ရွေ့ပြောင်းတောင်ယာစနစ် ပပျောက်ဖို့မရှို့-မထွန်နည်းဖြင့် စိုက်ကြစို့

U Thein Su     12/01/2018 15:52 PM     Content Provider - Greenway
Photo - posters

၁။  ရွေ့ပြောင်းတောင်ယာစနစ်

တောင်ပေါ် တိုင်းရင်းသား ဒေသများတွင် ရွေ့ပြောင်းတောင်ယာ စနစ်ကို ကျင့်သုံး၍ သီးနှံများ(အထူးသဖြင့် တောင်ယာစပါး) ကို စိုက်ပျိုး လာခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ ဆောင်းနှောင်း ကာလရောက်လျှင် သီးနှံစိုက်ပျိုးမည့် တောင်ယာ အကွက်ကို စတင် ခုတ်ကြတော့သည်။ တောင်စောင်းတွင် ပေါက်နေသည့် သစ်ပင်များ၊ ဝါးရုံပင်များနှင့် ခြုံနွယ်ပေါင်း များကို ခုတ်လှဲ ပစ်ကြပြီး တောင်ယာကွက် အသစ်ကို ဖေါ်ထုတ်ကြသည်။ နွေဦး ရောက်သည်နှင့် ခုတ်လှဲထားသည့် အပင်ခြောက် များကို မီးရှို့ ကြတော့သည်။ ထိုကာလတွင် ကောင်းကင်တစ်ခွင်လုံး၌ မီးခိုးများ၊ပြာများဖြင့် ဖုံးလွှမ်းလျက် ရှိပါသည်။ မိုးဦး ကျသည့် အခါ အဓိက တောင်ယာစပါးကို စူးထိုး၍ စိုက်ကြသည်။ အချို့ဒေသများတွင်မူ ကျွဲ၊နွားများ တို့ဖြင့် ထယ်ထိုးပြီး စိုက်ပျိုးကြသည်။ သီးနှံပင်များ ကြီးထွားလာချိန်တွင် ပေါင်းပင်များလည်း ပေါက်ရောက် ရှင်သန်ကြီးထွားး လာကြသည်။ တောင်ယာကွက်တွင် ပေါင်းရှင်း ပေးရမှုသည် အဓိက လုပ်ငန်းတစ်ခု ဖြစ်သည်။ ပေါင်းမရှင်းလျှင် သီးနှံ အထွက်လည်း များစွာ ကျဆင်း သွားတတ် သည်။

ပထမနှစ် စိုက်ပျိုးပြီးလျှင် ဒုတိယနှစ်ကို ဆက်ပြီး စိုက်တတ် ကြသည်။ သို့ရာတွင် ပေါင်းပြဿနာသည် ပထမနှစ်ထက် ပိုမို ကြီးထွား လာသည်။ သို့အတွက် ပေါင်းကို အဓိကထား နှိမ်နှင်း ကြရသည်။ အချို့ကလည်း တစ်နှစ် စိုက်ပြီးလျှင် နောက်တစ်နေရာသို့ ရွေ့ပြောင်းပြီး တောင်ယာခုတ် မီးရှို့ကြတော့သည်။ အတိတ်ကာလက ရွေ့ပြောင်း တောင်ယာစနစ် စိုက်ပျိုးရာတွင် အခင်းအဟောင်းကို (၁၀)နှစ်ကျော် အထိ လှပ်ထား၊ ပစ်ထားနိုင်ခဲ့ ကြသော်လည်း ယနေ့ အချိန်တွင် ငါးနှစ်ခန့်သာ လှပ်ထားနိုင်ခဲ့ ကြတော့သည်။ ရွေ့ပြောင်း တောင်ယာ အကွက်များ သည်လည်း ရွာနှင့် ပိုပိုပြီး ဝေးကွာ လာကြရ တော့သည်။ သီးနှံ အထွက်နှုန်းများလည်း တဖြည်းဖြည်း လျော့နည်းလာကြသည်။

