အပင်မျိုးပွားခြင်း

11/07/2018 16:34 PM တွင် ရီဆွေအေး ရီဆွေအေး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အပင်မျိုးပွားခြင်းဆိုတာ အပင်အရေအတွက်များစေခြင်းနဲ့ မျိုးဆက်ကျန်/ချန်စေခြင်းများအတွက် သဘာဝနည်း (လိင်နည်း/ဖိုမပေါင်းစပ်နည်း) အားဖြင့် သော်လည်းကောင်း၊ လူတို့ဖန်တီးယူနိုင်တဲ့ လိင်မဲ့မျိုးပွားခြင်းသော် လည်းကောင်း ပွားများစေခြင်းကို ဆိုလိုပါတယ်။ အထက်ပါ နည်းနှစ်နည်းရှိတဲ့အနက်မှ လူတို့ဖန်တီးယူနိုင်တဲ့ (တစ်နည်းအားဖြင့်) သဘာဝ မဟုတ်တဲ့ မျိုးပွားနည်းများအကြောင်းကို ဆွေးနွေးမျှဝေလိုပါတယ်။

လိင်မဲ့မျိုးပွားခြင်းဆိုသည်မှာ

သဘာဝမျိုးပွားအင်္ဂါများဖြစ်ကြတဲ့ အသီးအပွင့်များမှ မျိုးပွားခြင်း မဟုတ်ဘဲ အပင်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများ ဖြစ်ကြတဲ့ ပင်စည်ဖြတ်စများ၊ ကိုင်းဖျားကိုင်းနားများ၊ အမြစ်ဖြတ်စများ၊ အညွှန့်ဖြတ်စများ၊ အရွက်အစိတ်အပိုင်းများ စတဲ့အရာတွေကနေ အရေအတွက် ပွားများလာအောင် ပြုလုပ်ခြင်းဟာ လိင်မဲ့မျိုးပွားခြင်းပဲ ဖြစ်ပါတယ်။

အပင်အများစုဟာ ပင်ပိုင်းဆိုင်ရာ မျိုးပွားနိုင်တဲ့အစွမ်းသတ္တိရှိတက်ကြပါတယ်။ ဆိုလိုတာကတော့ ပင်စည်များ၊ အညွှန့်များမှ အမြစ်ထွက်နိုင်စွမ်းရှိသကဲ့သို့ အမြစ်များမှလည်း အညွှန့်ဖြစ်ပေါ်ကာ အပင်သစ်တစ်ပင်အဖြစ် ရပ်တည်ရှင်သန်စွမ်းရှိပါတယ်။ သင့်တင့်လျောက်ပတ်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားနိုင်ပါက အပင်ဆဲလ်ကလာပ် စည်းလေးတစ်ခုကနေပင် အပင်တစ်ပင် ဖြစ်လာနိုင်ပါတယ်။

လိင်မဲ့ မျိုးပွားရခြင်းအကြောင်းအရင်းများ

အချို့သော အပင်မျိုးစိတ်တွေမှာ အသီးနဲ့ အစေ့အဆံများ အလွယ်တကူ မရနိုင်သောကြောင့် လိင်မဲ့မျိုးပွားနည်းများကို အသုံးပြုကြလေ့ရှိပါတယ်။ အချို့အပင်များမှာတော့ အသီးနဲ့ အစေ့အဆံများကနေ သဘာဝအတိုင်း မျိုးပွားလွယ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လိင်မဲ့မျိုးပွားနည်းများကို အသုံးပြုပြီး မျိုးပွားလေ့ရှိကြပါ တယ်။

၁။ အစေ့ အလွယ်တကူမတင်နိုင်သော အပင်များအတွက် 

- အချို့အပင်များမှာ အသီး သီးပေမယ့် အစေ့မအောင်တတ်ဘဲ ရှိတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ လိင်မဲ့မျိုး ပွားနည်းကို သုံးနိုင်ပါတယ်။ 

