ရှမ်းပြည်နယ်တွင် ကျရောက်လျှက်ရှိသော ငမြှောင်တောင်ပိုးသည် Fall Armyworm (FAW) မဟုတ်ပါကြောင်း နှင့် ပြည်တွင်း၌ ရှိပြီးသော ငမြှောင်တောင်အမျိုးအစားများသာဖြစ်ကြောင်း

27/08/2018 16:38 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ သိန်းနီ၊ လားရှိုးမြို့နယ်တို့တွင် ဆိုးရွာစွာကျရောက်နေ သော ငမြှောင်တောင်ပိုးများသည် သီးနှံကာကွယ်ရေး ဌာနခွဲ၊ အင်းဆက်ဖျက်ပိုးပညာရှင် (Entomologist) များ၏ စစ်ဆေးတွေ့ရှိချက်များအရ ယခင်မြန်မာနိုင်ငံအတွင်း ရှိပြီးသော Spodoptrea spp. မျိုစိတ်များပင်ဖြစ်ကြောင်း တွေ့ရှိခဲ့ပါသည်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများရှိ စိုက်ပျိုးသီးနှံများတွင် ကျရောက်လျှက်ရှိ သော အစားကြီးသည့် ဖျက်ပိုးအမျိုးအစား ဖြစ်ပါသည်။ ရာသီဥတု ပြောင်းလဲမှု (ဖောက်ပြန်မှု) အခြေအနေများ ကြောင့် ဆိုးရွားစွာကျရောက်မှု အခြေအနေများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။ ခြောက်သွေ့ကာလပြီးနောက် မိုးသည်းထန်စွာရွာခြင်းနှင့် ငမြှောင်တောင်ပိုး ကြိုက်နှစ်သက်သည့် ပြောင်းသီးနှံများ ပေါမျာစွာ ရှိနေခြင်းသည် ဆိုးရွားသော ဖျက်ပိုးကျရောက်မှု အခြေအနေကို ဖြစ်ပေါ်စေခဲ့ပါသည်။ အမျိုးအစား ခွဲခြားစစ်ဆေးတွေ့ရှိရသော ငမြှောင်တောင် မျိုးစိတ်မှာ Spodoptera litura နှင့် Spodoptera exempta တို့ ဖြစ်ပါသည်။

၁။ ရှမ်းပြည်နယ် (မြောက်)ပိုင်း၊ လားရှိုးမြို့နယ်၊ ခါးသျှိကျေးရွာရှိ ပြောင်းသီးနှံတွင် ကျရောက်ဖျက်ဆီးသော Spodoptera မျိုးစိတ်များ (ငမြှောင်တောင်)

အင်္ဂလိပ်အမည် - Armyworm

မြန်မာအမည် - ငမြှောင်တောင်

သိပ္ပံအမည် - Spodoptera litura

စားသောက်ပုံ - ကိုက်ဖြတ်ခြစ်စားသည်။ 

၁။ လောက်ကောင်၏ ဦးခေါင်းတွင် အင်္ဂလိပ်အက္ခရာ (Y) ပြောင်းပြန်ပုံသဏ္ဍာန်ရှိခြင်း။

၂။ ကျောပေါ်တွင် အနက်ရောင်အကွက်များရှိပြီး အဆစ်နံပါတ် (၁ နှင့် ၈) တွင် ရှိသော အနက်ကွက်တို့သည် ကျန်သည့်အကွက်များထက် ပို၍ကြီးပြီး ထင်းရှားခြင်း။

၃။ အဆစ်နံပါတ် (၁) ပေါ်ရှိ အနက်ကွက်သည် ဘေးဘက်အစင်းကြောင်းပေါ်တွင် တည်ရှိနေသည့်အတွက် ဘေးစင်းကြောင်း ပြတ်တောက်နေခြင်း။

၄။ ရင်အုပ်ပိုင်းအဆစ် (၂ နှင့် ၃) ပေါ်ရှိ အနက်ရောင်အကွက်၏ အောက်ခြေတွင် အဝါရောင်အစက်ငယ်များ ပါရှိခြင်းတို့ကြောင့် Spodoptera litura ဟု အတည်ပြုပါသည်။

(Ref: 1. Passoa, S.C.2004,2. OEPP/EPPO.Bulletin,2015)

