သခွားမွှေး

Photo -

သခွားမွှေးသည် မြန်မာသခွားမသီးမျိုးနှင့် အနံ့အဆင်း ဆင်တူသော်လည်း မြန်မာသခွားမသီးမျိုး လောက် အနံ့စူးရှမှုမပြင်းထန်ဘဲ စွဲမက်ဖွယ်ကောင်းသော အနံ့ရှိပါသည်။ အချိုဓာတ်မှာ မြန်မာသခွားမသီးမျိုးထက် ပိုမိုမြင့်မားပြီး အသားမှာ စေးပိုင်နေ၍ စားသုံးရာတွင် ထူးခြားသောအရသာ ပေးစွမ်း နိုင်ပါသည်။ အချိုပွဲအဖြစ်လည်းကောင်း၊ ချက်ပြုတ်၍ လည်းကောင်း စားသုံးကြပါသည်။

မြန်မာအမည် - သခွားမွှေး

အင်္ဂလိပ်အမည် - MUSKMELON

ရုက္ခဗေဒအမည် - Cucumis melo

မျိုးရင်းအမည် - CUCURBITACEAE

၁။ မူရင်းဒေသ

အိန္ဒိယနိုင်ငံဖြစ်၍ သခွားမွှေးအား Cantalourpe ဟုလည်း လူသိများကြသည်။ အမေရိကတိုက်၊ အာရှ မိုင်းနားဒေသနှင့် မြေထဲပင်လယ်ဒေသတို့တွင် စီးပွားဖြစ်တွင်ကျယ်စွာ စိုက်ပျိုးကြသည်။

၂။ အမျိုးအစား

အသီးပုံသဏ္ဍာန်မှာ အလုံးပုံ၊ ဘဲဥပုံ၊ လုံးရှည်ပုံဟူ၍ အမျိုးမျိုးတွေ့ရပြီး အသီးခွံအရောင်မှာ အစိမ်း အနု၊ အရင့်၊ အဖြူရောင်၊ အဝါရောင်၊ ဆင်စွယ်ရောင်စသည်ဖြင့် တွေ့ရပါသည်။ အသီးခွံသည် ပြောင်ချောရှိသလို ပိုက်ကွန်သဖွယ် အကွက်များ မထင်မရှား ပါဝင်သောမျိုးနှင့် အကွက်ပေါ်လွင်ထင်ရှားသော မျိုးအဖြစ်လည်း ကောင်း အမျိုးမျိုး တွေ့ရပါသည်။

အကွက်ပေါ်လွင်သိပ်သည်းမှုပေါ် မူတည်၍ စျေးကွက်တွင် ကြိုက်နှစ်သက်မှုကွဲပြားကြောင်းတွေ့ရပါ သည်။ အဘယ် ကြောင့်ဆိုသော် ပြောင်းလဲတိုးတက်နေသော လူနေမှုအဆင့်အတန်းအရ အကွက်လှသော သခွားမွှေးအား လက်ဆောင်အဖြစ် ပေးသောဓလေ့ ထွန်းကားလာခြင်းကြောင့် ဖြစ်ပါသည်။ အတွင်းသား အရောင်မှာ အဖြူရောင်၊ ဖြူစိမ်းရောင်၊ ဆင်စွယ်ရောင်၊ လိမ္မော်နီရောင်၊ အစိမ်းရောင်ဟု အမျိုးမျိုးကွဲပြားလျက်ရှိ ပြီး ဖြူစိမ်းရောင်မှာ စျေးကွက်တွင် ဝယ်လိုအား အများဆုံးဖြစ်ပါသည်။ 

သခွားမွှေးတွင် ပါဝင်သော အစေ့များမှာ အလယ်ဗဟိုချက်တိုင်တွင် တစ်စုတစ်ဝေးတည်း တည်ရှိသည့် အတွက် စားသုံးရာတွင် အစေ့ဖယ်ရှားရလွယ်ကူပါသည်။

၃။ စိုက်ပျိုးသည့်ဒေသ

မြန်မာပြည်အနှံ့အပြားတွင် စိုက်ပျိုးနိုင်သော်လည်း သီးနှံမျိုးသစ်ဖြစ်၍ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်း ပြည်နယ်တို့တွင် စိုက်ပျိုးကြသည်ကို တွေ့ရပါသည်။

၄။ မြေနှင့် ရာသီဥတု

(၂၆-၃၀) ဒီဂရီစင်တီဂရိတ်ခန့်တွင် ကောင်းမွန်စွာ ဖြစ်ထွန်းသည်။ အပူချိန် (၁၀) ဒီဂရီ စင်တီဂရိတ်ထက် ပို၍ မကွာ ခြားသောဒေသများတွင် ကောင်းမွန်စွာ ဖြစ်ထွန်းနိုင်သည်။ pH (၆-၆.၅) ပတ်ဝန်း ကျင်တွင် ကောင်းမွန်စွာ ဖြစ်ထွန်းသည်။ ရေစီးရေလာကောင်း၍ ရေသွင်းရေထုတ် လွယ်ကူသော သဲနုန်းမြေများတွင် ကောင်းမွန်စွာ ဖြစ်ထွန်းနိုင်သည်။

