ပန်းတိုင်အထွက်နှုန်းရရှိစေသည့် စပါးစိုက်နည်းပညာ

20/06/2025 13:30 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

စပါးသီးနှံကို မြန်မာနိုင်ငံပြည်နယ်နှင့်တိုင်း‌ဒေသကြီးအသီးသီးတွင် ရေမြေဒေသကွဲပြားမှု အခြေအနေအမျိုးမျိုးတို့၌ လွယ်ကူစွာစိုက်ပျိုးနိုင်သော်လည်း ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရာတွင် စပါးမျိုးနှင့် စပါးစိုက်ပျိုးနည်းစနစ် နည်းပညာ(၂)ရပ်လုံးသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ 

ဒေသရေမြေနှင့်ကိုက်ညီသော အထွက်ကောင်းစပါးမျိုး(High Yielding Variety-HYV) အားလုံးတွင် ရှိရင်းဗီဇအရ မြင့်မားသည့်အထွက်စွမ်းရည်ရှိပြီး ဖြစ်သည်။ အဆိုပါအထွက်စွမ်းရည် ကို ပြည့်ဝစွာရရှိရန် စိုက်ပျိုးနည်းစနစ်နည်းပညာကို စနစ်တကျကျင့်သုံးဆောင်ရွက်ရန် အထူးလိုအပ်ပါသည်။

၁။ အထွက်နှုန်းမိတ်ဖက်နှင့် ကြီးထွားကာလ

ဦးစွာ အထွက်နှုန်းမိတ်ဖက်ဆိုင်ရာအခြေခံအချက်အလက်များကို ကောင်းစွာသိရှိရန် လိုအပ်သည်။ သို့မှသာ အထွက်နှုန်းမိတ်ဖက်တစ်ခုချင်းကောင်းရေး လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြင့် စပါးအထွက်မြင့်မားစေမည် ဖြစ်ပါသည်။

စပါးအထွက်နှုန်းအခြေခံမိတ်ဖက်များမှာ-

(၁) စိုက်ကွက်တွင်ပါဝင်သည့် စပါးနှံပေါင်း 

(၂) စပါးတစ်နှံတွင် ပါဝင်သောအစေ့ပေါင်း 

(၃) အောင်စေ့ရာခိုင်နှုန်း

(၄) အစေ့ (၁၀၀၀) အလေးချိန် တို့ဖြစ်ပါသည်။

စပါးအထွက်၏မိတ်ဖက်များသည် စပါးအထွက်တွင်အောက်ပါအတိုင်း ပါဝင်ထွက်ရှိစေပါသည်။

စပါးအထွက်မိတ်ဖက်များကို အောက်ပါ စပါးပင်ကြီးထွားမှုကာလများက အဆုံးအဖြတ်ပြုပါသည်။

မိုးစပါးပန်းတိုင်အထွက်တင်း(၁၀၀)၊ နွေစပါးပန်းတိုင်အထွက်နှုန်းတင်း(၁၁၀) ရရှိရေး အတွက် ရှိသင့်သည့် စပါးအထွက်နှုန်းမိတ်ဖက်အခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁) အနှံ

တစ်စတုရန်းမီတာတွင် အနှံအရေအတွက် (၃၇၅) ခန့်လိုအပ်ပါသည်။ ပျိုးထောင် ကောက်စိုက်စနစ်တွင် တစ်ဧကလျင် ကောက်ကွက် (၁. ၁)သိန်း မှ (၁. ၉) သိန်းအတွင်း ထားရှိ စိုက်ပျိုးပါက တစ်ကျင်းလျှင် ( ၈- ၁၄ )နှံ ရှိရန် လိုအပ်သည်ဟု သိရှိရပါသည်။

အထွက်ကောင်းမျိုးကို အသုံးပြုစိုက်ပျိုးသော်လည်း လိုအပ်သောအနှံအရေအတွက် မရရှိပါက အောက်ပါအချက်များကိုပြုပြင်ရန် ဖြစ်ပါသည်။

