပါတယ်။
စောပင်နာကျရောဂါ (ခရမ်းချဉ်၊ အာလူး)
Alternaria solani ကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပြီးတော့ အနက်ရောင် အကွင်းပေါ်အကွင်းဆင့်ထားတဲ့ ပုံစံကွက်လေးတွေ အရွက်ပေါ်မှာဖြစ်ပြီးတော့ တစ်ခါတစ်ရဲ့မှာဆိုရင် အဝါရောင်အနားသတ်လေးတွေ ပါတတ်ပါတယ်။ ခုလို စိုစွတ်တဲ့ရာသီမျိုး၊ စိုထိုင်းဆတွေများတဲ့ ရာသီဥတုမျိုးတွေမှာဖြစ်တတ်ပြီးတော့ သူတို့ရဲ့ မှိုစပိုးတွေကလည်း မိုးနဲ့ လေကြောင့် ပျံ့နှံ့ပါတယ်။
ဆာကိုစပိုးရား ရွက်ပြောက်ရောဂါ (ခရမ်းချဉ်)
Septoria lycopersici ကြောင့်ဖြစ်တဲ့ အနက်ရောင်အနားကွပ်၊ အရွက်ကြီးတွေမှာဆိုရင် ခဲဝါလိုမျိုး အကွက် သေးသေးလေးတွေကို တွေ့ရမှာပါ။ မှိုစပိုးတွေထုတ်ပေးတဲ့ အနက်ရောင် အချွန်သေးသေးလေးတွေကို အလယ်မှာမြင်ရမှာဖြစ်ပြီးတော့ မိုးရေစက်တွေကြောင့် တစ်ခြားအရွက်တွေကို ပျံ့နှံ့ပြီး ကူးစက်နိုင်ပါတယ်။
အရွက်မှို (ခရမ်းချဥ်)
Passalora fulva ကြောင့် ဖြစ်တဲ့ ဒီမှိုရောဂါမှာဆိုရင် အစိမ်းဖျော့ကနေ အဝါရောင် အစက်အပျောက်လေးတွေက အရွက်ရဲ့ အပေါ်မျက်နှာပြင်ပေါ်မှာ မြင်ရမှာဖြစ်ပြီးတော့ အရွက်ရဲ့အောက်ဖက်မှာတော့ သံလွင်စိမ်းလို အရောင်ကနေ အညိုရောင် မှိုတွေ မြင်ရမှာဖြစ်ပါတယ်၊ အစိုဓာတ်များပြီးတော့ လေဝင်လေထွက် မကောင်းတဲ့ အနေအထားက သူတို့ ကြီးထွားဖို့ အလွန်ကြိုက်ပါတယ်။ မျိုးပွားနိုင်တဲ့ မှိုစပိုးတွေက မိုးနဲ့အတူ ပျံ့နှံ့နိုင်ပါတယ်။
ဒေါင်းနီးမှို (ဖရုံ၊ သခွားမျိုးနွယ်ဝင်အပင်များ၊ ရွက်စားအပင်များ)
အူးမိုက်စိလို့ ခေါ်တဲ့ ရေမှိုတွေကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပြီးတော့ စိုတယ် မိုးများတယ်ဆို ဖြစ်တာများပါတယ်။ လက္ခဏာတွေထဲမှာ အရွက်အပေါ်ဖက်မှာ အဝါရောင် အစက်အပျောက်တွေကို မြင်ရပြီးတော့ အောက်ဖက်မှာတော့ အညိုရောင်သန်းတဲ့ မှိုပုံစံလေးတွေကို မပီမသအနေနဲ့ မြင်ရတတ်ပါတယ်။ မိုးစက်နဲ့ အတူ မှိုစပိုးတွေ အပြင်ကို ပျံ့နှံ့နိုင်ပါတယ်။
ခါးရိရောဂါ (ပျိုးပင်အတော်များများ - ခရမ်းချဉ်၊ ငရုတ်ပွ၊ ငရုတ်၊ ခရမ်း၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ပန်းပွင့်စိမ်း)
