နယ်သာလန်နိုင်ငံရဲ့ အွန်လိုင်းစျေးကွက်

21/11/2018 15:30 PM တွင် Khin Sandar Nyunt Khin Sandar Nyunt မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စက်မှုအခြေပြု အကြီးစားစိုက်ပျိုးထုတ်လုပ်ရေးရဲ့ လွှမ်းမိုးမှုအောက်မှာ အသေးစား တနိုင်စိုက်ပျိုးထုတ်လုပ်သူတွေ ဈေးကွက်ရအောင် ဘယ်လိုရပ်တည်ကြသလဲ၊ အထူးသဖြင့် ဂေဟစနစ်ကိုမထိခိုက်စေတဲ့ ဇီဝစုံ၊ အမယ်စုံ ဓာတုလွတ် စိုက်ပျိုးရေးတောင်သူတွေရဲ့ ဈေးကွက်ပုံစံ ဘယ်လိုရှိသလဲဆိုတာကို စူးစမ်းမိပါတယ်။ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ သမားရိုးကျ အစားအစားထုတ်လုပ်မှုပုံစံဟာ သီးနှံတစ်မျိုးတည်းကို အကြီးစားစိုက်ပျိုးထုတ်လုပ်တဲ့ပုံစံနဲ့ သွားပါတယ်။ အဲ့ဒီအတွက် စွမ်းအင်၊ စက်ပစ္စည်းကိရိယာ၊ နေရာ၊ ဓာတုဆေးတွေကို အားပြုစိုက်ထုတ်ရပါတယ်။ များများထုတ်၊ ဈေးကွက်ကြီးကြီး၊ ဈေးချိုချို၊ များများစား ဆိုတဲ့အခင်းအကျင်းကိုဖော်ဆောင်ပါတယ်။ ဈေးကွက်လွှမ်းမိုးချုပ်ကိုင်မှုကို အခြေခံပြီး လည်ပတ်ပါတယ်။ အဲ့ဒီအတွက် သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးကိုထိခိုက်စေတဲ့အပြင် အသေးစား တနိုင်စိုက်ပျိုး ထုတ်လုပ်သူတွေအတွက် ဈေးကွက်ကျဉ်းစေပါတယ်၊ ရပ်တည်ရခက်ခဲစေပါတယ်။ ကုမ္ဗဏီတစ်ခု နှစ်ခုလောက်ရဲ့ ဈေးသက်သက်သာသာနဲ့ အသီးအနှံ၊ စားသောက်ကုန်တွေအစုံရတဲ့ စူပါမားကတ်တွေ နေရာတိုင်းမှာ လွယ်လွယ်ကူကူ ရှိကြတဲ့အတွက် ဓာတုလွတ် တနိုင်စိုက်ပျိုးထုတ်လုပ်သူတွေအနေနဲ့ ကိုယ်ပိုင်ဈေးကွက်ရအောင် ရုန်းကန်ကြရပါတယ်။

နယ်သာလန်မှာ ကျောင်းတက်နေစဉ်ကာလအတွင်း ဓာတုလွတ် အသေးစားစိုက်ပျိုးရေးခြံတွေမှာ အလုပ်သင်အနေနဲ့ရော အားလပ်ရက် လုပ်အားပေးအနေနဲ့ပါ တတ်နိုင်သလောက်လေ့လာဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံဟာ မြေယာ အကျယ်အဝန်းနဲ့ လုပ်သားအရေအတွက်လျော့ချနိုင်တဲ့ နည်းပညာမြင့် စိုက်ပျိုးရေးတွေကို အဓိကထား လုပ်ဆောင်ပါတယ်။ ၂၀၁၀ ခုနှစ် စိုက်ပျိုးရေး စာရင်းအင်းအချက်အလက်အရ နိုင်ငံရဲ့မြေယာ သုံးပုံနှစ်ပုံခန့်ဟာ ပင်မစိုက်ပျိုးရေးနဲ့၊ သစ်သီးဝလံ ဥယျာဉ်ပန်းမန်စိုက်ပျိုးရေးကို