၂။ ရှမ်းပြည်နယ် (မြောက်) လားရှိုးမြို့နယ်၊ ခါးသျှိကျေးရွာ သိန်းနီမြို့နယ်၊ ပန့်ခန်းကျေးရွာနှင့် သီပေါမြို့နယ်၊ မိုင်းလင်းကျေးရွာနှင့် ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာများရှိ ပြောင်းသီးနှံတွင် ကျရောက်ဖျက်ဆီး လျှက်ရှိသော  Spodoptera မျိုးစိတ်များ

အင်္ဂလိပ်အမည် - Black Armyworm/African Armyworm

မြန်မာအမည် - ငမြှောင်တောင်

သိပ္ပံအမည် - Spodoptera exempta

စားသောက်ပုံ - ကိုက်ဖြတ်ခြစ်စားသည်။ 

(၁) ကျောဘက်သည် အနက်ရောက်ရှိပြီး ဘေးဘက်သည် အရောင်ဖျော့သော အစင်းများရှိခြင်း။

(၂) အစိမ်းရောင် (သို့) အဝါရောင် ဝမ်းဗိုက်ရှိခြင်း။

(၃) ခန္ဓာကိုယ်ပေါ်တွင် အမွှေးမရှိခြင်း။

(၄) မေးရိုးတွင် လွှသွားကဲ့သို့ အသွားများ မပါရှိခြင်းတို့ကြောင့် Spodoptera exempta ဟု အတည်ပြုပါသည်။

(Ref: Passoa,S.C.2014,2.www.daf.qld.gov.au)

ကျရောက်သည့် သီးနှံ

ဝါ၊ မြေပဲ၊ ပြောင်း၊ စပါး၊ အာလူး၊ ကန်စွန်းဥ၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်နှင့် အလှစိုက် ပန်းမန်ပင်များ။

ကျရောက်သည့် အချိန်

ပျိုးပင်ငယ်အဆင့်မှ ရိတ်သိမ်းချိန်ထိ ကျရောက်တတ်သည်။

ဖျက်ဆီးပုံ လက္ခဏာ

ဥမှ ပိုးလောက်ကောင်များသည် အရွက်အစိမ်းသားများကို ခြစ်စားရာမှ ကြီးလာသော် အပင်အစိတ်အပိုင်းများကို ကိုက်ဖြတ်စားသောက်သဖြင့် အပင်ငုတ်တိုသာကျန်ပြီး နွားစားထားသကဲ့သို့လည်းကောင်း၊ တံစဉ်ဖြင့် ရိတ်ထား သကဲ့သို့လည်းကောင်း တွေ့ရသည်။ လောက်ကောင်များသည် နံနက်စောစောနှင့် ညအချိန်များတွင် အပင်ကို ဖျက် ဆီးပြီး နေ့အချိန်များတွင် ခိုအောင်းနေသည်။ ရာသီဥတု အုံ့မှိုင်းနေသော အခြေအနေတွင် နေ့အချိန်များတွင်လည်း တွေ့ရတတ်သည်။

ရှမ်းပြည်နယ်ရှိ ပြောင်းခင်းများတွင် ကျရောက်နေသော ငမြှောင်တောင်ပိုးများ၏ ဖျက်ဆီးထားပုံများ 

ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းနည်းလမ်းများ

၁။ စိုက်ခင်းပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကို ရှင်းလင်းပါ။

၂။ စိုက်ပျိုးချိန်နောက်ကျခြင်းကို ရှောင်ပါ။

၃။ သက်တမ်းတူသော မျိုးများကို စိုက်ချိန်တစ်ပြိုင်နက်တည်း စိုက်ပျိုးနိုင်အောင် ကြိုးစားပါ။

၄။ ပိုတက်ရှ်မြေသြဇာကို မဖြစ်မနေ ထည့်ပေးပါ။

၆။ ဥမြုံများနှင့် လောက်ကောင်များအား လူထုအင်းအားဖြင့် ကောက်ယူဖျက်ဆီးခြင်းများ ပြုလုပ်ပေးပါ။