၅။ မျိုးစေ့နှုန်း

တစ်ဧကလျှင် မျိုးစေ့နှုန်း (၂၀၀) ဂရမ်သုံး၍ ပျိုးထောင်ပါ။

၆။ ပျိုးထောင်ခြင်း

မျိုးစေ့များကို (၅x၇) လက်မ ပလတ်စတစ်အိတ် (သို့မဟုတ်) (၄) လက်မအချင်းရှိ ပလတ်စတစ်ပျိုးခွက် များတွင်ထည့် ၍ ပျိုးထောင်ပါ။ ပျိုးမြေသည် မြေဆီအာဟာရ ကြွယ်ဝရန်လိုသည်။ အစေ့ချချိန်မှ (၂၅) မတိုင်မီ ပြောင်းရွှေ့စိုက်ပျိုးနိုင် သည်။ ထိုအချိန်တွင် ရွက်စစ် (၂-၄) ရွက် ပြန့်နေပြီဖြစ်သည်။ 

ပျိုးခင်းတွင် ပိုးမွှားရောဂါ ကျရောက်မှုအခြေအနေကို မျက်ခြေမပြတ် စစ်ဆေးကာကွယ် နှိမ်နင်းပါ။ စိုက်ခင်းပြုပြင်ရာ တွင် ရေသွင်းရေထုတ်လွယ်ကူသော သခွားမျိုးရင်းဝင်အပင်များ ဆက်တိုက်မစိုက်ဘဲ (၃) ရာသီခန့် လှပ်ထားသောမြေတွင် စိုက်ဘောင်များဆွဲ၍ စိုက်ပျိုးနိုင်သည်။

၇။ စိုက်ပျိုးခြင်း

တန်းကြားပင်ကြား အကွာအဝေးကို (၃ x ၂) ပေ၊ (၄ x ၂) ပေ၊ (၅x ၂၁/၂) ပေ စသဖြင့် ရာသီဥတုပေါ် မူတည်၍ အမျိုးမျိုး စိုက်ပျိုးနိုင်သည်။ (၃ x ၂) ပေအကွာအဝေးဖြင့် စိုက်ပျိုးပါက တစ်ဧကလျှင် အပင် (၇၀၀၀) ကျော်ဝင်ဆန့်ပါမည်။

အပင်ကို ပြုစုစောင့်ရှောက်ရာတွင် ပင်စည်ရှိ အဆစ် (၁၁) ဆစ်၏ အောက်ရှိအဆစ်တိုင်းမှ ထွက်ရှိသော ဘေးတက်များကို ဖဲ့ပါ။ မူလပင်စည်တွင် အဆစ် (၂၅-၃၀) ဆစ် (အပင်အမြင့် ၅-၅.၅) ပေခန့် ရှိချိန်တွင် ခေါင်နှိမ်ပါ။ ဘေးတက်များကို (၃) ရွက် ချန်ဖြတ်ပါ။ အဆစ်နံပါတ် (၁၁) မှ စတင်ကာထွက်ရှိသည့် ဘေးတက်၏အဆစ်တိုင်းတွင် အသီးတင်နိုင်မည့် အပွင့်များပါရှိနိုင်ပါသည်။ အဆစ်အမှတ် (၁၁၊ ၁၂) တွင် အသီးတင်မှုမရှိပါက အစာရေစာနှင့် ရာသီဥတု သင့် တင့်မျှတခြင်း မရှိကြောင်း သိနိုင်သည်။ သို့ပါ၍ အဆစ်အမှတ် (၁၀) အောက်မှ ဘေးတက်များဖဲ့ချိန်တွင် အစာရေစာလုံ လောက်အောင် ကျွေးပေးရန် အရေးကြီး ပါသည်။

ပထမဆုံးတင်သည့် အသီးမှစတင်၍ (၃) လုံးပြည့်အထိ အသီးတင်စေပြီးနောက် အသီးမှာ တင်းနစ် ဘောလုံးခန့်ရှိချိန်တွင် တစ်ပင်တွင်ယူမည့် အသီးအရေအတွက် ဆုံးဖြတ်၍ အောက်ပါအတိုင်း ဆက်လက်ဆောင် ရွက်ပါ။

