စီလုံတီးကို ကမ္ဘာကျော်စေတဲ့အကြောင်းများ

02/03/2024 11:00 AM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား ပြီး Inclusive Systems Myanmar Inclusive Systems Myanmar မှ ပေးပို့ထားပါသည်။

 “ရိုးရွိုက်စ်မှ ကား၊ ဆေးပြင်းလိပ်မှာ ဟာဗားနား၊ ရိုးလက်စ်မှ နာရီ၊ စကော့တလန်က ဝီစကီ” လို့ အမှတ်သညာရှိကြသလို၊ လက်ဖက်ရည်တစ်ခွက် မြည်းဖို့ဆိုရင် စီလုံတီးကိုပဲ တန်းမြင်တတ်ကြပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့ လက်ဖက်စိုက်ပျိုးထုတ်လုပ်ရေးအကြောင်း လျှပ်တပြတ် လေ့လာခွင့်ရခိုက်မှာ တစ်ကမ္ဘာလုံးက သီရိလင်္ကာနိုင်ငံလို့ ပြောလိုက်တာနဲ့ စီလုံတီးကို တန်းမြင်မိစေတဲ့ အချက်လေးတွေကို စေ့ငုသုံးသပ်ကြည့်မိပါတယ်။ စာရေးသူမြင်မိသလောက်လေး တင်ပြရရင် အဓိကကျတဲ့ အချက် ၄ ချက်ရှိပြီး အဲဒီအချက်တွေကလည်း အချင်းချင်း အပြန်အလှန် အမှီသဟဲပြုနေကြပါတယ်။  

(၁) လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍရဲ့ ပုံရိပ် (Image)

သီရိလင်္ကာနိုင်ငံဟာ လက်ဖက်ပင်ရဲ့ မူရင်းဒေသ မဟုတ်ပါဘူး။ ၁၉ ရာစုနှောင်းပိုင်းမှ ဗြိတိသျှတွေရဲ့ ကိုလိုနီနယ်ချဲ့မှုနဲ့အတူ သီရိလင်္ကာမြေပေါ် လက်ဖက် စတင်ရောက်ရှိလာခဲ့တာပါ။ တိတိကျကျပြောရရင် ၁၈၆၇ ခုနှစ်မှ သီရိလင်္ကာရဲ့ လက်ဖက်စိုက်ပျိုးရေး စတင်ခဲ့တယ်လို့ ဆိုရပါမယ်။ ဒါပေမယ့် သီရိလင်္ကာရဲ့ ရေ၊ မြေ၊ ရာသီဥတုဆိုတဲ့ ပထဝီအနေအထားတွေက အရည်အသွေးကောင်းတဲ့ လက်ဖက်ကို တစ်နှစ်ပတ်လုံးနီးပါး ထုတ်လုပ်နိုင်ဖို့ အခြေအနေပေးလှပါတယ်။ ဒါကပဲ ဗြိတိသျှတို့အတွက် အကျိုးအမြတ်ပိုရှိစေခဲ့ပါတယ်။ အခြားတစ်ဖက်က စဉ်းစားကြည့်ရင်တော့ သီရိလင်္ကာရဲ့ လက်ဖက်ကဏ္ဍဟာ ဗြိတိသျှတို့ရဲ့လက်ဖက်ကဏ္ဍဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ 

ကမ္ဘာတစ်ဝန်းမှာ ဗြိတိသျှတို့ရဲ့ ကိုလိုနီနယ်ပယ်တွေ အကျယ်အပြန့်ရှိနေချိန်မှာပဲ သီရိလင်္ကာရဲ့ လက်ဖက်ကဏ္ဍဟာ ဗြိတိသျှပိုင်ကိုလိုနီနယ်‌မြေတစ်ခုရဲ့ ဗြိတိသျှထုတ်ကုန်အဖြစ် ကမ္ဘာအနှံ့ခြေဆန့်နိုင်ခဲ့ပါတယ်။ (ဒီနေ့အချိန်အထိလည်း အချို့သော နာမည်ကျော် လက်ဖက်ခြံ (tea estate) တွေဟာ ဗြိတိန်နဲ့ အချို့ဥရောပနိုင်ငံများရဲ့ ကုမ္ပဏီများက ပိုင်ဆိုင်ထားတာကို တွေ့ခဲ့ရပါတယ်။) ဒါက စီလုံတီးကို သီရိလင်္ကာနဲ့တွဲပြီး ကမ္ဘာကအလွယ်တကူမှတ်မိနေစေဖို့ ပုံရိပ်တစ်ခုဖြစ်စေတဲ့ အချက်တစ်ချက်ဖြစ်တယ်လို့ ယူဆမိပါတယ်။ 

