တည်သီးပင်လေးတွေ စိုက်ပျိုးကြမယ်

03/09/2020 15:00 PM တွင် မဆုမြတ်ခင် မဆုမြတ်ခင် မှ ရေးသား

     တည်သီးဟာဆိုရင် အနံ့အရသာချိုချိုမွှေးမွှေးလေးနဲ့ အရမ်းကို စားကောင်းပြီး အာဟာရဓာတ်တွေ ပေါကြွယ်ဝလို့ ကျန်းမာရေးနဲ့ အင်မတန်ညီညွတ်လှပါတယ်။  စိုက်ပျိုးသူဘက်က ကြည့်ရင်လည်း ဈေးကောင်းရလို့ စိုက်သင့်တဲ့ သီးနှံတစ်မျိုးလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဦးကြီးတို့အတွက် တည်သီးစိုက်ပျိုးရေး အကြောင်းကို ပြောပြပေးသွားပါမယ်။ 

      ဦးကြီးတို့ရေ တည်သီးပင် စိုက်တော့မယ်ဆိုရင် သူနဲ့ပတ်သက်ပြီး သိသင့်တဲ့ အကြောင်းအရာလေးတွေ ကိုတော့ သိထားဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် မပျင်းမရိဘဲ အတူတူ လေ့လာလိုက်ကြရအောင်နော်။

      တည်သီးကို အင်္ဂလိပ်လို persimmon၊ တရုတ်လို shizi ၊ ဂျပန်လို kaki လို့ ခေါ်ကြပါတယ်။ တည်သီးရဲ့ မူရင်းဒေသကတော့ တရုတ်ပြည် ဖြစ်ပြီး အဲ့ဒီကနေ တစ်ဆင့် ကိုရီးယား၊ ဂျပန် စတဲ့ နိုင်ငံတွေဆီ ပျံ့နှံ့လာတာဖြစ်ပါတယ်။

     တည်သီးမှာ မျိုးသစ်တွေ အများအပြားရှိပေမယ့် အဓိကအားဖြင့်တော့ အာရှမျိုးနဲ့ အမေရိကန်မျိုး ဆိုပြီး ၂မျိုးရှိပါတယ်။ အာရှမျိုး ကတော့ အလုံးကြီးတယ်။ ချိုတယ်။ အသားဖွယ် ပြီး အရောင်ရဲတယ်။ အမေရိကန်မျိုးကတော့ အလုံးသေးတယ်။ နူးညံ့တယ်။ ဒါပေမယ့် အာရှသီးထက် အနံ့အရသာပိုကောင်းတယ်။ သူ့ကိုတော့ စီးပွားဖြစ်မစိုက်ပျိုးကြပါဘူး။ စီးပွားဖြစ်စိုက်ပျိုးကြတဲ့ အာရှတည်သီးမျိုးဟာဆိုရင် တစ်ပင်တည်းမှာပဲ အဖိုအမတွဲပါ တဲ့အတွက် အလွယ်တကူ ဝတ်မှုံကူးပြီး အသီးသီးနိုင်ပါတယ်။

    ဒါပေမယ့် အမေရိကန်မျိုးမှာတော့ အဖိုပင်အမပင်သီးသန့်ခွဲပြီး ရှိတဲ့အတွက် စိုက်ပျိုးမယ်ဆိုရင် အဖိုပင်ရော အမပင်ပါ ၂မျိုးလုံးစိုက်ပေးထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ တည်သီးပင်ဟာ စီးပွားဖြစ်ရော အလှစိုက်အပင်အဖြစ်ပါ စိုက်ပျိုးနိုင်တဲ့ အပြင် အပင်သက်တမ်းရင့်လာပြီး အသီး သီးနှုန်းနည်းလာတဲ့ အချိန်မှာလည်း အပင်ကို ခုတ်လဲပြီးတော့ သစ်ထုတ်လုပ်နိုင်ပါသေးတယ်။ 