။  ရွေ့ပြောင်းတောင်ယာစနစ်၏ ဆိုးကျိုးများ

(၁) နှစ်စဉ်နှစ်တိုင်း တောင်ယာခုတ်၍ မီးရှို့နေကြသဖြင့် သစ်တောများ ပြုန်းတီးလာရသည်။

(၂) လေထုညစ်ညမ်းမှုများ ဖြစ်၍ကမ္ဘာကြီး ပူနွေးစေသည့် ဓါတ်ထုတ်လုပ်မှုများ ပိုမိုများပြားလာသည်။

(၃) မြေဆီလွှတိုက်စားခံရမှုများ ပိုမိုများပြားလာသည်။

(၄) မြေဆီသြဇာ အာဟာရဓါတ်များ ပိုမိုလျော့နည်းခမ်းခြောက်လာသည်။

(၅) တောင်ကတုံးများ ပိုမိုများပြားလာသည်။

(၆) တောင်ယာကွက်များသည် ရွာများနှင့်ပိုမို၍ ဝေးလာကြသည်။

(၇) သီးနှံအထွက်များ များစွာလျော့နည်း ကျဆင်းလာသည်။

(၈) စားနပ်ရိက္ခာ မလောက်ငမှုများ ပိုမိုလာရသည်။

(၉) ဆင်းရဲမှု ပိုမိုများပြားကြာရှည် လာရတော့သည်။

၃။  မရှို့-မထွန်စိုက်ပျိုးနည်းစနစ်

စာရေးသူသည် Voice Weekly ဂျာနယ်တွင် ဆောင်းပါး နှစ်ပုဒ် ရေးသားခဲ့ဖူး ပါသည်။ ၂၀၁၁ နိုဝင်ဘာလ(၇ )  ရက်နေ့ ထုတ်တွင် “သဘာဝဝန်းကျင် မပျက်စိုက်ပျိုးရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ၂၀၁၂ဖေဖေါ်ဝါရီလ ၂၇ရက်နေ့ ထုတ်တွင် “ဥတုရာသီ ဖေါက်ပြန်မှုကို လျော့နည်းစေသည့် စိုက်ပျိုးနည်းစနစ်” ခေါင်းစဉ်ဖြင့် လည်းကောင်း ရေးသားခဲ့ပါသည်။ အဓိက အကြောင်းအရာမှာ တောင်ယာများကို မီးမရှို့ပဲ ရွေ့ပြောင်းရန် မလိုသည့် စိုက်ပျိုးရေး နည်းစနစ်ကို ဖေါ်ပြထားခြင်း ဖြစ်ပါသည်။ ဤနည်းစနစ်မှာ၊-

(က) တောင်ယာကွက်ကို ခုတ်ပြီးလျှင်သော် လည်းကောင်း၊ သီးနှံပင် အဟောင်းများကို ခုတ်ရှင်း ပြီးလျှင်သော် လည်းကောင်း၊ မီးမရှို့ပဲ မြေပြင်ပေါ် အနှံ့ ဖုံးအုပ်ပေးခြင်း

(ခ) မြေကြီးကို ထယ်ထိုး ထွန်မွှေခြင်းများ မပြုလုပ်ပဲ စိုက်မည့်နေရာတွင်သာ စိုက်ကြောင်းဖေါ်၍ စိုက်ပျိုးခြင်း၊ စူးထိုး၍ စိုက်ပျိုးခြင်း

(ဂ) သီးနှံ တစ်မျိုးတည်း မစိုက်ပျိုးပဲ၊ သီးညှပ် စိုက်ပျိုးခြင်း၊ သီးနှံစုံ ရောနှော စိုက်ပျိုးခြင်း၊ သီးနှံအလှည့်ကျ စိုက်ပျိုးခြင်း၊ စသည်တို့ ဖြစ်သည်။

