ရာသီလိုက်ခြင်း (လင်းတာလိုက်ခြင်း)

08/12/2017 22:29 PM တွင် Ko Ye Linn Oo Ko Ye Linn Oo မှ ရေးသား

လင်းတာလိုက်ခြင်းဆိုသည်မှာ တစ်နေ့တာ အလင်းရောင်ရရှိချိန်ကိုလိုက်၍ အချို့အပင်များပန်းပွင့် ခြင်းကို ခေါ်ပါသည်။

ကောက်ပဲသီးနှံပင်၊ သစ်သီးပင်များ၏ သီးပွင့်ချိန်သဘာဝကို ရာသီလိုက်တဲ့မျိုးလား၊ သက်တမ်းမျိုးလား စသည်ဖြင့်မေးတတ်ကြပါသည်။ တောင်သူများ အနေဖြင့် မိမိတို့စိုက်ပျိုးသည့်မျိုးများကို ရာသီမျိုး သို့မဟုတ် သက်တမ်းမျိုးဖြစ်သည်ကို သေသေချာချာသိသင့်ပါသည်။ ဥပမာ စပါးတွင်ဆိုပါစို့ မနောသုခမျိုးနှင့် ဘေးကြားမျိုးတို့၏ ရင့်မှည့်ချိန်ကို သတိထားမိပါသလား။ မနောသုခမျိုးသည် သက်တမ်း ၁၃၅ ရက်ရှိသည်ဆိုပါစို့ မည်သည့်လစိုက်စိုက် သူ့သက်တမ်းပြည့်လျင် ရင့်မှည့်ပြီးရိတ်သိမ်းရမည်ဖြစ်သည်။ သို့သော် ဘေးကြားမျိုးမှာထိုသို့မဟုတ်ပေ မည်သည့်လတွင်စိုက်စိုက် ၎င်းပန်းပွင့်သောရာသီ၊ ရက်ရောက်မှသာ ပန်းပွင့်မည်ဖြစ်သည်။ တန်ဆောင်မုန်းလ ( နိုဝင်ဘာ ၂၀ ရက်) ပတ်ဝန်းကျင်ပန်းပွင့်သော ဘေးကြားမျိုးသည် မည်မျှပင်စောစိုက်စိုက် တန်ဆောင်မုန်းလ ရောက်မှသာ ပန်းပွင့်မည်ဖြစ်ပါသည်။

သက်တမ်းကို လိုက်၍ဖူးပွင့်ရင့်မှည့်သောမျိုးများကို သက်တမ်းမျိုး (period fixed) ဟုခေါ်ပြီး ရာသီ၊ ရက်စွဲကို လိုက်၍ ဖူးပွင့်ရင့်မှည့် ကြသောမျိုးများကို ရာသီလိုက်မျိုး (date fixed) ဟုခေါ်ပါသည်။ ထိုဖြစ်စဉ်ကို အပင်များ၏ “လင်းတာတုန့်ပြန်ခြင်း” (photoperiodism) ဟုခေါ်ပါသည်။ မျိုးစိတ်တစ်မျိုးတည်း (ဥပမာ စပါး) တွင်ပင် အချို့မျိုးကွဲများသည် လင်းတာလိုက်ပြီး (ဥပမာ ဘေးကြား) အချို့မျိုးများ (ဥပမာ မနောသုခ) မှာလင်းတာလိုက်ခြင်း မရှိပါ။ အခြားရာသီလိုက်သောမျိုးကွဲများရှိသောမျိုးများမှာ ပဲစင်းငုံ၊ ပဲပုပ်၊ ကြံ၊ ရေကန်စွန်းရွက်နှင့် နဂါးမောက်ပင် စသည်တို့ဖြစ်ပါသည်။

ရာသီလိုက်သောမျိုးများဆိုရာတွင်လည်း လင်းတာတိုကြိုက်သောမျိုး (short day) နှင့် လင်းတာရှည် ကြိုက်သောမျိုး (long day) ဟူ၍ ၂ မျိုးထပ်ခွဲနိုင်ပါသည်။ ရေကန်စွန်း၊ ဘေးကြားစပါး စသည်တို့မှာ လင်းတာတိုကြိုက်မျိုးများဖြစ်ပြီး ဆောင်းရာသီ တွင်ပန်းပွင့်ကြသည်။ နဂါးမောက်မှာ ပန်းပွင့်ရန်လင်းတာရှည် လိုအပ်သဖြင့် နွေရာသီနှင့်မိုးရာသီတွင် ပန်းပွင့်ကြသည်။