      တည်သီးပင်ရဲ့ သက်တမ်းဟာ ၅၀-၇၅နှစ်ရှိတဲ့အပြင် သစ်သားအရည်အသွေးကလည်း ကောင်းမွန်တာကြောင့် အပင်အိုသွားတဲ့အခါမှာ သစ်မာအနေနဲ့ အသုံးပြုနေကြတာဖြစ်ပါတယ်။ စီးပွားဖြစ်စိုက်ပျိုးနေကြတဲ့ တည်သီးတွေကို အသီးပုံစံပေါ်မူတည်ပြီး အမျိုးအစား ၂မျိုးလည်း ထပ်မံခွဲခြားနိုင်ပါသေးတယ်။ အဲ့ဒါတွေကတော့ Hachiya လို့ခေါ်တဲ့ ငရုတ်ပွသီးနဲ့တူပြီး ထိပ်အနည်းငယ်ချွန်တဲ့ တည်သီးမျိုးနဲ့ Fuyu လို့ခေါ်တဲ့ ခရမ်းချဉ်သီးလိုထိပ်၂ဖက် ပြားတဲ့ တည်သီးတို့ပဲ ဖြစ်ပါတယ်။ တည်သီးဟာ အေးတဲ့ရာသီ ကို ကြိုက်နှစ်သက်ပါတယ်။

     စီးပွားဖြစ်စိုက်ပျိုးနေကြတဲ့ အာရှတည်သီးမျိုးတွေဟာ အပူချိန်သုညဒီဂရီ ထိ ခံနိုင်ရည်ရှိပါတယ်။ တည်သီးပင်ဟာ မြေအမျိုးအစား အတော်များများမှာ ရှင်သန်နိုင်ပြီး အကြိုက်ဆုံး မြေကတော့ နုန်းမြေပဲ ဖြစ်ပါတယ်။ မြေချဉ်တာကို နည်းနည်းပိုသဘောကျတဲ့ အပင်ဖြစ်ပြီး စိုက်ပျိုးဖို့ အသင့်တော်ဆုံး မြေချဉ်ငံဓာတ် ကတော့ ၆.၅မှ ၇.၅အတွင်းပဲ ဖြစ်ပါတယ်။

      ကဲ.....အခုဆိုရင် တည်သီးပင်အကြောင်းလေးတွေကို သိသွားပြီ ဖြစ်တဲ့အတွက် ဘယ်လို စိုက်ပျိုးကြမလဲ ဆိုတာ ဆက်ကြည့်လိုက်ကြရအောင်နော်။

      တည်သီးကို စိုက်ပျိုးရာမှာ အရည်သွေးကောင်းပြီး လိုချင်တဲ့လက္ခဏာပါတဲ့ မျိုးသန့်အစေ့တွေကို တိုက်ရိုက် စိုက်ကြတာရှိသလို လိင်မဲ့နည်းနဲ့ ကိုင်းဖြတ်ပြီး စိုက်ကြတာတွေလည်း ရှိပါတယ်။ တချို့ကလည်း သာမန်တည်သီးမျိုးပေါ်မှာ ကိုယ်ကြိုက်တဲ့ လက္ခဏာပါတဲ့ မျိုးနဲ့ အဖူးမြှုပ်တာတွေ၊ ကိုင်းကူးကိုင်းဆက်လုပ်တာတွေ ပြုလုပ်ပြီး စိုက်ပျိုးကြပါတယ်။ ကိုင်းကူးကိုင်းဆက်လုပ်ပြီး ရလာတဲ့ အပင်တွေက အပွင့်စောပွင့် အသီးစောသီး ပါတယ်။