၄။ မရှို့-မထွန်စိုက်ပျိုးနည်း စနစ်နှင့် Welthungerhlife အဖွဲ့အစည်း

ဤနည်းစနစ်ကို ဂျာမနီနိုင်ငံ အခြေစိုက် Welthungerhlife (WHH) အဖွဲ့သည် ၂၀၁၁ခုနစ်တွင် စတင် ကျင့်သုံးခဲ့သည်။ ရှမ်းပြည် မြောက်ပိုင်းရှိ စီမံကိန်း ကျေးရွာ တစ်ရွာဖြစ်သည့် လားရှိုးမြို့နယ်၊ ခေးနင်းအုပ်စု စံဖြတ်ကျေးရွာမှ ပလောင်လူမျိုး ဦးအိုက်ဆော ၏ ပြောင်းဖူးစိုက်သည့် တောင်ယာကွက်တွင် ဤနည်းစနစ်ကို ကျင့်သုံးခဲ့သည်။ ၂၀၁၀ခုနစ်တွင် စိုက်ပျိုးခဲ့သည့် ပြောင်းခင်းမှ ပြောင်းဖူးပင် အခြောက်များနှင့် ပေါင်းမြက်များကို ခုတ်ထွင် ရှင်းလင်းပြီး မီးရှို့မပစ်ပဲ မြေပေါ်တွင် ဖြန့်ကြဲ၍ ဖုံးအုပ် ပေးထားခဲ့ သည်။ ၂၀၁၁ခုနစ် ပြောင်းဖူး စိုက်ချိန်တွင် မြေကြီးကို ထယ်ထိုး ထယ်မွေမှုများ မပြုလုပ်ခဲ့ပဲ ပြောင်းဖူး စိုက်မည့် နေရာတွင်သာ စိုက်ကြောင်းဖေါ်၍ မျိုးစေ့ချပြီး စိုက်ပျိုးခဲ့သည်။ ပြောင်းဖူးပင်များကြားထဲတွင် ပဲယင်းကို သီးညှပ်အဖြစ် စိုက်ပျိုးပေးခဲ့သည်။ ပြောင်းဖူးရော ပဲယင်းပါ ဖြစ်ထွန်းမှု ကောင်းမွန်ခဲ့ပြီး အထွက်လည်း ကောင်းခဲ့ပါသည်။ ထိုစိုက်ခင်းသို့ Welthungerhlife စီမံကိန်း၏ ကျေးရွာမှ တောင်သူပေါင်း (၈၀၀)ကျော်ကို လည်း လေ့လာရေး ခေါ်ယူ ပြသခဲ့ ပေးခဲ့သဖြင့် ယခု ၂၀၁၂ခုနှစ် စိုက်ပျိုး ရာသီတွင် ဤ မီးမရှို့-မထွန်နည်းကို တောင်သူများ စမ်းသပ် ကျင့်သုံးခဲ့ရာ စီမံကိန်းကျေးရွာ၂၆ရွာတွင် စိုက်ကွက်ပေါင်း (၁၇၀) ကျော် ပေါ်ထွက် လာခဲ့ပါသည်။

၅။  မရှို့-မထွန်စိုက်ပျိုးနည်းစနစ်နှင့် နှစ်ရှည်ပင်စိုက်ပျိုးရေး

စာရေးသူ၏ Voice Weekly ဂျာနယ်တွင် ဖေါ်ပြခဲ့သော ဆောင်းပါးနှစ်စောင်ကို ဖတ်ရှုပြီးနောက် မရှို့-မထွန် စိုက်ပျိုးရေး စနစ် အပေါ် စိတ်ဝင်စားသူများ ရှိလာကာ စာရေးသူ ထံသို့ ဖုန်းဖြင့် ဆက်သွယ်၍ မေးမြန်းမှုများ အများအပြား ပြုလုပ်ခဲ့ကြပါသည်။

