နှင်းဆီမျိုးများကို (၁) မျိုးစေ့ဖြင့် စိုက်ပျိုး၍ လည်းကောင်း (၂) နှင်းဆီ၏ အစိတ်အပိုင်း တခုခုသော်မှလည်းကောင်း (ဘူတဂံနည်း) မျိုးပွားနိုင်ပါသည်။
ပထမနည်းမှာ အချိန်အလွန် ကြာမြင့်မှ ပွင့်သဖြင့် သုသေသန အတွက်လည်းကောင်း၊ မျိုးသစ် ရရှိရေးအတွက် လည်းကောင်း၏ ဤနည်းကို သုံးပါသည်။ သို့ရာတွင် နှင်းဆီကို မျိုးပွားရာတွင် ဒုတိယနည်းဖြစ်သော ဘူတဂံနည်းကိုသာ သုံးကြသည်က များပါသည်။ ဤနည်းဖြင့်သုံးသည့်အခါ
- ကိုင်းဖြတ်၍စိုက်ပျိုးခြင်း
- ကိုင်းစည်းထုပ်၍စိုက်ပျိုးခြင်း
- အဖူးမြုပ်နည်းဟူ၍ရှိပါသည်။
၁။ ကိုင်းဖြတ်၍စိုက်ပျိုးခြင်း
နှင်းဆီ ပန်းပွင့်ပြီးနောက် ပန်းကျပြီး တလခန့်ကြာလျှင် ၎င်းကိုင်းမှ (၁၀)လက်မခန့် အရှည်ဖြတ်ပြီး သဲတွင် အမြတ်ထွက်ရန် ပျိုး၍ အမြစ်ထွက်သည့်အခါ ပြုပြင်ထားသည့်ဘောင် (သို့) အိုးတွင် စိုက်ပျိုးသောနည်း ဖြစ်ပါသည်။ အမြစ်များထွက်ရန် အကောင်းဆုံး အပူချိန်မှာ (၅၀)ဒီဂရီမှ (၇၀) ဒီဂရီဖာရင်ဟိုက်ခန့် ရှိချိန်တွင် အကောင်းဆုံးဖြစ်ပြီး ဤထက် ပူလွန်း/အေးလွန်းသည့် ရာသီဥတုတွင် အမြစ်ထွက်ရန် ခက်ခဲပါသည်။ စိုက်ပြီး ရေလောင်းပေးရပါမည်။ စိုက်ပျိုးသည့် အကိုင်းမှာ မနုလွန်း မရင့်လွန်း၍ ခဲတံလုံးပတ်ခန့် ရှိသော အကိုင်းများမှာ အကောင်းဆုံး ဖြစ်ပါသည်။ ကိုင်းဖြတ် စိုက်ရာတွင် (အမြစ်ထွက် အားကောင်းဆေး) များကိုလည်း သုံးနိုင် ပါသည်။
ဤနည်းဖြင့် မျိုးပွားခြင်းမှာ အချို့နေရာ များတွင် လွယ်ကူစွာ ရနိုင်သော်လည်း အများအားဖြင့် ဖြစ်လွယ်သည့် မျိုးနည်းပြီး အောင်မြင်မှုနှုန်းများမှာလည်း နည်းပါးသည်။ စိုက်ပျိုးရာတွင်လည်း အပင်၏ ဖြစ်ထွန်းမှုမှာ အခြေခံ အားနည်းမှုရှိ၍ နှင်းဆီရိုင်းကဲ့သို့ ကောင်းမွန်မှု မရှိသဖြင့် ကိုင်းဖြတ်၍ စိုက်ပျိုးနည်းမှာ အဖူးမြုပ်၍ မျိုးပွားသည့် အပင်ကဲ့သို့ မကောင်းပါ။ ဤနည်းကိုအောက်ခံပင်ရိုင်း စိုက်ပျိုးသည့်အခါတွင်သာ သုံးကြပါသည်။ မျိုးကောင်းကို သုံးလေ့ မရှိပါ။
၂။ မြေထုပ်စည်းနည်း
မြေထုပ်၍ စည်းသောနည်းမှာ အကိုင်းများက မိခင်ပင်မ အပေါ်တွင် အမြစ်ထွက်စေပြီးမှ ဖြတ်၍ စိုက်ပျိုးခြင်းကို ဆိုလိုပါသည်။
နှင်းဆီတွင် အတော်အသင့် ဤနည်းကို သုံးပြီး မျိုးပွားကြသော်လည်း ၎င်း၏ ချွတ်ယွင်းချက်မှာ မိမိ အပင်မှ ဖြစ်ပွားသည့် အမြစ်ဖြင့် ကြီးထွားရသဖြင့် အမြစ်၏ ဖြစ်ထွန်းမှု မကောင်းသောကြောင့် အပင်လည်း ပုံပန်းသဏ္ဍာန်နှင့် ဖြစ်ထွန်းမှု အားနည်း၍စျေးချိုချိုနှင့် ခြံကို မြန်မြန် စိုက်ပျိုးရန် ရည်ရွယ်မှသာလျှင် သုံးပါသည်။