(၁) တည်သီးမျိုးစေ့စုဆောင်းခြင်း

      စိုက်ပျိုးဖို့အတွက် တည်သီးစေ့ကို ယူမယ်ဆိုရင် အသီးဟာ အရည်အသွေးကောင်း​ပြီး ကောင်းကောင်းမွန်မွန် ရင့်မှည့်နေဖို့လိုပါတယ်။ ဒါ့အပြင် ငှက်တွေထိုးဆိတ် စားသောက်ထားတာတွေ၊ အသီးပေါ်မှာ ပုပ်နေတဲ့ အကွက်တွေနဲ့ အစိမ်းကွက် ပါတာတွေကို မရွေးမိဖို့ လိုပါတယ်။ အဲ့လို အရည်အသွေးမကောင်းတဲ့အသီးတွေကို မျိုးစေ့အဖြစ်ယူမိရင် ပေါက်လာတဲ့ အပင်မှာလည်း အရည်အသွေးမကောင်းတဲ့ လက္ခဏာတွေ ပါလာတတ်ပါတယ်။

     အဲ့ဒါကြောင့် အရည်အသွေးကောင်းပြီး ရင့်မှည့်နေတဲ့ အသီးကနေသာ အစေ့ကို ယူရပါမယ်။ ဘေးကစေးပီး ကပ်နေတဲ့ အသားတွေ အစေ့နဲ့အတူ ကပ်ပါမလာအောင် အစေ့တွေကို ရေနွေးနဲ့ ရက်အနည်းငယ် စိမ်ထားရပါမယ်။ အဲ့ဒီနောက်မှာတော့ ရေလောင်းပြီး အစေ့ကို လက်နဲ့ ပွတ်ဆေးပေးရပါမယ်။ အဲ့လိုသေချာသန့်စင်ထားတဲ့ အစေ့တွေကပဲ စိုက်ပျိုးဖို့ သိုလှောင်ဖို့အတွက် သင့်တော်ပါတယ်။

(၂) မျိုးညှောင့်ဖောက်ခြင်း

    • သန့်စင်ထားသော တည်သီးစေ့ကို ခွက်ထဲတွင် ထည့်ပါ

    • ၎င်းခွက်ထဲသို့ စိုစွတ်သော သဲကို ထည့်ပြီးဖုံးပေးပါ

    • ထိုခွက်ကို ရေခဲသေတ္တာထဲသို့ ၃လကြာအောင် ထည့်သိမ်းထားပေးပါ

     အခုဖော်ပြတဲ့ နည်းလမ်းကတော့ တည်သီးစေ့ရဲ့ သစ်စေ့နားချိန်(domancy)ကာလကို ဖြိုဖျက်ပေးတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်မှသာ တည်သီးစေ့လေးက မျိုးညှောင့်ပေါက်လာနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ သုံးလလုံးလုံး အဲ့ဒီမျိုးညှောင့်ဖောက်ထားတဲ့ခွက်ကို ဂရုတစိုက် စစ်ဆေးပေးဖို့တော့ လိုပါတယ်နော်။ ဒါ့အပြင် သဲမှာ အစိုဓာတ် ပျောက်မသွားစေဖို့လည်း ရေပုံမှန် ဖျန်းပေးရပါမယ်။

(၃) ပျိုးအိတ်သို့ပြောင်းစိုက်ခြင်း

      တည်သီးစေ့အညှောင့် ပေါက်လာပြီဆိုရင် ပျိုးအိတ်ထဲကို ပြောင်းရွှေ့စိုက်ပေးရပါမယ်။ တည်သီးပင်ဟာ ပျိုးပင်အဆင့်မှာတင် အမြစ်နက်နက်ဆင်းတဲ့ အပင်ဖြစ်တာကြောင့် ပျိုးအိတ်၊ပျိုးခွက်တွေကို အလျားရှည်တာတွေ ရွေးချယ်ပေးဖို့ လိုပါတယ်။ ဒါမှသာ ပျိုးပင်ရဲ့အမြစ်ဟာ ခွေခေါက်မနေဘဲ ပျိုးခွက်ထဲမှာ ကောင်းကောင်းမွန်မွန် ရှည်ထွက် ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။ အဲ့လိုမဟုတ်ဘဲ အမြစ်အတွက် လုံလောက်တဲ့ မြေနေရာမရဘူးဆိုရင် ပျိုးပင်ကြီးထွားမှုကို အဟန့်တား ဖြစ်စေနိုင်ပါတယ်။ ပျိုးခွက်တွေကို ပိုးသန့်ထားတဲ့ မြေသြဇာနဲ့ မြေကြီးရောထည့်ပြီး တစ်ခွက်စီမှာ မျိုးစေ့တစ်စေ့သာ စိုက်သင့်ပါတယ်။ ပျိုးခွက်ကိုလည်း ရေ၀ပ်မနေအောင် အောက်ခြေမှာ အပေါက်လေးတွေ ဖောက်ထားရပါမယ်။