ထိုအထဲတွင် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကံပေါက်ကျေးရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် တိုတယ်ရေနံ ကုမ္ပဏီမှစိုက်ပျိုးရေး တာဝန်ခံဦးရန်လင်းနှင့် တနသာင်္ရီ သဘာဝကြိုးဝိုင်း စီမံကိန်း ညွန်ကြားရေးမှူး ဦးတင့်ဆွေတို့လည်း ပါဝင်ခဲ့သည်။ ထိုပုဂ္ဂိုလ်များ၏ အစီအစဉ်ဖြင့် စာရေးသူသည် ကံပေါက် ကျေးရွာများသို့ ၂၀၁၂ခုနစ်ဧပြီလ ဒုတိယအပတ်အတွင်း သွားရောက်ခဲ့ပြီး တောင်သူပညာပေး ဟောပြောပွဲများ နှင့် လက်တွေ့ကွင်းဆင်း ရှင်းလင်း ပွဲများ ပြုလုပ်ပေးခဲ့ပါသည်။

ထိုအချိန်က တောင်သူများ အဓိက သိလိုခဲ့ကြသည်မှာ သူတို့၏ ရော်ဘာ၊ သီဟိုရ်နှင့် ကွမ်းသီးခြံ စိုက်ခင်းများတွင် မရှို့-မထွန် နည်းစနစ်ကို မည်ကဲ့သို့ ကျင့်သုံးနိုင်သည်ကို သိလိုခဲ့ကြခြင်း ဖြစ်ပါသည်။ ဤနှစ်ရှည်ပင်များ စိုက်ပျိုးရာတွင် ပထမဦးစွာ တောခုတ်၍ အပင်များ ခြောက်သွေ့သွားသော အခါ အပင်ခြောက်များကို မီးရှို့ခြင်း၊ ရှင်းလင်းခြင်းများ ပြုလုပ်ကြသည်။ ထို့နောက် စိုက်ကျင်းပန္နက်များ သတ်မှတ်ကြပြီး ရော်ဘာပင်၊ သီဟိုရ်ပင်၊ ကွမ်းသီးပင် စသည်တို့ကို စိုက်ပျိုးကြကာ ကြားထဲမှ မြေကွက်လပ်ကို ထယ်ထိုး-ထွန်မွှေ လုပ်ပေးကြသည်။

ဤနှစ်ရှည်ပင်များကို မရှို့-မထွန်နည်းဖြင့် စိုက်ပျိုး မည်ဆိုပါက ပထမဦးစွာ တောခုတ် ထားသည့် အပင်ခြောက်များကို မီးမရှို့ပစ်ပဲ မြေပြင် အနှံ့ ဖုံးအုပ်ထား ပေးရပါသည်။ ကြီးမားသော အကိုင်းအခက် ပင်စည် များကိုမူ စိုက်ခင်း အပြင်ဘက်သို့ ဆွဲထုတ် ထားရပါသည်။ စိုက်မည့် နှစ်ရှည်ပင် အမျိုးအစား ပေါ်မူတည်၍ ပန္နက်ငုတ်များ စိုက်ပေးပြီး စိုက်ကျင်းကို စနစ်တကျ တူးဖေါ်ကာ နှစ်ရှည်ပျိုးပင်ကို စိုက်ပျိုးပေးရပါမည်။ ကြားကွက်လပ်ရှိ မြေကြီးကို ထယ်ထိုး-ထယ်မွှေခြင်း ပြုလုပ်ပေးရန် မလိုပါ။ ပေါင်းပေါက်ရောက်မှုကို ကာကွယ်ရန် ပဲယင်းကဲ့သို့သော ပဲတစ်မျိုးမျိုးကို ကြဲပက်ပေးထားပါက မြေဖုံးသီးနှှံလည်း ဖြစ်သွားမည့် အပြင် မြေကြီးထဲသို့လည်း နိုက်ထရိုဂျင်နှင့် သစ်ဆွေးဓါတ်ကို ပြန်လည် ဖြည့်ဆည်းပေး နိုင်မည် ဖြစ်ပါသည်။ ဤနည်းစနစ် အတိုင်း ရေဖြူမြို့နယ် (ပယတောင်)ရွာမှ ဦးလွန်းဟန်သည် သူ၏ ကွမ်းသီးခြံကို စိုက်ပျိုးထားသည်ဟု သိရှိရပါသည်။