(က) ညံ့သောမြေအားကောင်းအောင်ပြုပြင်ပါ။

(ခ) မြေဩဇာထည့်သွင်းမှု မှန်ကန်၊ စနစ်ကျပါစေ။

(ဂ) အပင်ပွားချိန်၌ ရေမပြတ်ရန် ၊ ရေလုံလောက်ရန် ထိန်းသိမ်းပါ။

(၂) အစေ့

တစ်နှံလျှင်စပါးစေ့(၈၀) မှ (၁၀၀)ရှိရန် လိုအပ်သည်ဟု သိရသည်။ ဤသို့မဖြစ်ပါက အောက်ပါအချက်များကို ပြုပြင်ရန် လိုအပ်မည် ဖြစ်ပါသည်။

(က) မှို့ကပ်ပြီး တစ်ပတ် မှ သုံးပတ်အတွင်း နေရောင်ခြည်လုံလောက်စွာရရှိရန် စိုက်ချိန်ကို ချိန်ဆစိုက်ပါ။

(ခ) ၄င်းအချိန်တွင် မြေဩဇာအဟာရပြည့်ဝအောင်ထည့်သွင်းပေးပါ။

(၃) အောင်စေ့ရာခိုင်နှုန်း

အောင်စေ့ရာခိုင်နှုန်းသည် (၈၀) အထက်တွင် ရှိရပါမည်။ ဤသို့မဖြစ်ပါက အောက်ပါ အချက်များကို ပြုပြင်ရန်လိုအပ်ပါသည်။

(က) ပန်းပွင့်ချိန်၌ အပူချိန် ၂၀ မှ ၃၅ ဒီဂရီအတွင်းရှိအောင် စိုက်ချိန်ကို ချိန်ဆ စိုက်ပါ။ ပန်းပွင့်ချိန်တွင်အပူချိန်မြင့်လွန်းခြင်း နှင့် နိမ့်လွန်းခြင်းမဖြစ်စေရပါ။

(ခ) အပင်ယိုင်လဲမှုမရှိစေရန် တစ်ဧကကောက်ကွက်ကို စိုက်ပျိုးသည့်မျိုးနှင့် မြေအမျိုး အစားအလိုက် ချိန်ဆ၍ စိုက်ရန်လိုအပ်သကဲ့သို့ ၊ နိုက်ထရိုဂျင်မြေဩဇာကိုလည်းချိန်ဆ၍ ထည့်သွင်းပေးပါ။

(ဂ) ပန်းပွင့်ချိန်တွင် ရေမပြတ်ရေးဆောင်ရွက်ပေးပါ။

(၄) အစေ့အလေးချိန်

အစေ့ (၁၀၀၀) အလေးချိန်(ဂရမ်)သည် (၂၀) အထက်တွင်ရှိရပါမည်။ အစေ့ (၁ဝဝဝ) အလေးချိန်သည် မျိုးအလိုက် ကွာခြားနိုင်သော်လည်း ၊ အောက်ပါအချက်များ ပြုပြင်ရန် လိုအပ်ပါသည်။

(က) ပန်းပွင့်ပြီးနောက်ပိုင်း အစာအဟာရလုံလောက်စေရန် အနှံထွက်ချိန်နှင့် ပန်းပွင့်ချိန် တွင် နိုက်ထရိုဂျင်မြေသြဇာကျွေးပေးပါ။

(ခ) မြေဩဇာအဟာရများထည့်သွင်းပေးခဲ့ခြင်းဖြင့် ပန်းပွင့်ချိန်တွင် အစာချက်ရန် အတွက် အရွက်အရေအတွက်လုံလောက်စေပြီး အရွက်ဧရိယာများစေရေး ဆောင်ရွက်ပါ။

၂။ လိုက်နာဆောင်ရွက်ရန်နည်းပညာများ

(၁) အထွက်ကောင်းစပါး (HYVs) မျိုးသန့် (Certified Seed) ကိုသာအသုံးပြုစိုက်ပျိုးရန်။

မျိုး သန့်ကိုအသုံးပြုခြင်းဖြင့် စပါးအထွက် ၁၅ မှ ၂၀ ရာခိုင်နှုန်း ပိုမိုထွက်ရှိနိုင်ပါသည်။ မျိုးမသန့် ပါက အနှံထွက်ပန်းပွင့်မှုမညီညာသည့်အတွက် အထွက်လျော့နည်းနိုင်ပါသည်။

(၂) တမန်းကောင်းရရှိအောင်ပြုပြင်ရန်နှင့် တမန်းမျက်နှာပြင်ညီညာအောင် ကြမ်းရိုက် မြေညှိရန်။