     မျိုးစေ့မြှပ်ရာမှာလည်း မတိမ်လွန်း မနက်လွန်း ၂လက်မ အနက်ခန့်သာ မြှုပ်ရပါမယ်။ တိမ်လွန်းပါက မျိုးစေ့များကို အင်းဆက်တွေ ပုရွက်ဆိတ်တွေ ကိုက်ဖြတ် ဖျက်ဆီးနိုင်ပြီး နက်လွန်းပါကလည်း အစေ့အညှောင့်ထွက်လာရာမှာ အခက်ခဲဖြစ်စေနိုင်ပါတယ်။ မျိုးစေ့ထည့်ထားတဲ့ ပျိုးအိတ်၊ ပျိုးခွက်တွေကို နွေးထွေးတဲ့ နေရာမှာ ထားပေးရပါမယ်။ တကယ်လို့ နေ့အပူချိန် ၇၀ဒီဂရီဖာရင်ဟိုက်အောက် ရောက်နေမယ်ဆိုရင် အပူပိုရရှိစေဖို့အတွက် ပျိုးအိတ်များအပေါ်မှာ ပလပ်စတစ်စတွေ အုပ်ထားပေးသင့်ပါတယ်။ အဲ့လိုကောင်းမွန်တဲ့ အခြေအနေတွေ ဖန်တီးထားပေးမယ်ဆိုရင် ပျိုးပင်ပေါက်တွေကို ၆လကနေ ၈လအကြာလောက်မှာ စတင်တွေ့ရမှာ ဖြစ်ပါတယ်။

(၄) ပျိုးပင်များကို ပြုစုခြင်း

      နေရောင်ခြည် တိုက်ရိုက်မထိတွေ့ဘဲ အလင်းရောင်ကောင်းစွာရရှိပြီး လုံလောက်တဲ့ အစိုဓာတ် ရှိနေမယ်ဆိုရင် တည်သီးအပင်ပေါက်လေးတွေ အတွက် ကြီးထွားဖွံဖြိုးဖို့ အကောင်းဆုံး အခြေအနေပဲ ဖြစ်ပါတယ်။ နွေဦးရာသီမှာ ဆိုရင် လေ၀င်လေထွက်ကောင်းအောင် အပင်ပေါက်လေးတွေကို အရိပ်အောက်မှာထားပေးပြီး တစ်ပတ် နှစ်ပတ်ခန့် အပြင်ထုတ်ထားပေးနိုင်ပါတယ်။ ပျိုးပင်ပေါက်လေးတွေကို တစ်ပတ်တစ်ကြိမ်သာ ရေလောင်းပေးရပါမယ်။ ရေလောင်းခြင်း တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားမှာလည်း အပေါ်ယံမြေလွှာခြောက်သွေ့ဖို့ ကာလလေး ဖန်တီးပေးထား သင့်ပါတယ်။ ဒါ့ကြောင့် ရေကို ခဏခဏ လောင်းပေးဖို့ မလိုအပ်ပါဘူး။ ဒါမှသာ ပျိုးပင်ပေါက်လေးများရဲ့ အမြစ်တွေ ကောင်းစွာ ရှင်သန်ကြီးထွားနိုင်စေမှာ ဖြစ်ပါတယ်။