လုပ်ဆောင်ကြပါတယ်။ မေးမြန်းချက်များအရ အကြမ်းဖျဉ်းအားဖြင့် အသေးစား စိုက်ပျိုးထုတ်လုပ်သူတောင်သူ ၁၃၀ ဝန်းကျင်ခန့်ရှိတယ်လို့ဆိုပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ဓာတုလွတ် အသေးစား စိုက်ပျိုးထုတ်လုပ်သူ တောင်သူကွန်ရက်မှာတော့ ပုံမှန်အားဖြင့် တောင်သူ အယောက် ၃၀ ဝန်းကျင်ခန့် တစ်နှစ် ၂ ကြိမ် ပုံမှန်စုဝေးကြပါတယ်။

ပထမဈေးကွက် ပုံစံကတော့ အွန်လိုင်းဈေးဆိုင် (web-shop) မှာ ပစ္စည်းမှာပြီး သတ်မှတ်နေရာ၊ သတ်မှတ်အချိန် (pick-up points) တွေမှာ ကိုယ်တိုင်လာယူတဲ့စနစ်ပါ။ ကျွန်မအလုပ်သင်အနေနဲ့ လေ့လာဖြစ်တဲ့ စိုက်ပျိုးရေးခြံ (`N Groene Kans ) က ဒီနည်းကို သုံးပါတယ်။ ၂ ဟတ်တာရှိပါတယ်။ Utrecht မြို့အပြင်ဖက်မှာ တည်ရှိပါတယ်။ အသီးအနှံ အမျိုးပေါင်း ၄၀ နီးပါးစိုက်ပျိုးရောင်းချပါတယ်။ အင်္ဂါနေ့ နဲ့ ကြာသပတေးနေ့တွေဟာ ပစ္စည်းပို့ရက်ဖြစ်သလို၊ အသီးအနှံခူးရက်လည်း ဖြစ်ပါတယ်။ အဆိုပါပစ္စည်းပို့ရက် မတိုင်ခင် ကြိုမှာရပါတယ်။ ပစ္စည်းလာယူလို့ရတဲ့ စုရပ်နေရာ (pick-up point)၊ အချိန်သတ်မှတ်ထားပါတယ်။ ယခုစိုက်ပျိုးရေးခြံကတော့ Utrecht မြို့နား ၂နေရာ၊ အနီအနားရွာတွေမှာ ၂ နေရာနဲ့ ခြံရှေ့စင်နဲ့ဆို စုစုပေါင်း ၅ နေရာထားပါတယ်။ စုရပ်နေရာက အထူးအဆန်းမဟုတ်လှပါဘူး။ အိမ်တွေရဲ့ အိမ်ရှေ့ ဝင်ပေါက်ထောင့်နား ဒါမှမဟုတ် ခြံဝင်းထဲအရိပ်ရှိတဲ့နေရာမျိုး ဒါမှမဟုတ် ခြံရှေ့ ဂိုထောင်ရုံအသေးလေးထဲပါ။ အိမ်ရှင်ရဲ့ အဆင်ပြေတဲ့နေရာမျိုးမှာပါ။ အိမ်ရှင်တွေက စေတနာသက်သက်နဲ့ သဘောတူကူညီကြတာပါ။ နေရာအသုံးပြုခ ငွေကြေးပေးစရာမလိုပါဘူး။

ပိုက်ဆံပေးချေပုံကတော့ သတ်မှတ်ပိုက်ဆံပမာဏရောက်ရင် ဘောင်ချာကို အွန်လိုင်းပရိုဂရမ်က သက်ဆိုင်ရာ ဈေးဝယ်သူဆီကို အကြောင်းကြားပါတယ်။ အဲ့ဒီအခါ ဈေးဝယ်သူက ဘဏ်ကနေလွှဲပါတယ်။ လက်ရှိ Groene Kans ရဲ့ အွန်လိုင်းဈေးဆိုင်ကတော့ ပစ္စည်းမှာတာ ယူရို ၅၀ တစ်ခါ ဘောင်ချာဖြတ်ပါတယ်။ ခြုံပြောရရင် ဒီစနစ်က ဓာတုလွတ်အသီးအနှံကိုအားပေးသူတွေအနေနဲ့ အွန်လိုင်းကနေ လိုသလောက် အလွယ်တကူမှာလို့ရအောင် လုပ်ထားတာပါ။ ဒီစနစ်ရဲ့ အားသာချက်တွေက ရောင်းသူနှင့်ဝယ်သူ ပုံမှန်ချိတ်ဆက်ရာ လမ်းကြောင်းတစ်ခုအဖြစ်ရှိနေစေတယ်၊ ခြံထဲက ထွက်သလောက်သာ အွန်လိုင်းဈေးဆိုင်မှာ ဖော်ပြထားနိုင်တဲ့အတွက် သမားရိုးကျဈေးတွေလို ရောင်းကုန်နည်း၍၊ များ၍ဆိုပြီး ဆိုင်ခင်းမလှမှာ ပူပန်နေစရာမလို၊ မှာသလောက်သာ ခူးစရာလိုတဲ့အတွက် အသီးအနှံအလေအလွင့်မရှိအောင် စီမံနိုင်တယ်၊ ဒါ့အပြင် သီးနှံ အညှက် အပဲ့စတဲ့ ရောင်းတန်းမလှတဲ့ အသီအနှံမျိုးဆိုလျှင်လည်း အွန်လိုင်းဈေးဆိုင်ရဲ့ သက်ဆိုင်ရာ အသီးအနှံပုံရဲ့ မှတ်ချက်ပြုတဲ့နေရာမှာ ကီလိုဘယ်လောက်သာရှိကြောင်း၊ အနည်းငယ်အရွယ်သေးကြောင်း၊ လျော့ဈေးဘယ်လောက်နဲ့ရောင်းပါကြောင်း စသဖြင့်ဖော်ပြထားတဲ့အတွက် ရောင်းတန်းမဝင်တဲ့ အသီအနှံလည်း ရောင်းထွက်တယ်၊ အလေအလွင့်မဖြစ်ပါ။ သမားရိုးကျ ဈေးရောင်းဈေးဝယ်ပြုရာမှာတော့ ရောင်းကုန်အမြင်လှအောင်၊ ဈေးရအောင် သီးနှံအချောအလှတွေကိုသာ ရောင်းတန်းဝင်အနေနဲ့ ဆိုင်ပေါ်တင်ရောင်းကြတယ်၊ အဲ့ဒီအတွက် အခြားအညှက်အပဲ့ သီးနှံတွေအတွက် နေရာမရှိဘူး၊ အလေအလွင့်ဖြစ်ကုန်တယ်။ အွန်လိုင်းဈေးဆိုင်စနစ်မှာတော့ အဲ့ဒါကို ထိန်းစေနိုင်တယ်။ ဒါဟာ အွန်လိုင်းဈေးဆိုင်ရဲ့ အားသာချက်လည်းဖြစ်တယ်။

အခြားစိန်ခေါ်ချက်တွေလည်း ရှိနိုင်ပါတယ်။ အဆိုပါ အွန်လိုင်းဈေးဝယ်စနစ်အတွက် web-shop program ဒီဇိုင်းကို တတ်ကျွမ်းတဲ့ program developer နဲ့ အကြိမ်ကြိမ်ဆွေးနွေးတိုင်ပင်ပြီး လက်တွေ့လုပ်ငန်းလည်ပတ်မှုပုံစံအပေါ်အခြေခံပြီး သေချာရေးဆွဲခဲ့တယ်လို့ဆိုတယ်။ ဒီနည်းနာက web-developer နဲ့ရေးဆွဲတာဖြစ်တဲ့အတွက် စရိတ်စကကြီးတယ်၊ အသုံးပြုသူ (ဈေးရောင်းသူ၊ ဝယ်သူနှစ်ဖက်စလုံး) ရဲ့ အွန်လိုင်းအသုံးပြုမှု၊ အကျွမ်းတဝင်ဖြစ်မှုအပေါ်လည်း မူတည်တယ်။ အွန်လိုင်းဈေးဝယ်ပရိုဂရမ် နဲ့မဟုတ်ဘဲ လွယ်လွယ်ကူကူ အခြားနည်းလမ်းရှိသလားလို့မေးကြည့်မိတယ်။ အခြားနည်းနာက ရိုးရိုး excel sheet နဲ့ပဲ အသီးအနှံအမည်၊ ဈေးနှုန်း၊ ဝယ်သူအမည်၊ စုရပ် ၁၊ ၂၊ ၃၊ ပစ္စည်းလက်ကျန်၊ အဝင်၊ အထွက် စတာတွေကို စာရင်းသွင်းပြီး အသုံးပြုလို့ရတယ်။ ဒါပေမယ့် ဒီနည်းနာက ရနိုင်မယ့် အသီးအနှံစာရင်းကို