နိုက်ထရိုဂျင်မြေသြဇာ လီ၍သုံးစွဲပါ

21/09/2020 15:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

    မိုးစပါးအတွက် ပြောလိုတာဖြစ်ပါသည်။ နိုင်ငံအတွင်း အဓိကထားစိုက်ပျိုးတာက မနောသုခ၊ ဆင်းသုခ၊ ရွှေဝါထွန်း၊ ဆင်းသွယ်လတ်၊ ဧရာမင်း၊ ကျော်ဇေယျ၊ ဆင်းဧကရီ-၃၊ သီးထပ်ရင်၊ ရွှေသွယ်ရင်၊ ရတနာတိုး စသည့်အထွက်ကောင်းစပါးမျိုးတွေ ဖြစ်သည်။ 

    အထွက်ကောင်းစပါးမျိုးများသည် မြေသြဇာကျွေးသည်နှင့်အမျှ မြေသြဇာအပေါ်တုံ့ပြန်သည့် စပါးအထွက်ကို ပေးစွမ်းနိုင်ကြသည်။ သင့်တင့်မှန်ကန်သောမြေသြဇာကို ကျွေးရမည်။ နှုန်းထားမှန်ရမည်။ အချိန်ကိုက်သုံးစွဲရမည်။ သို့မှသာ စပါးမျိုး၏ မြင့်မားသောအထွက်နှုန်းစွမ်းရည်ကို ရရှိနိုင်မည်ဖြစ်သည်။ 

    ယခုကဲ့သို့ မိုးရာသီ စပါးစိုက်ပျိုးပြီး အပင်လုပ်ချိန်တွင် ကျွေးသင့်သည့်မြေသြဇာမှာ နိုက်ထရိုဂျင်မြေသြဇာဖြစ်ကြောင်း အသိပေးလိုပါသည်။

    နိုက်ထရိုဂျင်သည် စပါးပင်ကြီးထွားဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓါတ်ဖြစ်သည်။ နိုက်ထရိုဂျင်အာဟာရဓါတ်တစ်မျိုးတည်းသာ ရရှိရေးအတွက် တိုင်းဒေသကြီး/ မြို့နယ်အသီးသီးတွင် နိုက်ထရိုဂျင်ဓာတ်မြေသြဇာအမျိုးမျိုးကို အလွယ်တစ်ကူ ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။ ထို့ကြောင့် စပါးအထွက်နှုန်းမြင့်မားရန် စပါးပင်အတွက် လိုအပ်သော နိုက်ထရိုဂျင်အာဟာရကို ဖြည့်ဆည်းပေးသင့်ပါသည်။

စပါးမျိုးအုပ်စုအလိုက် ကျွေးသင့်သည့်အချိန်

    နိုက်ထရိုဂျင်ပါသော ဓာတ်မြေသြဇာများကို သုံးစွဲရာတွင် ထည့်ပေးသမျှ အာဟာရပမာဏကို စပါးပင်က အပြည့်အဝရရှိနိုင်ခြင်းမရှိပါ။ ထို့ကြောင့် တစ်ကြိမ်တည်းကျွေးပေးရုံဖြင့် မလုံလောက်နိုင်ပါ။ မြေသြဇာ၏ အကျိုးအာနိသင် အပြည့်အဝကို ရရှိစေရန် အကြိမ်ကြိမ်လီ၍ ခွဲဝေကျွေးပေးသင့်ကြောင်း အသိပေးလိုပါသည်။

    အထွက်ကောင်းစပါးမျိုးအားလုံးသည် သက်တမ်းရက်အလိုက် သီးပွင့်ရင့်မှည့်သည့် စပါးမျိုးချည်းဖြစ်သည်။ အသက်ရက်အလိုက် အုပ်စုခွဲခြားကြည့်ပါက သက်လတ်နှင့် သက်လျင်စပါးမျိုးများဖြစ်ပြီး အများစုစိုက်ပျိုးသည်မှာ သက်လတ်စပါးမျိုးအုပ်စုဖြစ်သည်။ သက်လျင်၊ သက်လတ်စပါးမျိုးအုပ်စုအပေါ်  မူတည်ပြီး နိုက်ထရိုဂျင်ဓါတ်မြေသြဇာကို ကျွေးပေးရန် ဖြစ်ပါသည်။

    စိုက်ပျိုးထားသည့် အထွက်ကောင်းစပါးမျိုးများအနက် သီးထပ်ရင်၊ ရွှေသွယ်ရင်၊ ရတနာတိုး စသည့် သက်လျင်စပါးမျိုးများကို နိုက်ထရိုဂျင်ဓာတ်မြေသြဇာကျွေးရာ၌ သုံးကြိမ်လီ၍ ကျွေးပေးသင့်ကြောင်း ထောက်ခံထားသည်။ ထိုအချိန်များမှာ- 

(၁) ကောက်ပင်လှန်ချိန် 

(၂) အပင်ပွားချိန်နှင့် 

(၃) အနှံထွက်ချိန် တို့ဖြစ်ကြောင်း သိရသည်။ မြေအမျိုးအစားအလိုက် ထည့်သွင်းပေးရမည့် မြေသြဇာ၏ သုံးပုံတစ်ပုံစီကို သုံးကြိမ်လီ၍ ကျွေးပေးသင့်သည်ဟု သိရပါသည်။

    မနောသုခ၊ ဆင်းသုခ စသည့် သက်လတ်အထွက်ကောင်း စပါးမျိုးများတွင်မူ နိုက်ထရိုဂျင်ဓာတ်မြေသြဇာကို လေးကြိမ်လီ၍ ကျွေးသင့်သည်ဟု ဆိုပါသည်။ 