(၅) ကွင်းထဲသို့ပြောင်းရွှေ့စိုက်ပျိုးခြင်း 

       တည်သီးပျိုးပင်တွေဟာ ရေသောက်မြစ်ရှည်ပြီး မြေထဲနက်နက်ဆင်းတဲ့ အပင်တွေ ဖြစ်တာကြောင့် ပြောင်းရွေ့စိုက်ပျိုးတဲ့ အချိန်ဟာ အပေါ်ယံမြေလွှာထဲမှာ ရေပမာဏ အလုံလောက်ရှိနေနိုင်တဲ့ ဆောင်းရာသီအပြီး မိုးစရွာတဲ့ကာလလေးဆို ပိုပြီး အဆင်ပြေ သင့်လျော်ပါတယ်။ မြေကြီးထဲ အစိုဓာတ်အလုံလောက် ရှိနေတော့ ပြောင်းရွေ့စိုက်ပျိုးတဲ့ ပျိုးပင်လေးတွေမှာလည်း ထိခိုက်မှုမရှိတော့ဘဲ ပိုပြီး လျင်လျင်မြန်မြန် နလန်ထ စေနိုင်ပါတယ်။ ပျိုးအိတ်ထဲမှာ ၁-၂ နှစ်ခန့် ပျိုးထောင်ထားပြီး ပြောင်းရွေ့စိုက်ပျိုးရန် သင့်လျော်တဲ့ အချိန်မှာ ပြောင်းရွေ့စိုက်ပေးခြင်းက ကြီးထွားမှုအတွက် အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။

     ပျိုးပင်ချစိုက်ဖို့ ကျင်းတူးတဲ့အခါမှာလည်း အမြစ်အရမ်းနက်နက် ဆင်းတဲ့ အပင်ဖြစ်တဲ့အတွက်ကြောင့် မြေကျင်းကို နက်နက်နှင့် ကျယ်ကျယ် တူးပေးရပါမယ်။ တည်သီးပင်ဟာ နှုန်းမြေကို ကြိုက်တဲ့အတွက်ကြောင့် အမြစ်ဘေးပတ်လည်ကို နှုန်းမြေနဲ့ ရောပြီး စိုက်ပျိုးပေးပါက ပိုမို ကောင်းမွန်စေပါတယ်။ တည်သီးပင်ဟာ အပင်ကြီးမျိုးဖြစ်တဲ့ အတွက် ပျိုးပင်လေးတွေကို စိုက်ပျိုးတဲ့အခါမှာ သူ့ရဲ့ ကြီးထွားရှည်ထွက်လာမယ့် အကိုင်းအခက် ပင်စည်တွေကို ချိန်ဆပြီး ပေ၂၀ပတ်လည် ခွာစိုက်သင့်ပါတယ်။

     တည်သီးပင်ဟာ အကြမ်းခံတဲ့ အပင်ဖြစ်တဲ့အတွက်ကြောင့် မြေသြဇာ မထည့်ဘဲ ရေလောင်းပေးပြီး သာမန်လောက် ဂရုစိုက်ပေးရင်တောင် ရှင်သန်ကြီးထွားနိုင်ပါတယ်။ အပင်ငယ်စဉ်မှာတော့ ဂရုစိုက်ပေးရန်လိုပြီး ကြီးလာရင်တော့ အရမ်းဂရုမစိုက်လည်း ရပါတယ်။ ​အပင်အတွက် မြေသြဇာလည်း အရမ်းမလိုအပ်ဘဲ သာမန်မြေဆွေးနဲ့ မြေသြဇာ ထည့်ပေးမယ်ဆိုရင်တောင် ၃-၅နှစ်လောက်မှာ အသီးများ စတင် သီးနိုင်ပါတယ်။