ဖောက်သည်တွေဆီ တစ်ပတ်တစ်ခါ အီးမေလ်ပို့ပြီး အကြောင်းကြားရတယ်၊ ပေးချေရမယ့်ဘောင်ချာကိုလည်း excel sheet နဲ့ပဲဖောက်သည်တစ်ဦးချင်းစီအလိုက် ပြင်ရတယ်၊ ခူးတဲ့စာရင်း (harvest plan) နဲ့ လက်ကျန်စာရင်း၊ မှာတဲ့စာရင်း စတာတွေကို တစ်ခုချင်းစီစာရင်းသွင်းရတဲ့အတွက် အလုပ်ပိုများတယ်၊ အချိန်ပိုပေးရတယ်။ ဒါပေမယ့် အွန်လိုင်းဈေးဝယ်ပရိုဂရမ် ကိုအသုံးမပြုခင်က ဒီနည်းနာ excel နဲ့ပဲအသုံးပြုတာ အလုပ်ဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါ အွန်လိုင်းဈေးဆိုင်စနစ်လည်ပတ်ပုံနဲ့ စိုက်ခင်းအတွင်းစီမံခန့်ခွဲမှုဟာ ချိတ်ဆက်နေတဲ့အတွက် စိုက်ခင်းအတွင်း စီမံခန့်ခွဲမှုပုံစံကိုပါ အနည်းငယ်ဝေမျှပါရစေ။ ခူးဆွတ်ရက်တွေမှာ စိုက်ခင်းရဲ့ အထွက်နှုန်းကို မှတ်သားထားရပါတယ်။ ခူးဆွတ်တဲ့အခါ စိုက်ခင်းထဲမှာ အကြမ်းဖျဉ်းဘယ်လောက်ကျန်သေးလဲ (ဥပမာ - နောက်တစ်ကြိမ်ခူးရက်ဆို ဘယ်လောက် ထပ်ခူးနိုင်မလဲ) စသဖြင့် မှတ်သားထားရပါတယ်။ ဒါက () စိုက်ခင်းထဲက ရနိုင်မယ့်အရေအတွက်၊ () ယခင် ခူးရက်က ခူးဆွတ်ထားတဲ့ ရောင်းပြီးလက်ကျန် အရှိအရေအတွေက်၊ () ဝယ်သူက မှာတဲ့အရေအတွက်စတဲ့ အချက်သုံးချက်ကို အဓိကအခြေခံပြီး အသီးအနှံအလေ့အလွင့်မဖြစ်အောင် စီမံခန့်ခွဲပါတယ်။ အဲ့ဒီအတွက် ခူးတဲ့စာရင်း၊ ဝယ်သူမှာတာတွေကို ချိန်တွယ်ထုပ်ပိုးဖို့ စာရင်း၊ လက်ကျန် အဝင်အထွက် စာရင်းတွေ စနစ်တကျရှိပါတယ်။ အထက်ပါ ပုံက ခူးဆွတ်တဲ့အခါ သုံးတဲ့ စာရင်း (Harvest Plan) ပါ။ ပထမ column(ဇယား) က အသီးအနှံ အမျိုးအမည်၊ ဒုတိယက စုစုပေါင်းအရေအတွက်၊ တတိယက ခူးဆွတ်ပြီးသားလက်ကျန်စာရင်း၊ နောက် column (ဇယား)က ဝယ်သူက သူမှာထားတဲ့ပစ္စည်းကို လာယူမယ့် စုရပ် ၁ ၊ ၂၊ ၃ အလိုက် ခူးရမယ့် အရေအတွက်၊ နောက် column (ဇယား) က စိုက်ခင်းထဲမှာခူးနိုင်မယ့် အရှိအရေအတွက်၊ နောက်တစ်ခုက မှာထားတဲ့ ပစ္စည်း ထုပ်ပိုးပြီးတဲ့အခါ ကျန်ရှိမယ့်အရေအတွက် စတာတွေကို စာရင်းသွင်းပါတယ်။ ယခုလို စီမံခန့်ခွဲပုံက ကျင့်သုံးတဲ့ ဈေးကွက်လည်ပတ်မှုပုံစံအပေါ်အခြေခံသလို၊ အလေအလွင့်မဖြစ်အောင် စီမံထားခြင်းလည်း ဖြစ်ပါတယ်။

ရေးသားသူ - ခင်စန္ဒာညွှန့်