၆။  လူမသိသူမသိဖြင့် အောင်မြင်စွာ ဖြစ်ထွန်းနေသည့် ချင်းတောင်ပေါ်မှ မရှို့-မထွန်စိုက်ခင်းများ

စာရေးသူသည် မရှို့-မထွန် စိုက်ပျိုးစနစ် ကျယ်ကျယ်ပြန့်ပြန့် ပြန့်ပွားစေရန်အတွက် နီးစပ်ရာများကို သတင်းဖြန့်ဝေခြင်း အကြံဉာဏ် ပေးခြင်းများ ပြုလုပ်ရင်းဖြင့် သတင်းအချက်အလက်များလည်း စုဆောင်း ရရှိခဲ့ရာ၊ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော် ကတည်းက ဤစနစ်ကို အောင်မြင်စွာ ကျင့်သုံးနေသည့် ချင်းတောင်ပေါ်မှ ရွာလေးတစ်ရွာအကြောင်းကို ကြားသိခဲ့ရပါသည်။ ထိုရွာမှာ ဖလမ်းမြို့နယ်၊ လန်တဲ (Len Te) ကျေးရွာအုပ်စု အတွင်းမှ ဝမ်တလုတ်(Vom Tluk) ဆိုသည့် အိမ်ခြေ (၁၁)အိမ်မျှ သာရှိသော ရွာလေးတစ်ရွာ ဖြစ်ပါသည်။ စာရေးသူသည် စိမံကိန်းဝန်ထမ်း၂ဦး၊ စီမံကိန်းရွာများမှ ရွာသား(၅)ဦးဖြင့် ချင်းတောင်ပေါ်မှ ဝမ်တလုတ်ရွာသို့ မေလ တတိယအပတ် အတွင်း လေ့လာရေး သွားရောက်ခဲ့ပါသည်။

ရွေ့ပြောင်းတောင်ယာမလုပ်တော့သည့် ဝမ်တလုတ်ရွာ

၀မ်တလုတ်ရွာသည် ဖလမ်းမြို့နယ်နှင့် ဟားခါးမြို့အကြားတွင် တည်ရှိပြီး ဖလမ်းမှ (၁၅)မိုင်ခန့်အကွာ၊ ပေ၆၀၀၀ခန့် အမြင့်တွင် တည်ရှိသော ရွာလေးတစ်ရွာ ဖြစ်ပါသည်။ ဝမ်တလုတ်ရွာကို သွားပါက ဖလမ်းမှ (၈)မိုင်ခန့် ကွာဝေးသည့် ဖလမ်း-ဟားခါးသွား ကားလမ်းဘေးမှ (လုံပီး)ရွာသို့ ပထမ သွားရပါသည်။ လုံပီးရွာမှ အတွင်းဘက် သို့ နောက်ထပ်(၇)မိုင် ခန့်ကို ထော်လာဂျီဖြင့် သွားပါမှ ဝမ်တလုတ်ရွာသို့ ရောက်ပါသည်။ ဝမ်တလုတ် ရွာလေးကို လွန်ခဲ့သည့် နှစ်ပေါင်း (၃၀)ခန့် ကမှ စတင် တည်ထောင်ခဲ့ပြီး တည်ထောင် ကာစ တွင် အိမ်ခြေ (၁၀)အိမ်ပင် မရှိခဲ့ပါ။ ရွာတည်ကာစတွင် တောင်ယာခုတ်၊ တောမီးရှို့ တောင်ယာစပါး နှင့် ဒေသ ပြောင်းဖူးမျိုး များကို စိုက်ပျိုးခဲ့ကြသည်။