(၆) ကိုင်းချိုင်ခြင်းနဲ့  ခူးဆွတ်ခြင်း

      အပင်ငယ်တဲ့ အချိန်မှာ ထိပ်ညွှန့်ဖြတ်ပေးတာက ဘေးကိုင်းတွေ ထွက်ဖို့အတွက် အားပေးရာရောက်ပြီး သီးကိုင်းများ ပိုမိုဝေဆာစေပါတယ်။ အပင်ကြီးလာတဲ့ အခါမှာလည်း အကိုင်းခြောက်တွေ၊ ရောဂါ ကျနေတဲ့ အကိုင်းတွေကို ကိုင်းချိုင် ပေးရပါမယ်။ တည်သီးပင်ရဲ့ အပင်ခြေ တစ်ဝိုက်မှာ ထူတဲ့အလွှာ တစ်ခုခု အုပ်ပေးထားခြင်းက မြေကြီး အစိုဓာတ်ကို ပိုမိုထိန်းထားပေးစေနိုင်သလို အသီးမှည့်တွေ ကြွေကြရင်လည်း အလွယ်တကူ ကောက်ယူ ရစေနိုင်ပါတယ်။

     ဆောင်းဦးမှာ တည်သီးပင်တွေဟာ အအေးဓာတ်ကြောင့် အချိုဓာတ်များပြီး ရင့်မှည့်တဲ့ တည်သီးတွေ ထွက်လာတတ်ပါတယ်။ ပုံမှန်ကတော့ အသီးတွေကို မှည့်တဲ့အချိန်ထိ မစောင့်ဘဲ ခူးဆွတ်သိုလှောင်ထားပြီး မှည့်စေတာ ဖြစ်ပါတယ်။ ခူးဆွတ်ရာမှာလည်း အညှာအရင်းထိ မပြတ်စေဘဲ အညှာတိုတိုလေးပါအောင် ခူးပေးရပါမယ်။ 

     ကဲ……ဦးကြီးတို့လည်း တည်သီးစိုက်ပျိုးနည်းကို သေချာ သိသွားပြီ ဆိုတော့ တည်သီးမှာ ကျတတ်တဲ့ ရောဂါပိုးမွှားတွေ အကြောင်းကို ဆက်လေ့လာကြရအောင်နော်။

ရောဂါပိုးမွှားများ ကာကွယ်နှိမ်နင်းခြင်း

       တည်သီးပင်ဟာ ပုံမှန်ဆိုရင်တော့ ပိုးမွှားရောဂါကျရောက်မှု အရမ်းနည်းလွန်းပြီး ရောဂါဒဏ်ခံနိုင်တဲ့ အပင်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် ပုံမှန် ဆေးဖြန်းစရာ မလိုအပ်တဲ့ အပင်မျိုးပါ။ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ ရောဂါပိုးမွှား ကျရောက်နိုင်တဲ့ အတွက် မိမိ အပင်ကို အမြဲမပြတ်စစ်ဆေးပေးနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် တည်သီးပင်မှာ ကျရောက်တတ်တဲ့ ရောဂါပိုးမွှားတွေ အကြောင်းကို ဆက်လက်လေ့လာလိုက်ကြရအောင်။

ကျရောက်တတ်သောရောဂါများ

(၁) Crown gall

      ဒီရောဂါကတော့ အပင်ရဲ့ အခေါက်မှာ ခြစ်ရာဖြစ်စေရာကနေ တစ်ဆင့် အပင်မှာ ကျရောက်တတ်တာပါ။ ဒီရောဂါ ကျရောက်ပြီဆိုရင် အကိုင်းတွေ အမြစ်တွေမှာ အသားပို အဖုတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါ မဖြစ်စေဖို့အတွက် အပင် ဒဏ်ရာ မရရန် လိုပါတယ်။ အပင်ရဲ့ အခေါက်တွေမှာ ဒဏ်ရာဖြစ်နေမယ်ဆိုရင် ရောဂါမ၀င်နိုင်အောင် တစ်ခုခုနဲ့ ကာထားပေးရပါမယ်။ ကိုင်းချိုင်ခြင်း လုပ်ဆောင်ရာမှာလည်း စိုစွတ်ပြီး ရောဂါ၀င်လွယ်တဲ့ ရာသီကို ရှောင်သင့်ပါတယ်။ အပင်အရွက်လှိုင်လှိုင်မထွက်ဘဲ ငုတ်လျှိုးနေတဲ့ ခြောက်သွေ့တဲ့ရာသီမှာသာ ပြုလုပ်ပေးသင့်ပါတယ်။