ဆောင်ရွက်သည့် နည်းလမ်းမှာ ခဲတံလုံး နှင့်အထက် အလွန် မနုမရင့်လွန်းသော နှင်းဆီကိုင်းကိုရွေးပါ။ အများအားဖြင့် တစ်နှစ်သားထက် မကြီးသော ကိုင်းကိုရွေးပါ။ ကိုင်းနှစ်ကိုင်း ဆုံရာအောက်တွင် ဓားဖြင့်လေးပိုင်း သုံးပိုင်းလက်မ အရှည်ရှိ အခွံကို ခွာပါ။
(ပုံတွင် ပြထားသည့် အတိုင်း) ခွဲပြီးသော အသားကို ပတ်ပတ်လည် အနည်းငယ် ခြစ်ခွာပါ။ အကိုင်းတွင် (၃/၄)လက်မ ပတ်လည်ရှိနေရာကိုရေစိမ်ထားသော (၂)လက်မအရွယ် ဖြတ်ထားသော အုန်းခွံကို ပတ်ပတ်လည် အုံစည်းပြီး အပေါ်နှင့်အောက်တွင် ကြိုးဖြင့် ချည်ထားပြီးခြောက်မသွားစေရန် ရေမှန်မှန်လောင်းပေး ရပါမည်။ တနည်းမှာ ကိုင်းနှစ်ခွအောက် (၃/၄)လက်မနေရာမှ ဓားဖြင့် အပေါ်သို့ လှီးပြီး နှင်းဆီကိုင်း(၂) ခြမ်း ဖြစ်နေသည့်နေရာတွင်မြေကြီး သို့မဟုတ် အုန်းခွံဖြင့် ချည်ထားပြီး ရေလောင်းလျှင်လည်း ရပါသည်။
ကိုင်းစည်းခြင်းနည်းဖြင့် အကောင်းဆုံး ဆောင်ရွက်ရန် အချိန်မှာ မိုးရာသီပင် ဖြစ်ပါသည်။
မြေထုပ်စည်းထားသည့် အကိုင်းများသည်(၁၅-၃၀)ရက် အတွင်း ရာသီဥတုပေါ် မူတည်၍ ကျီးပေါင်း တက်လာသည့် အချိန်တွင် ကတ်ကြေးဖြင့် ကျီးပေါင်းတက်သည့်နေရာအောက်မှ ဖြတ်ပြီး၊ ခေတ္တ အမြစ်များ ထွက်လာစေရန် သဲထည့်ထားသည့် ပလပ်စတစ်အိတ် (သို့) အိုးငယ်များတွင် အမြစ်ကောင်းစွာ ထွက်သည်အထိ ထားပြီး စိုက်ပျိုးချိန်ရောက်မှမြေကို ထုတ်ပြီးပြောင်းရွှေ့ နိုင်ပါသည်။
နှင်းဆီတပင်တွင် အပင် အခြေအနေပေါ် မူတည်၍(၂)ပင်မှ (၃)ပင် အထိ ကိုင်းစည်း နိုင်ပြီး၊ အများအားဖြင့် (၃)နှစ် အထက်ရှိ နှင်းဆီပင်များတွင် ကိုင်းစည်းလေ့ ရှိပါသည်။
၃။ အဖူးမြုပ်နည်း
အဖူးမြုပ် စိုက်ပျိုး မျိုးပွားနည်းမှာ နှင်းဆီ စိုက်ပျိုးခြင်းတွင် ခေတ်အမှီဆုံးနှင့် အကောင်းဆုံး နည်း ဖြစ်ပါသည်။ ဤနည်းတွင် နှင်းဆီ(၂)ပင်ကို အသုံးပြု ပါသည်။ အရိုင်းပင်အပေါ် အယဉ်ပင်ဆက်၍ မျိုးပွားနည်း ဖြစ်ပါသည်။ အရိုင်းပင်ကိုအောက်ခံပင်အဖြစ် သုံးပြီး အယဉ်ပင်မှာ မိမိမျိုးပွားလိုသည့် မျိုးကောင်းမှ အဖူးကိုယူ၍ ဆက်ခြင်း ဖြစ်ပါသည်။
အရိုင်းပင်များကို ဦးဆုံး စိုက်ပျိုးထားရပါမည်။ အရိုင်းပင်မှာ မြန်မာပြည်တွင် (၃) မျိုးခန့် ရှိသော်လည်း ရှမ်းဟု အမည်ရသော မျိုးကို အသုံးပြုကြ ပါသည်။ ဤမျိုးကို ခဲတံလုံးအရွယ်၊ အရှည်(၆)လက်မမှ (၈)လက်မခန့် ကိုင်းများကို အမြစ်ပေါက်စေရန် သဲဘောင် (သို့) အိုးများတွင် ပျိုးထားရပါမည်။ အနက်(၁/၂) ပေ (၂) လက်မခန့် သဲတွင်း စိုက်ပြီးရေမှန်မှန်လောင်းပေးပါ။