- အသီးကြီးကြီးရလိုပါက တစ်ပင်တွင် တစ်လုံးသာယူပါ။

- တစ်ပင်တွင် အများဆုံးအသီး (၂) လုံးသာ ယူသင့်ပါသည်။

- မိမိယူမည့် အသီး၏ ရှေ့မှထွက်သောအရွက် တစ်ရွက်သာချန်လှပ်၍ ယင်းကိုင်းအား ဖြတ်ပါ။

- ပြီးလျှင် တစ်ပင်လုံးရှိ ကျန်အပွင့်အသီးများ အားလုံးခြွေပစ်ပါ။ အချို့ သခွားမွှေးပြောင်မျိုးများတွင် အသီးခြွေရန်မလိုဘဲ တင်ရှိသော အသီးများအားလုံးယူရန် ဖြစ်သည်။

- သီးထိုးယင် ကျရောက်တတ်သော စိုက်ခင်းများတွင် အသီး တင်းနစ်ဘောလုံးခန့် ရှိချိန်မှစ၍ သတင်းစာစက္ကူအိတ်ဖြင့် စွပ်ပေးခြင်းဖြင့် အသီးပျက်စီးမှု မဖြစ်ပေါ်နိုင်ပါ။

၈။ မြေသြဇာကျွေးနည်း 

ပြောင်းရွှေ့မစိုက်မီ တစ်ဧကတွင် မြေခံအဖြစ် မဖြစ်မနေ ထည့်သွင်းရန်နှုန်းထားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ယူရီးယား - ၁၁၂ ပေါင် (၂) အိတ်

တီစူပါ - ၁၁၂ ေါပင် (၁) အိတ်

ပိုတက်ရှ်- ၁၁၂ ပေါင် (၁) အိတ် 

ပန်းစပွင့်ချိန်တွင် တစ်ကြိမ်နှင့် အသီးတင်ပြီး (၁၀) ရက်ခန့်တွင် တစ်ကြိမ် တစ်ဧကအတွက် စုစုပေါင်း ယူရီးယား (၂)အိတ်၊ တီစူပါ (၁) အိတ်နှင့် ပိုတက် (၁) အိတ်တို့ကို ထပ်မံကျွေးရန် လိုအပ်ပါသည်။

၉။ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း

ဘူးဖရုံကျိုင်း (ဝါနီရောင်) Thrips များ၊ သစ်သီးယင်များ ကျရောက်မှုကို အများဆုံးတွေ့ရပါသည်။ ပိုးသတ်ဆေးများအဖြစ် ဆိုက်ပါမီသရင် (Cypermethrin) , ဆမ်ဘုရှ် (Cymbush), ဒီဆစ် (Decis), နျူဗာကရွန် (Nuvacron) စသည်တို့ကို ရေအဆ (၄၅၀) ရောကာ (၅) ရက်တစ်ကြိမ် ပက်ဖျန်းခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

ရောဂါအနေဖြင့် ရွက်ညိုပြောက်ရောဂါ၊ သံချေးရောဂါ၊ ပင်စည်နှင့် သီးပုပ်ရောဂါတို့ကို ရောက်တတ်သဖြင့် တော့ပ်စင်(Topsin), ဒက်နွိုင်း(Decnoil), ရီဒိုမိုင်း(Ridomyl) တို့ကို ရေအဆ (၇၀၀) နှင့် ရော၍ (၅) ရက် တစ်ကြိမ် အလှည့်ကျ ပက်ဖျန်း ကာကွယ်နိုင်ပါသည်။

၁၀။ ဆွတ်ခူးခြင်း

ပန်းပွင့်ပြီး (၃၅ - ၄၇) ရက်တွင် အသီးညှာထိပ်ရှိ နှာမောင်းများ ခြောက်လာမည်။ ရပ်ဝေးသို့ သယ်ယူ မည်ဆိုပါက ထိုအချိန်တွင် ခူးဆွတ်ရန် လိုအပ်ပါသည်။ စိုက်ခင်းမှ စျေးကွက်သို့ အချိန်တိုတိုနှင့် ရောက်ရှိနိုင်မည်ဆိုပါက သီးညှာတဝိုက် အဝါရောင်သန်းချိန် အနံ့စတင် ထွက်ပေါ်လာချိန်တွင် ခူးဆွတ်ခြင်းနှင့် အရည်အသွေးမြင့်မားသော အသီးကို ဒဏ်ရာရခြင်းမှ ကာကွယ်ရန် သတင်းစာဖြင့် ထုတ်ပိုးပို့ဆောင်ရန် လိုအပ်ပါသည်။ 

စိုက်ပျိုးရေးဦးစီးဌာန

 



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  ဆိုရိုးစကား  

" နိုင်ငံဖွံ့ဖြိုးတိုးတက်လာလေလေ အသားစားမှုနှုန်းမြင့်တက်လာလေ ဖြစ်သည် "