လင်းတာကြိုက်ခြင်းသဘောကို သိရုံဖြင့်မပြီး တောင်သူများ၏ လယ်ယာစိုက်ပျိုးရေးတွင်မည်ကဲ့သို့ လက်တွေ့အသုံးချမည်ဆိုသည်က ပို၍အရေးပါ ပါသည်။ ဒေသအသီးသီးရှိတောင်သူများနေဖြင့် မိမိတို့ဒေသရှိ ရှိရင်းစွဲမျိုးများကို မိရိုးဖလာနည်းများဖြင့် စိုက်ပျိုးခြင်းအတွက် လင်းတာလိုက်ခြင်းသည် အရေးကြီးသော အကြောင်းအရာ မဟုတ်ပေ။ သို့သော် မျိုးသစ်များ စိုက်ပျိုးခြင်း၊ ဈေးကောင်းရရှိရေးအတွက် ရာသီချိန်မဟုတ်သီးပွင့်စေခြင်း (Off season) နှင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေစိုက်ပျိုးခြင်း စသည်တို့ကိုပြုလုပ်တော့မည်ဆိုလျင် မိမိစိုက်ပျိုးသောမျိုး၏ လင်းတာတုန့်ပြန်ခြင်းသဘောကို သိရန် လိုအပ်ပါသည်။

လင်းတာလိုက်ခြင်းနှင့်ပါတ်သက်၍ ကိုယ်တွေ့အဖြစ်အပျက်အချို့နှင့် ဥပမာအချို့ကို ဖောက်သည်ချ လိုပါသည်။ ကျနော် INGO အဖွဲ့အစည်းတစ်ခုတွင်လုပ်ခဲ့စဉ်က လှေခါးထစ် စိုက်ပျိုးရေးစနစ်ကို အကောင်အထည်ဖော်ခဲ့ဖူးပါသည်။ ရည်ရွယ်ချက်မှာ ဒေသမျိုးများနှင့် အခြားဒေသမှ မျိုးများကို တောင်ယာအစား လှေခါးထစ်စိုက်ခင်းများတွင် မိုးနှင့် ဆောင်း ၂ သီးစိုက်ရန်ဖြစ်ပါသည်။ ဒေသခံများ၏ သဘောအရ ပဲပုပ်သည်စိုက်သင့်သောသီးနှံဖြစ်ပြီး အခြားဒေသတစ်ခုမှ ပဲပုပ်အနက်စေ့မျိုးသည် ပဲပုပ် (ပဲငါးပိ) လုပ်ရာတွင်အရည်အသွေးကောင်းကြောင်းသိရပါသည်။ စီမံကိန်းဖက်မှကြည့်လျှင်လည်း ပဲမျိုးရင်းဝင်ဖြစ်သဖြင့် သင့်တော်ကြောင်းဆုံးဖြတ်ခဲ့ကြပါသည်။ ဤသို့ဖြင့် ပဲပုပ်မျိုးများအား ဝယ်ယူစုဆောင်းပြီး အခြားပြောင်း၊ တောင်ယာစပါးတို့ဖြင့် သီးညှပ်ပုံစံစိုက်ခဲ့ကြရာတော်တော်များများ အောင်မြင်သည်ကို တွေ့ရပါသည်။ သို့သော်အချို့တောင်သူများ၏ ပဲပုပ်ပင်များမှာ အသီးမသီးပဲ အပင်များမှာ နွယ်များပင်တက်လျက်ခြုံပင်ကြီးများလိုပင်ဖြစ်နေခဲ့ပါသည်။ အခြားပဲပုပ်မျိုးများ အသီးတောင့်ရင့်မှည့်သည် အထိ ထိုပဲပုပ်မျိုးတွ င်အသီးအပွင့် လုံးဝမတွေ့ရ။ တောင်သူကလည်း စောဒကတက်ပါတော့သည်။ ထိုအချိန်မှ ကျနော်တို့လည်း မျိုးနှင့်ပါတ်သက်သည့်နောက်ကြောင်းရာဇဝင်များ လိုက်လံစိစစ်တော့မှ ထိုမျိုးမှာ အခြားဒေသမှ ဝယ်ယူလာသော ရာသီလိုက်သော ပဲပုပ်မျိုးဖြစ်ကြောင်းသိရတော့သည်။ တောင်သူမှာ မိုးသီးနှံပဲပုပ်မရ၊ ပဲပုပ်ပင်များ ရစ်ပတ်နေသဖြင့် ပြောင်းဖူးလည်းမဖြစ်၊ သီးအောင်ထားမည်ဆိုပြန်တော့ ဆောင်းသီးနှံ ကုလားပဲစိုက်မရမည်စိုးသဖြင့် ပဲပုပ်ခင်းကြီး ဖျက်လိုက်ရသည်။ အရွက်များ၊ အမြစ်ဖုများမှ အပင်အာဟာရများသည် နောင်တွင် အကျိုးရှိပါမည်ဟု ကြံဖန်ဖြောင်းဖျခဲ့သော်လည်း ကျနော်တို့တောင်သူက အားနာလို့ဘာမှပြန်မပြောတာ သိပ်ကျေနပ်ချင်ပုံမပေါ်။ ကံကောင်းသည်မှာ ထိုပဲပုပ်မျိုး အနည်းငယ်သာရသဖြင့် တောင်သူအနည်းငယ်သာစိုက်ပျိုးခဲ့ရခြင်းဖြစ်သည်။