သီရိလင်္ကာရဲ့ လက်ဖက်ကဏ္ဍဟာ ဗြိတိသျှတို့ လက်အောက်မှာ စတင်ခဲ့တာ၊ လတ်တလောမှာလည်း ဥရောပကုမ္ပဏီတွေနဲ့ အထိုက်အလျောက် ပတ်သက်မှုရှိနေသေးတာ၊ ကမ္ဘာ့ဈေးကွက်နဲ့ တောက်လျှောက် ထိတွေ့ဆက်ဆံခဲ့တာ စတဲ့အချက်တွေအပြင် တိုင်းပြည်အတွက် အရေးကြီးတဲ့ စီးပွားရေးကဏ္ဍတစ်ရပ် ဖြစ်နေတာကြောင့် သီရိလင်္ကာ အစိုးရကိုယ်တိုင်နဲ့၊ လက်ဖက်လောကသားတွေဟာ စီလုံတီးရဲ့ ပုံရိပ်ကို မကျသွားရအောင် ထိန်းသိမ်းထားခဲ့ကြပါတယ်။ 

အဲဒီလို စီလုံတီးရဲ့ ပုံရိပ်ကို ထိန်းသိမ်းတဲ့နေရာမှာ လက်ဖက်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ ခိုင်မာအားကောင်းစွာ စုဖွဲ့ပြီး၊ အဲဒီအဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်မှုက အဓိကကျပါတယ်။ တစ်ဖက်မှာလည်း အရည်အသွေးထိန်းသိမ်းခြင်း၊ မြှင့်တင်ခြင်းနဲ့အတူ ဈေးကွက်ထိုးဖောက်မှုကို ဟန်ချက်ညီညီ ပေါင်းစပ်ပေးထားတာ တွေ့ရပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့သမိုင်းမှာ ပြည်တွင်းစစ်အပါအဝင် ပြဿနာတွေ မြောက်များစွာရှိခဲ့ပေမယ့် နိုင်ငံတကာမျက်နှာစာမှာ သံတမန်ဆက်ဆံရေး၊ ကုန်သွယ်ရေးတွေကို ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်တဲ့ "အဖြစ်ဆိုး"တွေ၊ "နာမည်ပျက်"တွေ မရှိခဲ့တာကလည်း စီလုံတီးရဲ့ ပုံရိပ်ကို ထိန်းသိမ်းထားနိုင်စေတဲ့ အချက်တစ်ချက်ဖြစ်တယ်လို့ ယူဆမိပါတယ်။ 

 (၂) ခိုင်မာအားကောင်းတဲ့ စုဖွဲ့လုပ်ဆောင်မှု (Coordination and Cooperation)

သီရိလင်္ကာနိုင်ငံရဲ့လက်ဖက်ကဏ္ဍမှာ တန်ဖိုးကွင်းဆက်တလျှောက် အရေးကြီးတဲ့ကွင်းဆက်တွေမှာ ပုဂ္ဂလိကကဏ္ဍအသင်းအဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်နေပါတယ်။ ဥပမာအားဖြင့် သီရိလင်္ကာနိုင်ငံ လက်ဖက်တင်ပို့ရောင်းချသူများအသင်း (Tea Exporters Association - Sri Lanka (T.E.A))၊ ကိုလံဘို လက်ဖက်ကုန်သည်များအသင်း (Colombo Brokers’ Association)၊ သီရိလင်္ကာ အသေးစားလက်ဖက်စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းချုပ် (Sri Lanka Federation of Tea Smallholder Development Societies) ၊ သီရိလင်္ကာ လက်ဖက်စက်ရုံပိုင်ရှင်များအသင်း (Sri Lanka Tea Factory Owners Association) စသည်ဖြင့်ပါ။ 