၂ လခန့် ကြာလျှင် အမြစ်များ ထွက်ပြီး ရှင်သန်သည့် အပင်များကို သဲနှင့် နွားချေးရောစပ် ထားသည့်မြေအိုးမှ ပလတ်စတစ် အိတ်သို့ပြောင်းရွှေ့ စိုက်ပျိုးပြီး၊ (၄)လခန့်ထား၍ ၎င်းကို အဖူးဆက်နိုင်ပါသည်။ များသောအားဖြင့်ဆောင်းရာသီတွင် အဖူးဆက်နိုင်ရန် အရိုင်းပင်များကို အနည်းဆုံး(၄)လမှ (၆)လခန့် ကြိုတင် ပျိုးထောင်ထားရပါမည်။ အေးသောဒေသ၌ အဖူးများ ထွက်ခဲသဖြင့် ရာသီဥတု ပူနွေးလာသည်အထိ ဆက်လက်ပြီးရေလုံလောက်စွာ လောင်းပေးရပါ မည်။
၁။ အဖူးကို ရရှိရန် အပွင့်ပွင့်ပြီး အကိုင်းမှ အရွက်သုံးရွက်အောက်ရှိ အဖူးကို ယူပါ။ အချို့ အကိုင်းတွင် (၈) မှ (၁၀) အထိ ရရှိနိုင်သော်လည်း၊ (၄)ဖူးခန့်သာ ပျှမ်းမျှ ယူပါသည်။
ပုံ(၁)- မျိုးအဖူးကိုင်း
၂။ ဓားဖြင့် အဖူးပါရန် အသားပါ အထက်သို့ (၁) လက်မခန့် လှီးထုတ်ပြီး အပေါ်အခွံနှင့် အသားကို ခွာလိုက်ပါ။ အဖူး၏ အတွင်းပိုင်းကို လက်နှင့် မကိုင်မိစေရန် ဂရုပြုရပါမည်။
ပုံ (၂)- မျိုးအဖူးလှီးခြင်း
၃။ T ပုံလှီးနည်းအောက်ခံပင် အပေါ်တွင် ဖူးဆက်ဓားဖြင့် (T) ပုံသဏ္ဍာန် ဓားဖြင့် အသားထိ အရာပေးပြီး အလယ် တည့်တည့်မှအောက် (၁/၂) လက်မခန့် ဓားဖြင့် ခွဲချပါ။
ပုံ(၃) အောက်ခံပင်တွင် တီပုံလှီးခြင်း
၄။ T ပုံသဏ္ဍာန် ရပြီးလျှင် အခွံကိုအောက်က အသားနှင့် ခွာလိုက်ပါ။
ပုံ(၄) အခွံ့ကို အောက်က အသားနဲ့ ခွာထားပုံ။
၅။ ၁ လက်မ၊ ၂ လက်မ အခွံတွင် ပါသော အဖူးကို (T) ပုံသဏ္ဍာန်ဖြင့် ခွဲထားသော အခေါက်အောက်တွင် တွင် ပြထားသည့်အတိုင်း ထည့်ပါ။
ပုံ(၅) မျိုးအဖူးမြှပ်နေပုံ
၆။ အဖူး၏ အထက်နှင့်အောက်၊ အဖူးကိုပေါ်ရုံ ပလတ်စတစ်ကြိုးဖြင့် ချည်ပါ။ အောက်မှ အထက်သို့ ချည်ပါ။ ဘက်လက်ဖြင့် မတင်းလွန်း မလျော့လွန်း ပတ်၍ ချည်ရပါမည်။
ပုံ(၆) မျိုးအဖူး ထည့်ခြင်း
အောက်ခံပင်ကို ဆက်၍ရေလောင်းပေးပါ။ (၂)ပတ် ကြာသောအခါ အဖူးမှာ စိမ်းနေလျှင် ၎င်း၏ အထက် အရိုင်းကိုင်းကို ညှပ်ရပါမည်။ အဖူးမြှုပ်ပြီး (၂-၃) လခန့် ရာသီဥတုပူသော ရန်ကုန်ကဲ့သို့နေရာတွင် အပွင့်များ အမြန်ပွင့်နိုင်ပြီး အေးလျှင် ပိုမို၍ ကြာပါသည်။ ကျွမ်းကျင်မှုအပေါ် မူတည်ပြီး လုပ်သားတစ်ဦး တနေ့လျှင် အဖူး(၂၀၀မှ၃၀၀)အထိ ဆက်နိုင် ပါသည်။
အစိမ်းရောင်လမ်း စိုက်ပျိုးရေး ဖုန်းဆော့ဝဲလ်
source-wikihow,DOA