တစ်သီးပြီးတစ်သီးစိုက်သဖြင့် အချိန်လုရသောကြောင့်လည်းကောင်း၊ မြေပြင်ရန် ထွန်ယက်ရေးအခက်အခဲများကြောင့်လည်းကောင်း၊ “လယ်မှာအပုပ်”ဆိုသည့်အတိုင်း ပုပ်စပ် အောင် ထွန်ရေးမပြုပြင်ဘဲ တမန်းပူဖြင့် စိုက်ပါက စပါးအထွက်လျော့နည်းနိုင်ပါသည်။ 

တမန်းမျက်နှာပြင်ညီညာအောင် ကြမ်းရိုက်မြေညှိနိုင်မျှမရှိပါက ရေနေရေထိုင်မညီညာ ဖြစ်ကာ ပေါင်းမြက်ပြဿနာကြောင့် စပါးအထွက်လျော့နည်းနိုင်ပါသည်။

(၃) စပါးမှို့ကပ်ပြီး တပါတ်မှသုံးပါတ်အတွင်း နေရောင်ခြည်လုံလောက်စွာရရှိရေးနှင့် ပန်းပွင့်ချိန်၌ အပူချိန် မနိမ့်လွန်း မမြင့်လွန်းရေး (၂၀ံ မှ ၃၅ံ C အတွင်း)အတွက် စိုက်ချိန်ကို ချိန်ဆစိုက်ပျိုးရန်၊ 

စပါးနှံရှိ စပါးစေ့ကလေးများ စတင်မဖြစ်ပေါ်မီမှ ဖြစ်ပြီးစအချိန်များ(ပန်းမပွင့်မီ ၁၆ မှ - ၂၀ ရက်အလို-မှို့ကပ်ချိန်)တွင် နေရောင်ခြည်လုံလောက်စွာမရခြင်းကြောင့် စပါးနှံတွင် စပါးစေ့ များ ဖြစ်ပေါ်မျှ နည်းစေသည်။ 

အောင်စေ့ရာခိုင်နှုန်းနည်းခြင်းသည် အနှံထွက်ချိန်တွင်အပူချိန်နိမ့်လွန်း၍လည်းကောင်း (အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်အောက်) ၊ အပူချိန်မြင့်လွန်း၍လည်းကောင်း (အပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ်အထက်) ဖြစ်နိုင်ပါသည်။ ထို့ကြောင့်မစိုက်မီကြိုတင်တွက်ဆ၍ စိုက်ချိန်ကို ချိန်ဆ စိုက်ပျိုးသင့်ပါသည်။

(၄) စိုက်ပြီးပင်သေပင်ပျောက်များရှိပါကကောက်ဖါပေးပါ။ ရိတ်သိမ်းချိန်တွင် အနည်းဆုံး ကောက်ကွက် (၁. ၁) သိန်းကျန်ရှိစေရေးဆောင်ရွက်ရန်။

စိုက်ချိန်တွင် ကောက်ကွက်စိပ်စိပ်စိုက်ထားသော်လည်း ၊ ရေနေရေထိုင်နှင့် အကြောင်း အမျိုးမျိုးကြောင့် ကောက်ပင်များ အသေအပျောက်ရှိနိုင်ပါသည်။ ရိတ်သိမ်းချိန်တွင် ကောက်ကွက် (၁. ၁)သိန်း မပြည့်သောကြောင့် စပါးအထွက်လျော့နည်းနိုင်ပါသည်။ ထို့ကြောင့် စိုက်ပြီး (၇) ရက် မှ (၁၀)ရက်အတွင်း ကောက်ပင်ဖါရန် အထူးလိုအပ်ပါသည်။

တိုက်ရိုက်မျိုးစေ့ချစနစ်တွင်လည်း စပါးပင်အသေအပျောက်ကွက်လပ်များရှိပါက ထူသောနေရာမှ စပါးပင်ကိုခွဲယူ၍ ဖြည့်စိုက်ရန် လိုအပ်ပါသည်။