အဲဒီအသင်းတွေဟာလည်း အမည်ခံဖွဲ့စည်းထားရုံမဟုတ်ဘဲ အသင်းလိုက် လုပ်ငန်းတွေကို ထိထိရောက်ရောက် လည်ပတ်နေပုံ ရပါတယ်။ ဥပမာ သီရိလင်္ကာနိုင်ငံ လက်ဖက်တင်ပို့ရောင်းချသူများအသင်း (Tea Exporters Association - Sri Lanka (T.E.A)) ရဲ့ website ကို ကြည့်လိုက်ရင် ပြည်တွင်း၊ ပြည်ပဈေးကွက်အခြေအနေတွေ၊ ရှေ့အလားအလာခန့်မှန်းချက်တွေ၊ အကြံပြုချက်တွေ၊ ဈေးနှုန်းအတက်အကျ (trend) တွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေတာ တွေ့ရပါတယ်။ လက်ဖက်ကဏ္ဍရဲ့ ကိန်းဂဏန်းအချက်အလက်တွေကို သက်ဆိုင်သူအားလုံး ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ဖို့ အထောက်အကူ ပြုလှပါတယ်။ သိပ်ကို အတုယူစရာပါ။

ပုဂ္ဂလိကကဏ္ဍ အသင်းအဖွဲ့များနဲ့အတူ အစိုးရပိုင်းကလည်း ဦးဆောင်ပြီး လက်ဖက်ကဏ္ဍဖွံ့ဖြိုးရေးအတွက် စုဖွဲ့လုပ်ဆောင်နိုင်ဖို့ သီရိလင်္ကာ လက်ဖက်ဘုတ်အဖွဲ့ (Sri Lanka Tea Board - SLTB)ကို ၁၉၇၆ ခုနှစ်ကတည်းက စတင်ပြီး ဖွဲ့စည်းတည်ထောင်ထားပါတယ်။ လက်ဖက်ကဏ္ဍရဲ့ အရေးအရာတွေကို အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍတို့ အတူတကွ တိုင်ပင်ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာ ဆုံးဖြတ်ချက်ချနိုင်ဖို့ပါ။ SLTB ကို အထက်မှာ ဖော်ပြခဲ့တဲ့ လက်ဖက်အသင်းတွေနဲ့အတူ သီရိလင်္ကာအစိုးရရဲ့ စိုက်ပျိုးရေးဌာန၊ ကုန်သွယ်ရေးဌာန၊ ဘဏ္ဍာရေးဌာနတွေက ကိုယ်စားလှယ်တွေ ပါဝင်ဖွဲ့စည်းထားပါတယ်။ SLTB အောက်မှာ ဌာနခွဲပေါင်း ၈ ဖွဲ့ကို ဖွဲ့စည်းပြီး လက်ဖက်ကဏ္ဍဖွံ့ဖြိုးရေးကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 

SLTB ဟာ သီရိလင်္ကာလက်ဖက်သုတေသန အင်စတီကျူ (Tea Research Institute - TRI) နဲ့လည်း လက်တွဲဆောင်ရွက်တယ်လို့ ဆိုပါတယ်။ TRI ကို ၁၉၂၅ ခုနှစ်ကတည်း တည်ထောင်ထားတာဖြစ်ပြီး အခုအချိန်ထိ လုပ်ငန်းတွေ ဆက်လက်လည်ပတ်နေသေးတာကြောင့် သက်တမ်း ၁၀၀ နီးပါး ရှိပြီလို့ဆိုရမှာပါ။ TRI ရဲ့ အဓိကရည်ရွယ်ချက်ကတော့ သီရိလင်္ကာလက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှုကဏ္ဍအတွက်လိုအပ်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွေကို သုတေသနပြု ရှာဖွေဖော်ထုတ်ပြီး ပံ့ပိုးပေးဖို့ ဖြစ်ပါတယ်။ 

တစ်ဖက်မှာလည်း သီရိလင်္ကာ ပြည်ပပို့ကုန် ဖွံ့ဖြိုးတိုးတက်‌ရေးဘုတ်အဖွဲ့  (Sri Lanka Export Deve-lopment Board - EDB) ဟာ လက်ဖက်ခြောက်တွေကို ပြည်ပဈေးကွက်ထိုးဖောက်နိုင်ဖို့ အဓိကအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ပြည်ပက ဝယ်လက်တွေအနေနဲ့ စီလုံတီးအကြောင်း သိချင်ရင်ပဲဖြစ်ဖြစ်၊ ပြည်တွင်းက လက်ဖက်ရောင်းချလိုသူတွေအနေနဲ့ ပြည်ပဈေးကွက်တွေအကြောင်း သိချင်ရင်ပဲဖြစ်ဖြစ်၊ EDB နဲ့ ဆက်သွယ်လိုက်ရုံနဲ့ အားလုံးပြည့်ပြည့်စုံစုံသိနိုင်၊ အရောင်းအဝယ်လုပ်နိုင်အောင် EDB က ပံ့ပိုးကူ ညီပေးတယ်လို့ ဆိုပါတယ်။ 