(၂) Anthracnose (တည်သီးပင် မှည့်ပျောက်စွန်းရောဂါ)

      အပင်အတော်များများမှာ ကျရောက်ဖျက်ဆီးတတ်တဲ့ မှိုရောဂါတစ်မျိုးဖြစ်ပြီး တည်သီးပင်မှာလည်း ကျရောက်နိုင်ပါတယ်။ တည်သီးပင်ရဲ့ အဖူး၊ အညွှန့်၊ အရွက်၊ အကိုင်းအခက် စတဲ့ တစ်ပင်လုံးမှာ ကျရောက်နိုင်ပါတယ်။ မှိုရောဂါဖြစ်တဲ့အတွက် စိုစွတ်တဲ့အခြေအနေကို ကြိုက်ပြီး နွေဦးမှာ ရောဂါလက္ခဏာတွေ ပြလာတတ်ပါတယ်။ မိမိအပင်ရဲ့ အရွက်မှာ အမဲရောင်အစက်လေးတွေ တွေ့ရပါက anthracnose ရောဂါ ဖြစ်နိုင်တယ်ဆိုတာ သိသင့်ပါတယ်။ အပင်ရဲ့ အောက်ခြေကိုင်း အရွက်တွေကြွေလာပြီး ရွက်ညှာနဲ့ ပင်စည်အခေါက်မှာ အနာကွက်တွေ ဖြစ်လာမယ်ဆိုရင် ဒီရောဂါဖြစ်နေပြီဆိုတာ သေချာပါတယ်။

     ဒီရောဂါဟာ အရွယ်ရောက်ပြီးသား တည်သီးပင်ကို မသေစေနိုင်ပေမယ့် အသီးတွေရဲ့ အရည်အသွေးကိုတော့ များစွာထိခိုက်စေနိုင်ပါတယ်။ ဒီရောဂါကို ကာကွယ်ထိန်းချုပ်ဖို့အတွက် မိမိရဲ့ စိုက်ခင်းကို သန့်ရှင်းနေစေဖို့လိုပါတယ်။ anthracnose မှိုစပိုးမှုန် တွေဟာ ​အရွက်ကြွေအမှိုက်တွေ ကြားမှာ ခိုအောင်းနေတတ်ပြီး နွေဦးမှာ လေနဲ့ မိုးရွာတာတွေကြောင့် အဲ့ဒီ စပိုးတွေဟာ အပင်အရွက်တွေပေါ်မှာ ပျံ့နှံသွားပြီး အပင်တွေကို စတင်ကျရောက် ဖျက်ဆီးပါတော့တယ်။ 

     ဒါကြောင့် ကြွေကျထားတဲ့အရွက်တွေ၊ ရောဂါကျရောက်ထားတဲ့ကိုင်းတွေကို ဖြတ်ပြီးစုပုံကာ မီးရှို့ပစ်ရပါမယ်။ အပင်အတွက် လိုအပ်တာထက် ရေပိုရနေတဲ့ အချိန်မှာ ဒီရောဂါကျရောက်နိုင်ချေ ပိုများပါတယ်။ အဲ့ဒါကြောင့် ရေကို လိုသလောက်ပဲ သွင်းပေးဖို့လိုပါတယ်။ သာမန်လောက် ရောဂါကျရောက်မယ်ဆိုရင် ဆေးသုံးဖို့ မလိုအပ်ပေမယ့် ရောဂါပြင်းထန်ပါက အဖူးပွင့်ပြီးနောက်မှာ ကလိုရိုသာလိုနေး မှိုသတ်ဆေးကို သုံးပေးရပါမယ်။ ပိုပြီး ဆိုးလာရင် အရွက်ကြွေပြီး အပင်ငုပ်လျှိုးနေတဲ့ ကာလမှာ ထပ်သုံးပေးရပါမယ်။