(၅) စိုက်ပြီးတစ်လအတွင်း ပေါင်းကင်းစင်စေရေးဆောင်ရွက်ရန်။

ပေါင်းမြက်ကြောင့် စပါးအထွက် လျော့နည်းနိုင်ပါသည်။ ပေါင်းမြက်သည် နေရောင်ခြည် အပင်အဟာရနှင့် ရေတို့ကို စပါးပင်နှင့်အပြိုင် လုယူစားသုံးပါသည်။ စိုက်ပြီးစ စောစောပိုင်း ကာလများတွင် ပေါင်းမြက်နှိမ်နင်းခြင်းမပြုပါက အထွက်နှုန်းကျဆင်းနိုင်ပါသည်။ ထို့ကြောင့် တမန်းညက်အောင်ထွန်ယက်ခြင်း၊ ကောက်ကွက်စိပ်စိပ်စိုက်ခြင်း၊ ပေါင်းသတ်ဆေးသုံးစွဲခြင်း ၊ ပေါင်းလိုက်ကရိယာဖြင့် ပေါင်းနှိမ်နင်းပေးခြင်း၊ လက်ပေါင်းလိုက်ခြင်း ရေကိုစနစ်တကျ ထိန်းသိမ်းပေးခြင်း-စသည့်နည်းလမ်းများကိုအသုံးပြု၍ စိုက်ပြီးရက်ပေါင်း(၃၀)အတွင်း ပေါင်းကင်းစင်စေရေးကို ဆောင်ရွက်ရန်လိုအပ်ပါသည်။

(၆) စိုက်ပျိုးရေလုံလောက်စွာရရှိရေး

စပါးအောင်မြင်စွာဖြစ်ထွန်းရေးအတွက် မိုးရေသောက်ဒေသတွင် ပုံမှန် တစ်လလျှင် မိုးရေချိန်(၈)လက်မနှင့် အထက်ရွာသောလ(၄)လနှင့်အထက်ရှိသောဒေသ ဖြစ်သင့်ပါသည်။ အကယ်၍ တစ်လလျှင် မိုးရေချိန် (၈)လက်မနှင့် အထက် ရွာသောလ (၃) လ ခန့်သာရှိပါက မဖြစ်မနေဆည်ရေရရှိရေး ဆောင်ရွက်ရန် လိုအပ်ပါသည်။ ၄င်းအပြင် ဆည်ရေသေချာသော ဒေသတွင်သာ စပါးစိုက်ရန် အထူးသင့်တော်ပါသည်။

ဆည်ရေသည်ထွန်ရေးပြုပြင်သည်မှ စပါးအနှံထွက်ကြီးထွားသည်အထိ လိုသလို ရရှိစေသင့်ပါသည်။ ရက်အလှည့်ကျသာ ဆည်ရေရရှိခြင်း ၊ မြောင်းဖျားသို့တိုင် ရေမရောက်ခြင်း တို့ကြောင့် ပျိုးထောင်ရေ၊ စိုက်ရေ ၊ အောင်ရေ စသည် အလိုအပ်ဆုံးအချိန်များတွင် ဆည်ရေလုံလောက်အောင် မရရှိပါက စပါးအထွက်လျှော့နိုင်ပါသည်။ 

 လိုအပ်သည့်အချိန်အလိုက် ဆည်ရေမရရှိပါက အချိန်မီ ပျိုးမထောင်နိုင်ခြင်း၊ ပျိုးသက်မှန်မစိုက်နိုင်ခြင်း ၊ ရေပြတ်၍ပေါင်းမြက်ထူပြောခြင်း ၊ အောင်ရေမရ၍ အနှံတစ်လစ် ဖြစ်ခြင်းများ ကြုံတွေ့ရတတ်ပါသည်။ ထို့ကြောင့် ဆည်ရေပြည့်ဝစွာရရှိရေး အထူးလိုအပ် ပါသည်။ 

(၇) ကောက်စိုက်ပြီး(၂၀)ရက်ထိရေစပ်စပ်ထား၍ (၂၅ - ၃၀)ရက်သားမှ မှို့ကပ်သည်ထိ ရေများများ ထည့်ပြီးလှောင်ထားရန်။

စိုက်ပြီး(၁၀)ရက်ခန့်မှစ၍ ပင်ပွားစထွက်ပြီး ၊ အနှံဖြစ်စေမည့်ပင်ပွားများထွက်ချိန် ဖြစ်သော စောစောပိုင်းကာလများတွင် ရေစပ်စပ်သာထားသင့်ပါသည်။ 