ဒီအချက်တွေကို ကြည့်ရုံမျှနဲ့ သီရိလင်္ကာနိုင်ငံရဲ့ လက်ဖက်ကဏ္ဍမှာ ခိုင်မာအားကောင်းတဲ့စုဖွဲ့မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပြီး၊ အဲဒီအချက်တွေကပဲ စီလုံတီးကို ကမ္ဘာက သိစေဖို့ အထောက်အကူပြုနေတာလို့ ဆိုရမှာပါ။ 

(၃) အရည်အသွေး ထိန်းသိမ်းမှု (Quality)

စီလုံတီးကို ကမ္ဘာကသိနေဖို့နဲ့ စီလုံတီးရဲ့ ပုံရိပ်ကျမသွားဖို့ လိုအပ်ချက်များစွာရှိတဲ့အနက် အဓိက အကျဆုံးအချက်တစ်ချက်ကတော့ အရည်အသွေး ထိန်းသိမ်းရေး ဖြစ်ပါတယ်။ စီလုံတီးရဲ့ အရည်အသွေးကို တစ်ဦးချင်းစီ ထိန်းချုပ်ထားရုံမဟုတ်ဘဲ လက်ဖက်ကဏ္ဍကြီးတစ်ခုလုံးအနေနဲ့ စုဖွဲ့ထိန်းချုပ်ထားတာဖြစ်ပါတယ်။ အထက်မှာ တင်ပြခဲ့တဲ့ စုဖွဲ့လုပ်ဆောင်မှု၊ ပူးပေါင်းလုပ်ဆောင်မှုတွေဟာ ဒီနေရာမှာ အရေးကြီးလာပါတယ်။ 

ဥပမာ တစ်ခုတင်ပြရရင် SLTB ဟာ စီလုံတီးရဲ့ အရည်အသွေးအာမခံနိုင်မှုအတွက် “သီရိလင်္ကာ လက်ဖက်ခြောက် အရည်အသွေး အမှတ်အသား (Ceylon Tea Symbol of Quality)” ကို သတ်မှတ်ထားပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ ခြင်္သေ့ပုံ ပါဝင်တဲ့ အဲဒီအမှတ်အသားကို Lion logo လို့လည်းခေါ်ပါတယ်။ Lion logo ဟာ တစ်ကမ္ဘာလုံး အသိအမှတ်ပြုထားတဲ့ အရည်အသွေးအမှတ်အသားတစ်ခုအဖြစ် ရပ်တည်လာတာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်ပါတယ်။ အဲဒီ Lion logo ပါဝင်မှသာ သီရိလင်္ကာမှာ စိုက်ပျိုးထုတ်လုပ်ပြီး၊ ပြုပြင်ထုပ်ပိုးထားတဲ့ စီလုံတီးအဖြစ် အာမခံချက်ရှိမှာ ဖြစ်ပါတယ်။ လက်ဖက်ခြောက်တင်ပို့သူတွေ အနေနဲ့ စီလုံတီးအဖြစ် နိုင်ငံတကာဈေးကွက်ထဲကို တင်ပို့ရာမှာ Lion logo ပါဝင်မှသာ စီလုံတီးအဖြစ် တင်ပို့နိုင်မှာ ဖြစ်ပါတယ်။ SLTB ထံမှာ Lion logo အသုံးပြုခွင့် လျှောက်ထားရပါတယ်။ အဲဒီလို လျှောက်ထားတဲ့အခါ SLTB က သတ်မှတ်ထားတဲ့ အရည်အသွေးစံချိန်စံညွှန်းတွေ ကိုက်ညီခြင်း ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးစမ်းသပ်မှု ခံယူရပြီး၊ အရည်အသွေး ပြည့်မီမှသာ Lion logo ကို သုံးစွဲခွင့်ပြုတာ ဖြစ်ပါတယ်။ ဒါဟာ အရည်အသွေးကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထိန်းချုပ်တဲ့ ယန္တရားတစ်ရပ် တည်ထောင်ထားပုံပါ။ အတုယူစရာကောင်းတယ်လို့ ယူဆမိပါတယ်။ 