နောင်နှစ်များတွင်မူ တောင်ယာအသစ် မခုတ်တော့ပဲ ရှိရင်းစွဲ နေရာတွင်သာ မရှို့-မထွန်နည်းဖြင့် ဆက်လက်လုပ်ကိုင် လာခဲ့ကြရာ ယခုအချိန်တွင် နှစ်ပေါင်း(၂၇) နှစ်ခန့်ကြာမြင့်ခဲ့ပြီဟု ကျေးရွာသားတစ်ဦး ဖြစ်သည့် ဦးဟွေလင်း (၄၈)နှစ်က ပြောပြခဲ့သည်။

ပထမဦးစွာ မရှို့-မထွန် နည်းစနစ်ကို စတင် ကျင့်သုံးခဲ့သူများမှာ ဦးနုတ်ကျဲ(၇၃)နှစ်၊ ဦးဗဲလ်ရင်း(၆၈)နှစ်၊ ဦးဇွမ်ထန်း(၅၀)နှစ်နှင့် ဒေါ်သလုတ်ဉာဏ်(၇၀)နှစ် တို့ဖြစ်ကြောင်း ဦးဟွေလင်းမှ ရှင်းပြခဲ့ပါသည်။ ယခုအခါအိမ်ခြေ (၁၁)လုံးသည် မရှို့-မထွန် နည်းဖြင့်သာ တောင်ယာကို လုပ်ကိုင် စားသောက်နေကြပြီး ရွေ့ပြောင်းတောင်ယာ ခုတ်ခြင်းကို လုံးဝ မပြုလုပ်တော့ပါ။ ဦးဟွေလင်း အပြင်၊ ဦးလှေထန်း၊ ဒေါ်ဗွေတလမ်း မိသားစု၏ စိုက်ခင်းများ ကိုလည်း လေ့လာခဲ့ရပါသည်။ အဓိက စိုက်ပျိုး သီးနှံများမှာ တောင်ယာစပါး၊ ဒေသပြောင်းဖူး၊ စားတော်ပဲ၊ ပဲယင်း၊ ခွေးအပဲ၊ သစ်ခရမ်း(ခရမ်းခါး) နှင့် တောင်ယာ ဟင်းသီး ဟင်းရွက်များ ဖြစ်ပါသည်။ ဦးလှထွန်း-ဒေါ်ဗွေတလမ်း တို့တွင် စိုက်ပျိုးမြေ ဧက (၆)ဧက ကျော်ခန့့် ရှိပြီး  မိုးတွင်းတွင် ပြောင်းဖူးစိုက်ပြီး မိုးနှောင်းကာလတွင် စားတော်ပဲ စိုက်ပါသည်။ သီးနှံပင် အကြွင်းအကျန်များနှင့် ပေါင်းမြက်များကို ခုတ်ထွင် ရှင်းလင်း ပြီးလျှင် လုံးဝ မီးမရှို့ တော့ပဲ စိုက်ပျိုး မြေပေါ်တွင် ဖြန့်အုပ် ထားပေးကာ မြေဆွေး အဖြစ် ပြန်လည် ရောက်ရှိသွား စေပါ  သည်။ စိုက်ချိန် တွင် ပေါက်ပြားဖြင့် စိုက်ကျင်းဖေါ်၍ ပြောင်းဖူးကို စိုက်ပျိုးပြီး စားတော်ပဲ ကိုမူ ကြဲပက် စိုက်ပျိုးလိုက် ကြပါသည်။ ပြောင်းဖူးကို (၃)ဧက စိုက်ပျိုးပြီး မျိုးမဖြစ်(၁)ပုံး (နို့ဆီဗူး၆၀) စိုက်ခဲ့ရာ အထွက် (၁၄၀)ခန့် ထွက်ရှိ ခဲ့ပါသည်။ စားတော်ပဲ (၃)ဧက ကိုလည်း မျိုး(၈)ပုံးခန့် ကြဲပက်ခဲ့ပြီး အထွက်ပုံး (၇၀)ခန့် ရရှိပါသည်။ ပြောင်းခင်းထဲ တွင်လည်း စက်တင်ဘာလ နောက်ဆုံးပတ်တွင် စားတော်ပဲ ကြဲပက်ပေး တတ်ပါသည်။ ဤမရှို့-မထွန် နည်းအတိုင်း ဦးလှေထန်း စိုက်ပျိုး ခဲ့သည်မှာ အနှစ်(၂၀)ကျော် ရှိလာခဲ့ပြီး၊ ရွေ့ပြောင်းတောင်ယာ အသစ်လည်း မခုတ်တော့ပဲ၊ အမြဲတမ်း စိုက်ကွက်အဖြစ် တစ်နေရာ တည်းမှာပင် စိုက်ပျိုး လုပ်ကိုင် လာခဲ့ပါသည်။ ဦးလှေထန်း၏ စိုက်ကွက်တွင် မြေသားထုသည် အလွန်ထူပြီး မွနေ ပါသည်။ ဦးလှေထန်းနှင့် ဦးဟွေလင်း တို့၏ စိုက်ကွက်များမှ မြေနမူနာများကို ယူဆောင်ခဲ့ပြီး မြေဆီလွှာ ဓါတ်ခွဲ စမ်းသပ်ခဲ့ရာတွင် အပင်များမှ စုပ်ယူစားသုံးနိုင်သည့် နိုက်ထရိုဂျင်ဓါတ် (200 ppm)ကျော်၊ ဖေါ့စ်ဖရပ်စ်ဓါတ်(15 ppm)ကျော် နှင့် ပိုတက်ဆီယမ်(250 ppm)ကျော် ရှိနေကြောင်း တွေ့ရှိခဲ့ရပါသည်။ အာဟာရဓါတ် ပါဝင်မှု အလွန် များပြားကြောင်း ဖေါ်ပြနေပါ သည်။ အံ့သြဖွယ်ရာ ကောင်းသည်မှာ သူတို့သည် ဓါတ်မြေသြဇာ လုံးဝမသုံးပဲ အိမ်တွင်လည်း ဆေးဖျန်းပုံးပင် မရှိကြပါ။ နွားချေးဝက်ချေး တို့ကို ရနိုင်သလောက် ထည့်ပေးကြပြီး အဓိကမှာ ပေါင်းမြက်များကို မီးမရှို့ပဲ မြေဆွေးအဖြစ် ပြန်လည်ရောက်ရှိ သွားစေခြင်း ဖြစ်ပါသည်။  “ကျွန်တော်တို့ကတော့ ပေါင်းရှည်လေ-ထူလေ ပိုကြိူက်လေပါပဲ။ ခုတ်ပြီးမြေကြီးထဲကို ပြန်ထည့်ပေးရတာ များများရတော့ မြေသြဇာကောင်း တာပေါ့ဗျာ” ဟု ဦးလှေထန်း-ဦးဟွေလင်းတို့က ပြောပြကြပါသည်။