ထို့နောက်တွင် ရေများများလှောင်ထားခြင်းဖြင့် အနှံဖြစ်ပေါ်လာခြင်းမရှိနိုင်သော နောက်ပိုင်းမှထွက်လာမည့်ပင်ပွားများကို ကြီးထွားမှုမဖြစ်စေဘဲသေစေရန် ဖြစ်ပါသည်။ ထို့ကြောင့် ရေထိန်းသိမ်းမှုနည်းစနစ်ကို မှန်ကန်အောင် ဆောင်ရွက်ရန် လိုအပ်ပါသည်။

(၈) ပန်းပွင့်ပြီး (၂၅ ) မှ ( ၃၀ )ရက် (မောင်းညိုချိန်) တွင် စပါးရိတ်ရန်နှင့် ရိတ်သိမ်းချိန်လွန် နည်းပညာရပ်များကို အတိအကျလိုက်နာရန်။

စပါးရိတ်သိမ်းသည်မှ ကျီ ၊ ပုပ်၊ ဂိုဒေါင်ထဲရောက်သည်အထိ လုပ်ငန်းအဆင့်ဆင့်တိုင်းတွင် လေလွင့်ဆုံးရှံးမှုများ ရှိပါသည်။ စပါးရိတ်သိမ်းခြင်းနှင့် ရိတ်သိမ်းပြီးနောက်ပိုင်း ဆောင်ရွက် ရသည့် လုပ်ငန်းအဆင့်ဆင့်တွင် လေလွင့်ဆုံးရှံးမှုများမှာ-

ရိတ်သိမ်းချိန်လွန်နည်းပညာဆိုင်ရာအချက်အလက်များမှာ -

(က) စပါးကိုမောင်းညိုချိန်တွင်ရိတ်ပါ။

စပါးပန်းပွင့်ပြီး (၂၅) မှ (၃၀) ရက်သည် မောင်းညိုချိန် ဖြစ်ပါသည်။ ထိုအချိန်တွင် စပါးနှံ၏ ၈၅ % သောစပါးစေ့များသည် အဝါရောင်သို့ပြောင်းချိန်ဖြစ်ပါသည်။ ထိုအချိန်တွင် ရိတ်သိမ်းမှသာ စပါးစေ့ အကြွေသက်သာပြီး အလေအလွင့်သက်သာမည်ဖြစ်ပါသည်။

(ခ) ရိတ်သိမ်းပြီးပါက ချက်ခြင်းသယ်ယူ ချွေလှေ့ပါ။

လမ်းမပေါက်သေး၍လည်းကောင်း ၊ ၊ အချိန်မီ အမြန်သီးထပ်စိုက်လို၍လည်းကောင်း ကောက်လှိုင်းများကို ချက်ချင်းသယ်ယူချွေလှေ့ခြင်းမပြုဘဲ ၊ ကန်သင်းပေါ်တင်ထားခြင်း၊ ကောက်လှိုင်းမစည်းသေးမီ လယ်ကွက်ထဲတွင် အချိန်ကြာမြင့်စွာနေလှမ်းထားခြင်း ၊ ချွေလှေ့ခြင်းမပြုဘဲ ကောက်ဆိုင်ပုံထားခြင်း၊ တလင်းသို့သယ်ယူခြင်း၊ ချက်ခြင်းမချွေသေးဘဲ တလင်းတွင်ပုံထားခြင်း -စသည် စပါးနယ်ချွေလှေ့မှုနှောင့်နှေးခြင်းများကြောင့် စပါးအထွက် လျော့နည်းနိုင်ပါသည်။ တစ်ဧကအထွက်သည် ကျီ၊ ပုပ်၊ ဂိုဒေါင်ထဲဝင်သည့်ရရှိမျှဖြစ်ရာ စပါးရိတ်သိမ်းချွေလှေ့မှုနှောင့်နှေးလေ အထွက်လျော့နည်းလေ ဖြစ်ပါသည်။ 

ရိတ်သိမ်းသည်မှ ကြိတ်ခွဲသည်အထိ စုစုပေါင်းလေလွင့်ဆုံးရှုံးမှုသည် (၁၀) မှ (၃၅) ရာခိုင်နှုန်းဖြစ်သဖြင့် လုပ်ငန်းအဆင့်ဆင့်တိုင်းတွင် လေလွင့်မှုသက်သာလျော့နည်းအောင် စနစ်တကျဆောင်ရွက်နိုင်မှသာလျှင် ပန်းတိုင်စပါးအထွက်ကို ရရှိနိုင်မည်ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်