သီရိလင်္ကာ လက်ဖက်ကဏ္ဍဟာ နိုင်ငံတကာဈေးကွက်မှာ ရောင်းပန်းလှနိုင်ဖို့အတွက် အရည်အသွေးပိုင်း ထိန်းသိမ်းမှုတွေကိုလည်း ခေတ်နဲ့တပြေးညီ ဆောင်ရွက်ကြတာ တွေ့ရပါတယ်။ ဈေးကွက်က တောင်းဆိုတဲ့ စံချိန်စံညွှန်းတွေ ပြည့်မီအောင် ထုတ်လုပ်ဖို့၊ အသိအမှတ်ပြုလက်မှတ်တွေရရှိအောင် ဆောင်ရွက်ဖို့ လက်မနှေးတမ်း ဆောင်ရွက်ကြတာကို သတိပြုမိခဲ့ပါတယ်။ တကယ်တော့ အရည်အသွေးထိန်းသိမ်းမှုနဲ့ အသိအမှတ်ပြုလက်မှတ် ရယူဆောင်ရွက်ခြင်းတွေဟာ ထုတ်ကုန်အရည်အသွေးအတွက်သာမကဘဲ ဈေးကွက်ထိုးဖောက်ဖို့အတွက်လည်း အင်မတန်အရေးကြီးတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ 

(၄) ဈေးကွက်ထိုးဖောက်နိုင်မှု (Marketing)

စီလုံတီးကို ကမ္ဘာ့ဈေးကွက်ထဲ ထိုးဖောက်ရာမှာ အခြေခံအကျဆုံး အသုံးပြုတဲ့ သတင်းစကားကတော့ “စီလုံတီးဟာ ကမ္ဘာပေါ်မှာ ပိုးသတ်ဆေးကြွင်း ကင်းစင်မှု” အမြင့်မားဆုံး လက်ဖက်ခြောက်ဖြစ်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီအချက်ကို သက်သေပြနိုင်မယ့် နိုင်ငံတကာ စံချိန်စံညွှန်း စစ်ဆေးမှုတွေကိုလည်း ခံယူထားတယ်လို့ ဆိုပါတယ်။ Global GAP လို့ အသိအမှတ်ပြုလက်မှတ်တွေ ရရှိဖို့လည်း အင်တိုက်အားတိုက် လုပ်ဆောင်ကြပါတယ်။ တချို့ကလည်း ဩဂဲနစ်လက်ဖက်ခြောက်အဖြစ် ထုတ်လုပ်ပြီး ဩဂဲနစ် အသိအမှတ်ပြု လက်မှတ်တွေရရှိအောင် ဆောင်ရွက်ထားကြပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အရေးကြီးတဲ့ Ozone Friendly Tea အဖြစ်လည်း ပထမဆုံး အသိအမှတ်ပြုခံခဲ့ရသလို၊ လက်ရှိမှာ သီရိလင်္ကာက ထုတ်လုပ်တဲ့ လက်ဖက်ခြောက်မှန်သမျှ ၁၀၀ ရာခိုင်နှုန်းအားလုံးဟာ Ozone Friendly Tea ဖြစ်တယ်လို့ အာမခံထားတာကို တွေ့ရပါတယ်။ 

လက်ဖက်ခြောက်စက်ရုံတွေအနေနဲ့လည်း အစားအသောက်ဘေးကင်းလုံခြုံမှုရှိစေဖို့ GMP ၊ HACCP နဲ့ ISO22000 အသိအမှတ်ပြုလက်မှတ်တွေ ရရှိအောင် ကြိုးပမ်းကြရပါတယ်။ 

ဒီလို အရည်အသွေးပြည့်မီအောင် ထုတ်လုပ်ပြီး အသိအမှတ်ပြုလက်မှတ်တွေ ရရှိရုံနဲ့လည်း မပြီးသေးပါဘူး။ ဈေးကွက်ထိုးဖောက်နိုင်ဖို့အတွက် အခြားသောနည်းလမ်းတွေကိုလည်း သုံးရပါသေးတယ်။ ဥပမာဆိုရရင် အချို့သော လက်ဖက်ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ လက်ဖက်တွေကို စိုက်ပျိုးရင်း ကမ္ဘာမြေကြီးနဲ့ လူ့အဖွဲ့အစည်းရဲ့ ရေရှည်တည်တံ့မှုအတွက်လည်း ဆောင်ရွက်နေတယ်ဆိုတာကို သက်သေပြလာကြပါတယ်။ 