၇။ လောက်ကောင်များခြောက်၍ သေစေရန်အတွက် ပင်စည်ကို ဝိုင်း၍ ထွက်သည့် အရွက်များတွင် ပြာမှုန့်၊ သဲမှုန့် နှင့် လွှစာမှုန့်များ၊ ထုံး၊ ဆားနှင့် အဝတ်လျှော်ဆပ်ပြာ ထည့်ပေးပါ။

၈။ လောက်ကောင်သည် အတွင်းတွင် ဝင်ရောက်စားသောက်တတ်သောကြောင့် ဆေးဖြန်းမည်ဆိုပါက ၎င်းနေရာ သို့ရောက်အောင် ဂရုပြု၍ ဆေးဖြန်းပါ။

၉။ သဘာဝ ပိုးနှင်ဆေး/ပိုးပြေးဆေး (တမာ၊ ငရုတ်၊ ဆေးရွက်ကြီး) များ ပတ်ဖြန်းပေးပါ။

၁၀။ စိုက်ခင်းအတွင်းရှိ မိတ်ဆွေပိုးများဖြစ်သော ပုရွက်ဆိတ်၊ လိပ်ခုံးကျိုင်း၊ အတောင်မာကျိုင်း၊ နဖာချေးပိုး၊ ပုဇဉ်း၊ ပင့်ကူ၊ ငှက်နှင့် နဂျီအုပ်စုဝင် ကပ်ပါးများ ထိန်းသိမ်းပေးပါ။

၁၁။ ရုပ်ဖုံးသည် မြေကြီးအတွင်းတွင် နေထိုင်တတ်သော သဘာဝရှိသဖြင့် နောက်သီးနှံမစိုက်ပျိုးမီ မြေပြင်စဉ် အချိန်ထဲက မြေတွင်းသို့ ဓာတု ပိုးသတ်ဆေးတမျိုးမျိုး (e.g chlorpyrifos 15 g)ထည့်၍ ရုပ်ဖုံးများ သေစေရန် ပြုလုပ်ပါ။

၁၂။ ငမြှောင်တောင်ပိုးမကျရောက်သေးသည့် အခြားစိုက်ခင်းများသို့ မကူးစက်စေရန် စိုက်ခင်းအား အမြဲမပြတ် စောင့်ကြည့်၍ ဂရုပြုကာကွယ်ပါ။

၁၃။ ဖျက်ပိုးကျရောက်မှုအား ကြိုတင်ကာကွယ်နိုင်ပါရန် ပြောင်းသီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ပျိုးခြင်းအား ရှောင်ကြဉ်၍ ပန်းနှမ်း၊ ပီလောပီနံတို့နှင့် သီးလှည့် စိုက်ပျိုးခြင်းအား ပြုလုပ်ပေးပါ။ 

မှတ်ချက်။      ။ မိမိစိုက်ခင်းကို ၂ ရက် ၃ ရက် တစ်ကြိမ် ပုံမှန်စစ်ဆေးပြီး ဥမြုံများနှင့် ဥမှ ပေါက်ခါစ လောက်ကောင် အစုအဝေးများအား လက်ဖြင့်ကောက်ယူဖျက်ဆီးခြင်းနည်းသည် ထိရောက်သော နည်းလမ်းဖြစ်ပါ သည်။ လူထုအင်းအားဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက ပိုးသတ်ဆေးမဖြန်းမီ စိုက်ခင်းအတွင်းရှိ ပိုးလောက်ကောင် ကြီးများကို ကောက်ယူဖျက်ဆီးပြီးမှ ဆေးဖြန်းခြင်းအား ဆောင်ရွက်သင့်ပါသည်။

(၂) ပိုးသတ်ဆေးယဉ်ပါးမှုများ မဖြစ်ပေါ်စေရန် အညွှန်းစာ၌ ပါသော ညွှန်ကြားချက်များအား အတိအ ကျ လိုက်နာပါရန်၊ အတူညီသော ဆေးအုပ်စုများအား အလှည့်ကျ သုံးစွဲရန် လိုအပ်ပါသည်။

(၃) ပိုးသတ်ဆေးသုံးစွဲမှု ထိရောက်စေရန်အတွက် နံနက်စောစောနှင့် ညနေပိုင်း အချိန်များတွင်သာ ဖြန်းခြင်းကို ပြုလုပ်သင့်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနစိတ်

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်