- အသီးလည်းသီး၊ အစေ့လည်းတင်သော်လည်း အစေ့များက အပင်ညှောက်ပေါက်ဖို့ အလွန်ခဲယဉ်းတဲ့အခါ မျိုးမှာလည်း လိင်မဲ့မျိုးပွားနည်းကို သုံးနိုင်ပါတယ်။ 

- ငှက်ပျောကဲ့သို့ အစေ့တင်ခြင်းကဲ့သို့ အစေ့တင်ခြင်းကို မလိုလားအပ်တဲ့ သစ်သီးပင်များမှာ အစေ့ကနေ အပင်ပွားခြင်းထက် အပင်သားတက်အားဖြင့် မျိုးပွားခြင်းကသာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

၂။ မိခင်ပင်နဲ့တူတဲ့ အပင်များရစေဖို့

- အစေ့ကနေ မျိုးပွားတဲ့အခါ အဖိုမျိုးရိုးဗီဇနဲ့ အမမျိုးရိုးဗီဇ ပေါင်းစပ်ပြီးမှ မျိုးစေ့ဖြစ်လာသော သဘောသဘာဝအရ မိခင်ပင်နဲ့တထပ်တည်းတူတဲ့ အပင်များပွားများနိုင်ဖို့ ခဲယဉ်းလွန်းပါတယ်။

- စပ်မျိုးများကို မျိုးစေ့ခံပြီး ပွားယူပါက မျိုးရိုးဗီဇ ပြောင်းလဲသွားတတ်ပါတယ်။ မူလပုံစံအတိုင်း၊ မူလဗီဇ အတိုင်း အပင်အရေအတွက် ပွားများလာစေဖို့အတွက် တစ်ခုတည်းသော နည်းလမ်းက ပင်ပိုင်းမျိုးပွားနည်းပဲ ဖြစ်ပါတယ်။

၃။ အပင်ငယ်ရဲ့ ပျိုမြစ်ကာလကို လျော့ချဖို့

- အစေ့ကနေစိုက်မယ်ဆိုရင် အပွင့်ပွင့်မယ့်အရွယ်ရောက်ဖို့ ပျိုမြစ်ကာလကို မလွဲမသွေ ဖြတ်သန်းရပါတယ်။ ဥပမာ စပျစ်ပင်များမှာ အသီးသီးဖို့ ၇ နှစ်ခန့် ကြာတတ်ပြီး လိုင်ချီးပင်တွေမှာတော့ ၈ နှစ်အထိ ကြာမြင့် တတ်ပါတယ်။ အစေ့မှ မစိုက်ပျိုးဘဲ ပင်ပိုင်းမျိုးပွားနည်းဖြစ်သော ကိုင်းဆက်နည်းနဲ့ ပျိုးထောင်ပါက ၂-၃ နှစ် အတွင်း အသီးသီးနိုင်မှာ ဖြစ်ပါတယ်။ သရက်၊ သံပုရာ စတဲ့ သစ်သီးပင်များမှာလဲ ပျိုမြစ်ကာလကို ကိုင်းဆက်ပြီး အပင်ပျိုးထောင်တဲ့ နည်းနဲ့ ကျော်လွှားလေ့ရှိတာကို တွေ့နိုင်ပါတယ်။

၄။ အပင်ဦးရေးများစွာ ရရှိရန်

- အချို့အပင်မျိုးစေ့များဟာ အစေ့ကနေ မျိုးပွားနိုင်ပါက အချိန်ပိုကြာနိုင်ယုံသာမက အရေအတွက်လည်း များစွာရနိုင်မှာ မဟုတ်တာကြောင့် ပင်ပိုင်းဆိုင်ရာမျိုးပွားနည်းကို ပိုမိုသုံးသင့်ပါတယ်။