မြေဆောင်ရောဂါလည်း ဖြစ်တာမို့ မြေထဲမှာရှိတဲ့ တစ်ခြား မှိုတွေနဲ့ အူးမိုက်စိကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ မြေက ရေဝပ်တယ် စိုနေတယ်ဆိုရင် သူတို့တွေ ပွားများပြီး အပင်တွေမှာ ခါးရိရောဂါဖြစ်လာကြပါတယ်။ ပြီးတော့ ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိက ရေနဲ့အတူ ပျံ့နှံ့နိုင်ပါတယ်။
ဖျုစေရီယမ် ပင်ညိုးရောဂါ/မြစ်ပုပ်ရောဂါ (ဟင်းသီးဟင်းရွက် အမျိုးမျိုး - ခရမ်းချဉ်၊ အာလူး၊ သခွား၊ ပဲ၊ ဖရဲ၊ ခရမ်း၊ ကညွတ် နဲ့ အပူပိုင်းဒေသ သီးပင်အတော်များများ)
Fusarium မျိုးစိတ်မှိုကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပြီးတော့ အပင်ညိုးတာ၊ အမြစ်ပုပ်တာ၊ ပင်စည်ပုပ်တာ နဲ့ တစ်ခါတစ်လေကျ အသီးတွေပါ ပုပ်တာကိုမြင်ရမှာဖြစ်ပါတယ်။ သူက မြေကြီးထဲမှာ ခိုအောင်းနေနိုင်ပြီးတော့ မြေဆောင်ရောဂါဖြစ်ပါတယ်။ မိုးရေစက်တွေနဲ့ သွင်းရေကြောင့် ပျံ့နှံ့နိုင်ပြီးတော့ အပင်မှာ အနာသေးသေးလေးရှိတာနဲ့ တန်းပြီးတော့ တိုက်ခိုက်နိုင်ပါတယ်။ ရေများ ရေအိုင်တာမျိုးနဲ့ ရေကို အပြည့်သွင်းထားတာမျိုးက အပင်ကို ဒီဖျူစေရီယမ် ရောဂါ ဝင်ရောက်နိုင်ဖို့အတွက် အားပေးနိုင်ပါတယ်။
မာလကာ သံချေးရောဂါ (မာလကာ)
မိုးများတယ် စိုထိုင်းဆ များတယ်ဆိုရင် ဒီရောဂါက ဖျက်စီးတဲ့ ရောဂါအဖြစ် မာလကာမှာ သံချေးလို တက်ပြီး ဖျက်ဆီးတတ်ပါတယ်။
အနက်စက်ရောဂါ (ဟင်းသီးဟင်းရွက်အပင်များ နှင့် အပင်အမျိုးမျိုး)
Diplocarpon rosae မှိုကြောင့်ဖြစ်တဲ့ အနက်စက်လေးတွေက ထင်ရှားတဲ့ လက္ခဏာဖြစ်ပါတယ်။ တစ်ခါတစ်လမှာ အဝါရောင် halo လေးတွေလည်း အလယ်မှာပါတတ်ပါတယ်။ မိုးကြောင့်ဖြစ်ဖြစ် ရေကြောင့်ဖြစ်ဖြစ် တစ်ရွက်ကနေ တစ်ရွက်ကို အလွယ်လေး ကူးနိုင်ကြပါတယ်။
မိုးဆက်တိုက်ကလည်း ကောင်းချက်ဆိုရင်
လေထုထဲမှာလည်း ရေငွေ့တွေများလာမယ်။ များလာရင် စိုထိုင်းဆ တွေမြင့်လာမယ်။
အဲ့လို အပင်တွေနဲ့ စိုထိုင်းဆ များများနဲ့ ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိကသာ ရှိနေတယ်ဆိုရင်တော့ အပင်တွေမှာ ရောဂါဖြစ်လာမှာ အသေအချာပါပဲ။
ဘက်တီးရီးယားရောဂါတွေဆိုရင် ဘာတွေက မိုးနဲ့ အတူသောင်းကျန်းကြမလဲ ?