ဥပမာအားဖြင့် စာရေးသူ သွားရောက်လေ့လာခွင့်ရရှိခဲ့တဲ့ AMBA Estate ဟာ လက်ဖက်ခြံလုပ်သားတွေရဲ့ ဘဝတွေတိုးတက်မြင့်မားဖို့ ဆောင်ရွက်ပြီး အဲဒီဆောင်ရွက်ချက်တွေကို ဈေးကွက်က လက်ဖက်ခြောက် ဝယ်ယူသောက်သုံးသူတွေ သိရှိအောင် ပုံစံမျိုးစုံနဲ့ ပြောပြနေပါတယ်။ ဒါက လက်ဖက်ခြံလုပ်သားတွေအတွက် အကျိုးဖြစ်ထွန်းလို လက်ဖက်ခြံပိုင်ရှင်အတွက်လည်း အကျိုးဖြစ်ထွန်းပါတယ်။ ဒါ့အပြင် လက်ဖက်ခြောက်ကို ဝယ်ယူသုံးစွဲတဲ့ နိုင်ငံတကာက ဖောက်သည်တွေအတွက်လည်း ကျေနပ်နှစ်သိမ့်မှုကို ပိုမိုဖန်တီးပေးနိုင်ပါတယ်။ ဒါကြောင့် Win – Win – Win ဆိုတဲ့ ဈေးကွက်ချဲ့ထွင်နည်း တစ်ခုပါပဲ။ 

ထို့အတူပဲ လက်ဖက်စိုက်ပျိုးထုတ်လုပ်ရင်း ကမ္ဘာမြေကြီးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေကိုပါ တွဲဖက်လုပ်ဆောင်လာကြပါတယ်။ လက်ဖက်ပင်တွေ စိုက်ပျိုးတဲ့အတွက် သဘာဝတောတွေ ပျက်စီးခဲ့ရသလို အဲဒီသဘာဝတောတွေမှာ နေထိုင်ကျက်စားနေကြတဲ့ ဇီဝမျိုးကွဲတွေအတွက်လည်း အမှီသဟဲပြုစရာ ဂေဟစနစ်တွေ ပျက်စီးခဲ့ရပါတယ်။ ဒါတွေကို ပြန်လည်ကုစားနိုင်ဖို့အတွက် လက်ဖက်ခင်းတွေကြားမှာ သဘာဝတောနဲ့ ဆင်တူတဲ့ သစ်တောစိုက်ခင်းတွေ ပေါ်ထွက်လာဖို့ Analog Forestry (သစ်တောပုံတူ စိုက်ခင်းတည်ထောင်ခြင်း) ဆိုတဲ့ နည်းလမ်းကို အသုံးပြုပြီး လက်ဖက်စိုက်ပျိုးထုတ်လုပ်ဖို့ ကြိုးစားလာကြပါပြီ။ အဲဒီလို Analog Forestry နဲ့ စိုက်ပျိုးပြီး ရရှိလာတဲ့ လက်ဖက်နဲ့ အခြားသော ထုတ်ကုန်တွေကို သစ်တောထွက်ပစ္စည်း (Forest Product) အဖြစ် ဈေးကွက်မှာ ထိုးဖောက်ရောင်းချလာဖို့ ကြိုးစားနေကြပါပြီ။ 

အနှစ်ချုပ်

သီရိလင်္ကာနိုင်ငံနဲ့ စီလုံတီး တွဲပြီးမြင်နိုင်အောင် လွယ်လွယ်လေးနဲ့ လုပ်လို့ရခဲ့တာတော့ မဟုတ်ပါဘူး။ အဲဒီလို ကြိုးစားအားထုတ်မှုတွေထဲက အဓိကကျတဲ့ အချက်တွေလို့ စာရေးသူမြင်မိခဲ့တဲ့ အချက် ၄ ချက်ကို ထုတ်နှုတ်တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာ့လက်ဖက်ကဏ္ဍအတွက်သာမက အခြားသော စီးပွားရေးကဏ္ဍတွေအနေနဲ့လည်း ဒီဆောင်းပါကနေ စဉ်းစားစရာ အချို့ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ 

ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က ဆက်လက် မျှဝေသွားပါမည်။

စာလုံးဖောင့်အမှားများဖြစ်ပေါ်နေပါက >>> https://greenwaymyanmar.com/posts/reason_famous_ceylon_tea

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်