၅။ ပိုးမွှား ရောဂါများကို ပိုမို ခံနိုင်ရည်ရှိစေဖို့

ပိုးမွှားရောဂါဒဏ်မခံနိုင်တဲ့ သစ်သီးဝလံမျိုးစိတ်များအတွက် ကိုင်းဆက်မျိုးပွားနည်းကို သုံးသင့်ပါတယ်။ ဥပမာ ဥရောပ စပျစ်မျိုးဖြစ်တဲ့ Vitis vinifera က မြေအောင်းပိုးမွှားများနဲ့ မြေဆောင်ရောဂါများကို ခံနိုင်ရည် မရှိပါ။ အမေရိကန်စပျစ်မျိုးဖြစ်တဲ့ Vitis labrusca က ခံနိုင်ရည်ရှိပြီး မြစ်ထွက်အားကောင်းတာမို့ အမေရိကန် စပျစ်မျိုး ကို အောက်ခံပင်အဖြစ်ရွေးချယ်ကာ ဥရောပစပျစ်မျိုးကို အပေါ်ပင်အဖြစ်ထားရှိလျက် ကိုင်းဆက်မျိုးပွားခြင်းအားဖြင့် အထက်ပါ ပြဿနာကို ကျော်လွားပြီး ဖြစ်စေပါတယ်။

၆။ နေရာဒေသမရွေး ပိုမိုခံနိုင်ရည်ရှိစေဖို့

အောက်ခံပင်များကို ဒီရည်ရွယ်ချက်နဲ့ ရွေးချယ်အသုံးပြုလေ့ရှိပါတယ်။ ပြည်ပကနေ တင်သွင်းလာတဲ့ နောက်ဆုံးပေါ် မျိုးအသစ်အဆန်းများဟာ အပင်ဖြစ်ထွန်းဖို့ နေရာဒေသ ရွေးလေ့ရှိပါတယ်။ ဒီလိုအခါမျိုးမှာ ဒေသမျိုးများ က တင်သွင်းလာတဲ့ မျိုးများထက် ပိုမိုအကြမ်းခံတာကြောင့် အောက်ခံပင်အဖြစ် ရွေးချယ်သင့်လှပြီး အဖိုးတန် မျိုးဆန်းမျိုးကောင်းများကို အပေါ်ကိုင်းအဖြစ်ထားရှိကာ ကိုင်းကူးကိုင်းဆက် မျိုးပွားလုပ်ငန်းများ လုပ်ခြင်းအား ဖြင့် နေရာဒေသမရွေး စိုက်ပျိုးဖြစ်ထွန်းတဲ့ အပင်များကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

၇။ လိုချင်တဲ့ ပုံစံအနေအထားကို ရစေဖို့

အပင်ပုများဖန်တီးခြင်း။    ။ ယနေ့ခေတ်အခါမှာ သစ်သီးပင်ဖြစ်စေ၊ ပန်းအလှဆင်ဖို့ ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးရာပင်ဖြစ်စေ ပင်ရပ်ပုပုကလေးနဲ့ အပွင့်အသီးများ ဝေဆာနေခြင်းကို လူအများ နှစ်ခြိုက်သဘောကျလာကြပါ တယ်။ နှစ်ရှည်သစ်သီးပင်များကို အရပ်ပုပုနဲ့ သီးပွင့်နိုင်အောင် ဖန်တီးယူခြင်းအားဖြင့် ကိုင်းခြိုင်ခြင်း၊ ပိုးမွှား ရောဂါနှိမ်နင်းခြင်း၊ အသီးအိတ်စွပ်ခြင်း၊ ခူးဆွတ်ခြင်းစတဲ့ အလုပ်တွေကို လွယ်ကူစွာ လုပ်ဆောင်နိုင်ပါတယ်။ အလားတူပင် ပန်းအလှပင်များကိုလဲ အရပ်ပုပုကလေးနဲ့ လူတို့မြင်သာတဲ့ အကြည့်တကမ်းအကွာမှာ အပွင့်များ ဝေဆာဖူးပွင့်စေအောင် ဖန်တီးလာကြပါတယ်။ ဒီလိုရည်ရွယ်ချက်များနဲ့ ကိုင်းကူး/ကိုင်းဆက် မျိုးပွားခြင်းနည်း လမ်းများကို သုံးကြပါတယ်။