(၃) တည်သီးပင်ညိုးရောဂါ

       မှိုရောဂါတစ်မျိုးဖြစ်ပြီး တည်သီးပင်ရဲ့ ရေကြောကို တိုက်ခိုက်ဖျက်ဆီးတဲ့ ပင်ညိုးရောဂါဖြစ်ပါတယ်။ အပင်ရဲ့ ထိပ်ပိုင်းကနေ ရောဂါစတင်ပြီး အောက်ဘက်ကို ဆင်းလာကာ အရွက်များကြွေ၊ အကိုင်းများခြောက်ပြီး သေစေတဲ့ ရောဂါမျိုးဖြစ်ပါတယ်။ အဆိုးဆုံး အခြေအနေမှာ အပင်သေသည်အထိ ဖြစ်နိုင်ပါတယ်။ မြေဆောင်ရောဂါ အမျိုးအစားဖြစ်ပြီး အကိုင်းများ၊ အမြစ်များ အရောင်ပြောင်းလာကာ အရွက်များရှုံ့တွပြီးပုံစံ မမှန်ဖြစ်ကာ အသီးမတင်နိုင်တဲ့ ရောဂါလည်း ဖြစ်ပါတယ်။

(၄) အမြစ်ပုပ်ရောဂါ

     ဖိုက်တိုပသော်ရာမှိုကြောင့် ပင်စည်အခေါက်တွေမှာ အနာကွက်များဖြစ်စေပြီး အမြစ်ပုပ်စေသော ရောဂါဖြစ်ပါတယ်။ အမြစ်ပုပ်တာကြောင့် အရွက်တွေကြွေစေပြီး ပုံစံမမှန်ဖြစ်လာကာ နောက်ဆုံး အပင်ပါသေစေနိုင်တဲ့ ရောဂါဖြစ်ပါတယ်။

ကျရောက်တတ်သော အင်းဆက်ပိုးမွှားများ

       မရွေ့လျားနိုင်တဲ့ အကြေးပိုးတွေ၊ ပျ နှင့် အခြား စုပ်စားပိုးတွေက တည်ပင်ပေါ် ကျရောက်ပြီး အရွက်တွေ၊ အသီးတွေ၊ အခေါက်တွေကနေတစ်ဆင့် ပင်ရည်တွေကို စုပ်ယူစားသောက်ကာ နောက်ဆက်တွဲ မှိုရောဂါများကိုလည်း အစပျိုးစေပါတယ်။ အဲ့ဒီအင်းဆက်တွေဟာ honeydew လို့ခေါ်တဲ့ စေးကပ်ပြီး ချိုတဲ့ အရည်တွေကို ပြန်လည်စွန့်ထုတ်ပေးတဲ့အတွက် ကြပ်ခိုးမှိုတွေကိုပေါက်ဖွားလာစေပြီး အပင်ရဲ့ အာဟာရ ရယူမှု၊ ရေရယူမှုတို့ကို ဟန့်တားနှောင့်ယှက်စေပါတယ်။ အပင်က လိုအပ်တဲ့ရေ၊ အာဟာရတို့ မရနိုင်တော့တဲ့ အခါမှာ အပင်ဟာ အစာမချက်နိုင်တော့ဘဲ အရွက်တွေ အဝါရောင်ပြောင်းသွားပြီး အသီးလည်း မတင်နိုင်တော့ဘဲ အသီးကင်းမှာတင် ကြွေကျစေပါတယ်။

စုမြတ်ခင်

Ref; https://www.gardenista.com>trees

www.gardeningknowhow.com/edible/fruits/persimmon/persimmon-tree-disease.htm&sa=U&ved=1ahUKEwj8vjfd

https://homeguides.sfgate.com/diseases-persimmons-40614.html&sa=U&ved=2ahUKEwj8vJfd

https://www.gardenista.com/garden-design-101/trees/persimmon-tree-diospyros/&sa=U&ved

https://www.growveg.com/plants/us-and-canada/how-to-grow-persimmon-sharon-fruit/&sa=U&ved

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်