(၁)ကောက်ပင်လှန်ချိန် 

(၂)အပင်ပွားချိန် 

(၃)အနှံလောင်းဖြစ်တည်ချိန်နှင့် 

(၄)အနှံထွက်ချိန်တို့တွင်ဖြစ်သည်။ ထည့်သွင်း ပေးမည့် မြေသြဇာ၏ လေးပုံတစ်ပုံစီကို လေးကြိမ်လီ၍ ကျွေးပေးရန်ဖြစ်ပါသည်။

လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေး

    နိုက်ထရိုဂျင်အာဟာရဓာတ်က ဆုံးရှုံးလွယ်သည်။ မဆုံးရှုံးစေဘဲ စပါးပင်ကသာ အာဟာရတွေကို ဖြစ်နိုင်သရွေ့ များများရရှိစေလိုသည်။ မြေဆီလွှာပညာရှင်များက အကြိမ်ကြိမ်နှိုးဆော်သည်ကို မှတ်မိနေသေးသည်။ 

    သက်လျင်စပါးမျိုးကိုဖြစ်စေ၊ သက်လတ်စပါးမျိုးကိုဖြစ်စေ နိုက်ထရိုဂျင်မြေသြဇာကို လီ၍ကျွေးတိုင်း မဖြစ်မနေပြုလုပ်သင့်သည့်အချက်ရှိသည်။ ၄င်းမှာ ထုထည်တူ မြေဆွေး (သို့မဟုတ်) နွားချေးဆွေးနှင့် သမအောင်ရောစပ်၍ တစ်ညသိပ်နှပ်ထားရသည်။ နောက်နေ့တွင်မှ စပါးစိုက်ခင်းအတွင်း ညီညာစွာကြဲပက်ရန်ပင်ဖြစ်ပါသည်။

မြေသြဇာအကျိုးရှိစေရေး

    အကြိမ်ကြိမ်လီ၍ နိုက်ထရိုဂျင်ဓာတ်မြေသြဇာကို ကြဲပက်ချိန်တွင် သတိမူ ဂရုစိုက်သင့်သည်များရှိသည်။ ထိရောက်စေဖို့ ငွေကုန်သည်လောက် အကျိုးရှိစေဖို့ဖြစ်သည်။ စပါးစိုက်ခင်းအတွင်း ပေါင်းမြက်ပင်များရှိမရှိ ဦးစွာစစ်ဆေးသင့်သည်။ ပေါင်းမြက်ပင်များက စပါးသီးနှံအတွက် ကျွေးပေးလိုက်သော နိုက်ထရိုဂျင်ကို ယှဉ်ပြိုင်လုယူစားသုံးနိုင်သည်။ ပေါင်းမြက် ကင်းစင်အောင် နှိမ်နင်းပြီးမှသာ မြေသြဇာကို ကျွေးပေးသင့်ပါသည်။

    လယ်ကန်သင်းများကို လုံအောင် သေသေချာချာ စစ်ဆေးပြုပြင်ရန်လိုသည်။ စိုက်ခင်းအတွင်း ထည့်ပေးလိုက်သော မြေသြဇာများ အရည်ပျော်ကာ ကန်သင်းကျိုးပေါက်ခြင်းကြောင့် စီးရေနှင့်အတူ မျောပါသွားပြီး မဆုံးရှုံးစေရန်ဖြစ်ပါသည်။   

    ဓာတ်မြေသြဇာကြဲပက်ချိန်တွင် စိုက်ခင်းအတွင်း ရေအနက်မှာ နှစ်လက်ခန့်သာ ရှိသင့် သည်။ ထို့ပြင် စိုက်ခင်းရေမပြတ်စေရန်လည်း ဂရုစိုက်ပေးရန်လိုသည်။ ရေပြတ်သွားပါက မြေဆီလွှာတွင် လေအစားထိုးဝင်ရောက်လာသောကြောင့် လေနှင့်အတူ မြေသြဇာအာဟာရ သည် အငွေ့အဖြစ် ဆုံးရှုံးနိုင်သည်။ အကယ်၍ ခြောက်သွေ့ပြီး ပတ်ကြားအက်ပါက နိုက်ထရိုဂျင်သည် အငွေ့အဖြစ် ပို၍ဆုံးရှုံးနိုင်ပါသည်။ 

    မိုးသီးထန်စွာရွာမည့်အခြေအနေ ရှိပါက ကြဲပက်ခြင်းမပြုသင့်သေးပေ။ မိုးကြီးကြောင့် လျှံရေနှင့်အတူ မြေသြဇာများ မျောပါမသွားစေရန် ဖြစ်ပါသည်။ 

    ဤသို့ သတိမူသင့်သည်များကို လိုက်နာဆောင်ရွက်ပြီး နည်းစနစ်မှန်စွာ နိုက်ထရိုဂျင်  မြေသြဇာကို လီ၍ကျွေးခြင်းဖြင့် မြေသြဇာကုန်ကျစရိတ်ကို ၁၀ မှ ၁၅ ရာခိုင်နှုန်း သက်သာစေသည့်အပြင် တစ်ဧကစပါးအထွက်ကို ၁၇ ရာခိုင်နှုန်းအထိ ပို၍ ထွက်နိုင်စွမ်းရှိကြောင်း ထောက်ခံထားမှုကို အသိပေးရေးသားတင်ပြလိုက်ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်