အပင်သွင်ပြင်များကို လိုသလို ထိန်းချုပ်ခြင်း။     ။ အချို့အပင်များဟာ အသက်အရွယ်အလိုက် မတူညီတဲ့ပုံစံနဲ့ ကြီးထွားတတ်ကြပါတယ်။ ကျွဲကော၊ လိမ္မော်၊ သံပုရာအုပ်စုအပင်များဟာ အစေ့ကနေ စိုက်ပျိုးပါက အပင်ငယ်စဉ်မှာ ဆူးစိပ်စိပ်ထွက်ခြင်း၊ အလွန်သန်သော အညွှန့်အညှောက်များ ထွက်တတ်ခြင်း၊ ပန်းသီးပင်များမှာ ပန်းပွင့်ချိန်နောက်ကျခြင်း စတဲ့ လိုလားအပ်တဲ့ ရုပ်သွင်ပြင်ရော မလိုလားအပ်တဲ့ ရုပ်သွင်ပြင်များရှိနေတတ်ပါတယ်။ ဒီလိုအခြေအနေများကနေ သွေဖီပြီး ဆူးနည်းစေရန်၊ သန်မာသော အညွှန့်၊ အညှောက်များ ပေါများစွာ ထွက်စေ ရန်၊ ပန်းစောစောပွင့်စေရန် စသဖြင့် ကောင်းမွန်တဲ့ ဝိသေသလက္ခဏာများကို အပင်တစ်ပင်တည်းမှာ ရရှိနိုင်အောင် လိုသလိုဖန်တီးယူနိုင်ဖို့ အောက်ခံပင်နဲ့ အပေါ်ကိုင်းများကို သင့်သလို တွက်ချက်ချိန်ဆရွေးချယ်ကာ ကိုင်းဆက်မျိုးပွားနိုင်ပါတယ်။ ထင်ရှူးပင်များမှာလည်း ဘေးကို ဝေဝေဆာဆာကြီးထွားတဲ့ အပင်အဝိုင်းပုံစံယူမလား၊ အပေါ်ကို ခန့်ခန့်ထည်ထည်ကြီးထွားတဲ့ ပုံစံလိုချင်လား ဆိုတဲ့အပေါ်မူတည်ပြီး အပေါ်ထောင်တက်နေတဲ့ မျိုးညွှန့် များ၊ ဘေးကိုဖြာကျနေတဲ့ မျိုးကိုင်းများကို မြေထုပ်စည်းခြင်းသော်လည်းကောင်း၊ ကိုင်းဆက်ပွားများခြင်းသော် လည်းကောင်း လုပ်နိုင်ပါတယ်။

၈။ မျိုးပြောင်းလဲချင်တဲ့အခါ

သက်တမ်းရင့် ကြီးထွားပြီးသားအပင်ကြီးများကို မျိုးပြောင်းလဲလိုတဲ့အခါ Top-working လို့ခေါ်တဲ့ အပေါ် ကိုင်းများကို ဖြတ်ထုတ်ပြီး မိမိလိုချင်တဲ့ မျိုးကိုင်းထည့်ခြင်းအားဖြင့် လုပ်ဆောင်နိုင်ပါတယ်။ သစ်တော်ပင်၊ ပန်းသီးပင်၊ ဇီးပင်များမှာ ဒီနည်းနဲ့ လိုသလိုပြုပြင်စီရင်ကြတာ အတွေ့ရများပါတယ်။

၉။ မျိုးစိတ်များ အပင်တစ်ပင်တည်းမှာ ပေါင်းစပ်လိုတဲ့အခါ

အောက်ခံပင်တစ်ပင်ထဲမှာ တစ်မျိုးထက်ပိုတဲ့ မျိုးများနဲ့ ပေါင်းစပ်လိုတဲ့အခါ သုံးနိုင်ပါတယ်။ နှင်းဆီ၊ စက္ကူ၊ မလေးရှားစကား စတဲ့အပင်များမှာ အပင်တစ်ပင်တည်းကနေ အရောင်များစွာ ပွင့်စေဖို့ လုပ်ဆောင်နိုင်ပါတယ်။ ကျွဲကော၊ သံပုရာ စတဲ့ သစ်သီးပင်အများစုမှာလည်း တွေ့နိုင်ပါတယ်။