ဘက်တီးရီးယား ရွက်ပြောက်ရောဂါ (ခရမ်းချဉ်၊ ငရုတ်)
Xanthoonas မျိုးစိတ်ကြောင့်ဖြစ်တဲ့ ဒီရောဂါမှာဆိုရင်တော့ သေးငယ်ပြီးတော့ ဒေါင့်ချိုးလေးတွေ ပုံစံ ရေစိုနာကွက်လေးတွေက အရွက်ပေါ်မှာ အရင်မြင်လာရမှာဖြစ်ပါတယ်။ တစ်ခါတစ်လေမှာတော့ အဝါရောင် ဘေးအနားသတ်လေးတွေ မြင်ရမှာဖြစ်ပါတယ်။ အသီးမှာဆိုရင်တော့ မှဲ့သီးလေးလို အဖုလေး ခံစားရမှာဖြစ်ပါတယ်။ မိုးရာသီမှာ အများဆုံးဖြစ်တတ်ပြီးတော့ ရေနဲ့အတူ ဒီဘက်တီးရီးယားတွေက အခြားကို ရောက်ရှိပျံ့နှံ့ပါတယ်။
ဘက်တီးရီးယား ပင်ညိုးရောဂါ (ခရမ်းချဉ်၊ ပီလောပီနံ)
Ralstonia solanacerarum ကြောင့် ဖြစ်တာပါ။ အရွက်ကတော့ စိမ်းမြဲစိမ်းနေမယ် ဒါပေမဲ့ အပင်က ညှိုးကျသွားပြီးတော့ ပျံ့နှံ့တာကလည်း မြန်မှမြန်ပါပဲ။ ဘက်တီးရီးယားတွေက အရွက်တွေထဲက ရေသယ်ပေးတဲ့တစ်သျှူးတွေကနေ ပျံ့ပြီးတော့ သူတို့က မြေထဲမှာ ခိုအောင်းနေနိုင်ပါတယ်။ မိုးစက်မိုးရေပေါက်နဲ့ တစ်ခြားနေရာကို ပျံ့နှံ့ပါတယ်။ ပင်စည်ကိုဖြတ်ပြီး စိုက်ရတဲ့ အပင်တွေ၊ (ပီလောပီနံ ဥ) ဆိုရင် ရောဂါဝင်ရောက်ဖို့လည်း လွယ်ပါတယ်။
လောင်မီးကျရောဂါ (ပန်းသီး၊ ပန်းသစ်တော်၊ လို အသီးပင်တွေနဲ့ ဟင်းသီးဟင်းရွက်ပင်တွေ)
Erwinia amylovora ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါမှာဆိုရင်တော့ မီးလောင်နေသလို ပုံစံ အရွက်တွေမှာ ပန်းပွင့်တွေမှာ အပူမိသလို အကွက်မဲတွေ ဖြစ်လာတာဖြစ်ပါတယ်။ သူကျတော့ မိုးရေနဲ့ရော ဝတ်မှုန်ကူးပေးတဲ့ အကောင်လေးတွေမှာလည်း လိုက်ကပ်ပြီးတော့ တစ်ခြားကို ပျံ့နှံ့တတ်ပါတယ်။
ဘက်တီးရီးယား ဖု ရောဂါ (ခရမ်းချဉ်)
Clavibacter michiganesis pv. Michiganensis ကြောင့်ဖြစ်တာဖြစ်ပြီးတော့ အရွက်မှာ အစက်အပျောက်တွေ၊ ပင်စည်မှာ နဲ့ အသီးတွေမှာ ပုံမမှန်တဲ့ အဖုတွေ ကိုမြင်ရမှာဖြစ်ပါတယ်။ မိုးရေစက်တွေက ပျံ့နှံ့ဖို့ ကူညီပေးပါတယ်။
မိုးကတော့ သဘာဝအတိုင်းရွာမှာပဲ။ မုန်တိုင်းရှိတယ်ဆို ပိုလို့ဆိုးသေး ဆိုတော့ ကိုယ်တွေဘာလုပ်ပေးလို့ရနိုင်မလဲဆိုရင် သဘာဝနဲ့ လိုက်လျောညီထွေရှိပြီးတော့ ကိုက်ညီတာကို လုပ်ရမှာပေါ့၊ ဘာတွေ လုပ်နိုင်မလဲ
မိုးကို ကူနေတာ ဘယ်သူတွေဖြစ်မလဲလဲ?