ဤသို့ဆိုလျှင် ရာသီလိုက်သောမျိုးများကို အခြားအချိန်တွင် သီးပွင့်အောင်မလုပ်နိုင်တော့ဘူးလား ဟုမေးစရာရှိပါသည်။ လုပ်နိုင်ပါသည်။ သဘောတရားအရ ရှင်းပါသည် လင်းတာတိုလိုချင်သော အပင်များကို တိုပေး၍ လင်းတာရှည်လိုသောအပင်များကို ပိုပေးရုံသာဖြစ်ပါသည်။ သိပ္ပံနည်းကျတွက်ချက်မှုအချို့ လိုအပ်ပါသည်။ သို့သော်ပညာရှင်များ၏ သုတေသနတွေ့ရှိချက်များက အသင့်ရှိပါသည် ၎င်းတို့ကို အသုံးချရုံသာ။

လင်းတာရှည်လိုအပ်သော အပင်များကို အလွယ်တကူ ရာသီမဟုတ်သီးပွင့်အောင်လုပ်နိုင်ပါသည် (အပင်အာဟာရ၊ ရေလိုအပ်ချက် သီးပွင့်မှုသံသရာ တို့ကိုက်ညီလျင်)။ ဥပမာ နဂါးမောက်ပင်သည် ပန်းပွင့်ရန် လင်းတာ ရှည်လိုအပ်ပါသည်။ ထိုနဂါးမောက်ကို ဆောင်းရာသီတွင် ရာသီမဟုတ်ပဲ ပွင့်စေချင်ပါက ညအချိန်တွင် နဂါးမောက်ခင်းအတွင်း လျပ်စစ်မီးထွန်းခြင်းဖြင့် ၎င်းလိုအပ်သော လင်းတာကိုရရှိပြီး ပန်းပွင့်စေနိုင်ပါသည်။ ထိုင်ဝမ်မှ သုတေသန ရလဒ်အရ နဂါးမောက် ခြံအတွင်း ၁၀၀ ဝပ်မီးလုံးများကို ၅ပေခြား၊ အမြင့် ၆ပေခန့်တပ်ဆင်ပြီး ည ၁၀ နာရီမှ မနက် ၂ နာရီအထိ (၄ နာရီကြာ) မီးအလင်းရောင်ပေးခြင်းဖြင့် ပန်းပွင့်စေနိုင်ကြောင်းတွေရပါသည် (ရက်ပေါင်းမည်မျှ အလင်းရောင်ပေးသည်ကို တိတိကျကျဖော်ပြခြင်းမရှိ)။ ထိုနည်းကို ဗီယက်နမ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတွင်လည်း အသုံးပြု နေကြောင်း သိရပါသည်။

ထို့အတူ လင်းတာတိုလိုသော အပင်များကိုလည်း လင်းတာလျော့ချခြင်းဖြင့် ရာသီမဟုတ်ပဲ ပန်းပွင့်စေနိုင်ပါသည်။ ဥပမာ ခရစ်စမတ်ပန်းပင်သည် ဒီဇင်ဘာလတွင် လင်းတာတိုချိန်တွင် အရွက်နုများမှာ အနီရောင်ပြောင်းသွားသည့်အကြောင့် ပျိုးပင်များကို ညနေစောစောပိုင်းကတည်းက အလင်းအပေါက်သော တောင်း သို့မဟုတ် အခြားအရာတစ်ခုခုနှင့် အုပ်ထားပေးပါက ထိပ်ညွန့်များ နီလာမည် ဖြစ်ပါသည်။ သို့သော်စီးပွားရေးအရ တွက်ခြေကိုက်မှုသည် အရေးအကြီးဆုံး ဖြစ်သဖြင့် ကုန်ကျစရိတ် နှင့် အကျိုးအမြတ်ကိုချင့်ချိန်ရန်လိုပါသည်။ အချို့ နည်းပညာများသည် သဘောတရားအရ ဖြစ်နိုင်သော်လည်း စီးပွားရေးတွက်ချေကိုက်မှုမရှိသဖြင့် လက်တွေ့တွင် လိုက်နာရန်ခက်ခဲလှပါသည်။ သို့သော် နည်းပညာဗဟုသုတ တစ်ခုကိုသိထားခြင်းဖြင့် ပို၍ကောင်းမွန်၊ အောင်မြင်သော စိုက်ပျိုးရေးစနစ်တစ်ခု သို့တက်လှမ်းရာတွင် များစွာအထောက်အကူပြုမည်ဖြစ်ပါသည်။

ရဲလင်းဦး

 

Reference:

  1. Further Studies of Photoperiodism by W. W. Garner and H. A. Allard, 1922.
  2. Evaluation of Light Bulbs And The Use Of Foliar Fertilizer During Off-Season Production Of Dragon Fruit by T. P. Leonardo et al.

ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်