၁၀။ ဝတ်မှုန်ထုတ်ပေးမယ့် အ(ဖို) ကိုင်းရစေဖို့

ပန်းသီး၊ သစ်တော်သီးပင်ကဲ့သို့သော အပင်မျိုးစိတ်များမှာ ၎င်းတို့ကိုယ်တိုင် ဝတ်မှုန်ကူးပြီး မျိုးအောင်ဖို့ ခဲယဉ်းတာကြောင့် ပင်ကြားဝတ်မှုန်ကူးစေဖို့ ဝတ်မှုန်ထုတ်အားကောင်းတဲ့ အပင်မျိုးနဲ့ တွဲဖက်စိုက်ဖို့ လိုအပ်ပါတယ်။ သို့ပေမယ့်လည်း မြေနေရာပေးရခြင်း၊ အစာအာဟာရပေးရခြင်းများ သက်သာစေဖို့ ဝတ်မှုန်ဆောင်ပင်ကို သီးခြား စိုက်ပျိုးမနေတော့ဘဲ ဝတ်မှုန်ထုတ်ပေးမယ့်အကိုင်းကို အသီးပင်များမှာ ကိုင်းကူးကိုင်းဆက် လုပ်ပေးခြင်းအားဖြင့် အထွက်နူန်းကို များစွာမထိခိုက်စေဘဲ ပြဿနာကို ပြေလည်စေပါတယ်။

၁၁။ ပျက်စီးနေတဲ့ အကိုင်းအလက်များကို ပြုပြင်ဖို့

အထိန်းကိုင်းထားပေးခြင်း။  ။ဒီနည်းလမ်းကို ပျော့နွဲ့နေတဲ့ ကိုင်းများကို တောင့်တင်းသွားစေဖို့ ဘေးနားကနေ ကိုင်းဆက်ပြီး တွဲချည်ကာ အထိန်းကိုင်းအနေနဲ့ အသုံးချနိုင်ပါတယ်။

တံတားသဖွယ်ဆက်ကူးကိုင်းထားပေးခြင်း။   ။အခေါက်များ ကွဲအက်ပျက်စီးပါက ၎င်းနေရာကို အခေါက်အစား ထိုးကာ ပြုပြင်ကုသဖို့ ဒီနည်းကို အသုံးချနိုင်ပါတယ်။

ပါးချင်းအပ် ကိုင်းဆက်ခြင်း။   ။အမြစ်အုံထိခိုက်ပျက်စီးပါက အမြစ်ကိုလည်း ကိုင်းဆက်ပေးနိုင်ပါတယ်။

လိင်မဲ့မျိုးပွားရခြင်း ဆိုးကျိုးများ

၁။ အကယ်၍ အောက်ခံပင်ဖြစ်စေ၊ အပေါ်ကိုင်းဖြစ်စေ ဗိုင်းရပ်စ်ရောဂါစွဲနေပါက တစ်ပင်လုံးကို ပျံ့နှံ့သွားမှာ ဖြစ်ပါတယ်။

၂။ အပင်ကိုင်းစကိုင်းနများက ထုထည်အားဖြင့် ကြီးမားတတ်ပါတယ်။

၃။ ကိုင်းကူးကိုင်းဆက်ပင်များဟာ အစေ့စိုက်ပင်များလို မဟုတ်ဘဲ မျိုးရိုးဗီဇအားဖြင့် တထပ်တည်းကျတာမို့ အပင်ပြဿနာများ ကျရောက်လာပါက ထိန်းချုပ်ရခက်ခဲပြီး ခြံလုံးပြုတ် ဆုံးရှုံးခြင်းများ ဖြစ်နိုင်တာကြောင့် အပင်တစ်ပင်တည်းကနေ မျိုးညွှန့်ယူခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

၄။ အစေ့မှ စိုက်ပျိုးသကဲ့သို့ စက်ပစ္စည်းများ အကူအညီနဲ့ မလုပ်ဆောင်နိုင်ပါ။

ရီဆွေအေး (BAg 2008)

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်