စိုထိုင်းဆ - မြင့်တဲ့ စိုထိုင်းဆက ကာလတော်တော်ကြာကြာအထိ မကျဘဲ ရှိနေတယ်ဆိုရင် အပင်တွေမှာ ရောဂါပိုးမွှား ထိုးဖောက်ဖို့အတွက် ပိုကောင်းတဲ့ အခြေအနေကိုဖြစ်လာမှာပါ။
အပူချိန် - မြန်မာက အပူပိုင်းလို သမပိုင်းလိုထဲမှာ ပါတာမို့ ပူနွေးတဲ့ အပူချိန်ကို ရတတ်ပါတယ်။ မိုးကလည်း ရွာပေမဲ့လို့ အပူချိန်က ခပ်နွေးနွေးလေးဆိုရင် ရောဂါဖြစ်စေတဲ့ သက်ရှိတွေ ပိုထကြွတတ်ပါတယ်။
လေ - တိုက်နှုန်းကြမ်းရင် ကြမ်းသလို ရောဂါရှိတဲ့ အပင်တွေက ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေက လိုက်ပြီးတော့ ပျံ့နှံ့နိုင်ပါတယ်။
အပေါ်ကနေရေဖျန်းတဲ့ ရေပေးစနစ်ကိုလည်း သုံးတာကို သတိထားသင့်ပါတယ်။ သူတို့က မိုးရေစက်လိုမျိုး အလားတူ အာနိသင်ရှိနေလို့ပါ။
လေဝင်လေထွက်မကောင်းတာကလည်း စိုထိုင်းဆကို မလျော့နိုင်တဲ့ အနေအထားမို့လို့ ရောဂါဖြစ်ဖို့အတွက် အားပေးတဲ့အထဲပါပါတယ်။
အပင်တွေ ကြပ်လွန်းတာ - ကူးစက်မှုမြန်သလို လေဝင်လေထွက်မကောင်းတာ စိုထိုင်းဆကို မထိန်းနိုင်တာစတဲ့ ပြဿနာတွေ ရှိနိုင်ပါတယ်။
အပင်တွေ မှာနာနေတာ - ဒဏ်ရာသေးသေးမွှားမွှားလောက်ရှိရင်ကို ရောဂါဖြစ်စေနိုင်တဲ့သက်ရှိက အဆမတန်သေးတာမို့ အလွယ်တကူဝင်နိုင်ပါတယ်။
ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိ ခိုစရာနေရာ - အရင် အပင်အကြွင်းအကျန်တွေ၊ အခြား လက်ခံပင်တွေနဲ့ ရောဂါပိုး ခိုအောင်းနေတဲ့ မြေတွေမှာ စိုက်မယ်ဆိုရင် သတိထားရမှာဖြစ်ပါတယ်။
မိုးကြောင့်ဖြစ်တဲ့ ရောဂါတွေကို ဘယ်လို စီမံခန့်ခွဲကြမလဲ?
ခံနိုင်ရည်ရှိတဲ့ မျိုးတွေကို ရွေးချယ်လို့ရပါတယ်။ ကိုယ့်ဒေသနဲ့ကိုက်ညီတဲ့ ရောဂါဒဏ်ကို ခံနိုင်ရည်ရှိတဲ့ မျိုးတွေကို ရွေးပြီးတော့ စိုက်ပျိုးပါ။
မှန်ကန်တဲ့ ပင်ကြား တန်းကြား - အပင်တွေကြား ရှိသင့်တဲ့ လေဝင်လေထွက်ရှိနေအောင်နဲ့ အစိုဓာတ် စိုထိုင်းဆ ကိုလျော့ချနိုင်ဖို့ အတွက် မှန်ကန်တဲ့ ပင်ကြား တန်းကြားနဲ့ ထားပြီးတော့ စိုက်ပျိုးသင့်ပါတယ်။
ဘောင်ဖော်စိုက်တာ - ပုံမှန် ကွင်းအလိုက်စိုက်တာကနေ ဘောင်ဖော်ပြီး ဘောင်မြင့်မြင့်နဲ့စိုက်တာကလည်း ဘောင်အလိုက် စီမံရတာ ပိုလွယ်မှာပါ
ရေထုတ်မြောင်းတွေကောင်းအောင် - မိုးရာသီမှာ ရေတင်တာ ရေကျန်တာမရှိအောင်လို့ ရေစီးရေလာကောင်းအောင် ရေထုတ်ကောင်းအောင် လုပ်ထားသင့်ပါတယ်။
စိုက်ဘောင်ကို ဖုံးအုပ်စိုက်ပျိုးတာ - မိုးရေစက် တွေ ပြန်ကန်တာကနေ ဆိုရင် အပင်ရဲ့ ပင်စည်နဲ့ နည်းနည်း ခွာပြီး ကောက်ရိုးအုပ်တာမျိုး လုပ်ပေးလို့ရပါတယ်။
သန့်ရှင်းရေး - အရင်သီးနှံ အကျန်တွေ၊ မြက်စို မြက်ခြောက်၊ ပေါင်းမြက်တွေကို ဖယ်ရှားသန့်စင်တာပါ လုပ်နိုင်ရင်တော့ ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေ ခိုစရာနေရာ အတော် လျော့သွားမှာပါ။
အပေါ်ကနေ ရေပေး/လောင်းတာကို မလုပ်တာ - ရေကြောင့်ကူးတတ်တာမို့ အစက်ချလိုမျိုး စနစ်နဲ့ သွားတာက ပိုကောင်းပါတယ်။
ကိုင်းဖြတ်ပေးတာ - မလိုအပ်တဲ့ ကိုင်းတွေကို ထားထားနေမဲ့အစား ဖြတ်လိုက်တာမျိုးက ပိုကောင်းပါတယ်၊ မဟုတ်ရင်လည်း အောက်ဖက် အရွက်တွေကို ချွေချလိုက်တာက လေဝင်လေထွက်လည်း ပိုကောင်းလာစေပါတယ်။
သီးလှည့်စိုက်တာ - အခြား မျိုးမတူတဲ့ အပင်ကို ပြောင်းစိုက်လိုက်တာက ရောဂါဖြစ်ပွားမှုကိုလည်း လျှော့ချချိန်ရပါတယ်။ မုန်ညှင်းလိုမျိုးနဲ့ မြေကို မှိုင်းတိုက်လိုက်တာကလည်း ကောင်းတဲ့ အလေ့အကျင့်ဖြစ်ပါတယ်။
အကာအကွယ် - တစ်ချို့အချိန်တွေမှာ မှိုသတ်ဆေးနဲ့ ဘက်တီးရီးယားဆေးကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဖျန်းထားပေးလို့ရပါတယ်။
မိုးလေဝသ အခြေအနေ - မိုးလေဝသ အခြေအနေကိုလည်း ကြိုတင်ခန့်မှန်းချက်တွေကို သိထားတယ်ဆိုရင် ဆေးကြိုဖျန်းတာလိုမျိုး လုပ်ထားလို့ရပါတယ်။
တောင်သူများအားလုံးအထွက်နှုန်းတိုးကာ အောင်မြင်ပျော်ရွင်ကြပါစေခင်ဗျာ….
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “ အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ

Aqua ဘူစတာ

Aqua ကယ်လဆီယမ်