၇။ ရွေ့ပြောင်းတောင်ယာစနစ် ပပျောက်ဖို့ အကြောင်းပေါင်းစုံလာပါပြီ

သဘာဝ ဝန်းကျင်မပျက် စိုက်ပျိုးရေး (Conservation Agriculture) စနစ်ကို ကမ္ဘာ့နိုင်ငံ အများ အပြားတွင် ကျယ်ကျယ် ပြန့်ပြန့် ကျင့်သုံး ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာနိုင်ငံတွင်မူ ဤအမည်ကို မှည့်ခေါ် အသုံးပြုပြီး ဤစနစ်ကို ကျင့်သုံးမှုမှာ ၂၀၁၁ခုနစ်တွင် Welthungerhilfe(WHH) စီမံကိန်းမှ စတင်ခဲ့သည်ဟု ပြောရလျှင် မှားမည် မထင်ပါ။ သဘာဝ ဝန်းကျင်မပျက် စိုက်ပျိုးရေးတွင် အဓိကအားဖြင့် လုပ်ငန်းစဉ် (၃)ရပ်ပါဝင်သည်။

(၁) မြေကြီးကို လုံးဝမထွန်ယက်ခြင်း (သို့မဟုတ်) အနည်းငယ်မျှသာ စိုက်မည့်နေရာကို စိုက်ကျင်းတူးခြင်း (သို့မဟုတ်) စိုက်ကြောင်းပေးခြင်း။

(၂) မြေကြီးကို အပင် အကြွင်းအကျန် များဖြစ်စေ၊ ပဲယင်း ကဲ့သို့ သီးနှံဖြစ်စေ အမြဲမပြတ် ဖုံးအုပ်ပေးထားခြင်း။

(၃)သီးနှံတစ်မျိုးတည်း မစိုက်ပျိုးပဲ သီးနှံမျိုးစုံကို ရောနှော၍ဖြစ်စေ၊ အလှည့်ကျဖြစ်စေ၊ စိုက်ပျိုးပေးရခြင်း စသည့် လုပ်ငန်းစဉ်များ ဖြစ်ပါသည်။

Welthungerhilfe (WHH) အဖွဲ့သည် ဤလုပ်ငန်းစဉ်များ အတိုင်း စီမံကိန်းကျေးရွာ များကို သင်တန်းများ ပေး၍ သဘာဝ ဝန်းကျင်မပျက် သီးနှံစိုက်ပျိုးကွက်များကို အကောင်အထည် ဖေါ်စေခဲ့ပါသည်။ ရွာသူရွာသားများ အလွယ်တကူ မှတ်သား ခေါ်ဝေါ်နိုင်စေရန် မရှို့-မထွန်နည်း ဟူ၍ ခေါ်ဝေါ် သမုတ် ထားပါသည်။

Welthungerhlife(WHH) အဖွဲ့မှ ယခုကဲ့သို့ စတင် လုပ်ဆောင်နေစဉ် အတွင်း ချင်းတောင်ရှိ ဝမ်တလုတ်ရွာမှ ရွာသားများမှာမူ သူတို့၏ ဘဝပေး အသိ၊အတွေ့အကြုံဖြင့် လုပ်ကိုင်လာခဲ့ကြရာ နှစ်ပေါင်း(၂၀)ကျော် ရှိလာပါပြီ။ လုပ်ငန်းစဉ်(၃)ခုလုံး မပါဝင်သော်လည်း အလွန် အရေးကြီးသည့် အပိုင်းဖြစ်သည့် ပေါင်းမြက်များကို မီးရှို့မပစ်ပဲ၊ မြေဆွေးအဖြစ် မြေကြီးထဲသို့ ပြန်လည် ရောက်ရှိအောင် နှစ်စဉ်ထည့်ပေးနေခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ ပြုလုပ်ပေးသဖြင့် မြေဆီသြဇာလည်း ပျက်သုဉ်း မသွားတော့ပဲ ပေါင်းပြဿနာကိုလည်း ထိန်းသိမ်း ကာကွယ်ထားနိုင် နေကြပါသည်။ တောင်ယာ အသစ်ခုတ်၍ ရွေ့ပြောင်းမှု ကိုလည်း လုပ်ဖို့ မလိုတော့သဖြင့် မြေပြန့်မှ လယ်ယာမြေများကဲ့သို့ပင် နှစ်စဉ်နှစ်တိုင်း တစ်နေရာ တစ်ကွက်တည်းမှာပင် ဆက်လက် စိုက်ပျိုးသွား ကြပါတော့သည်။ တောင်ယာခုတ်ပြီးနောက် ထွက်ပေါ်လာသည့် အပင်ခြောက်များ၊ ပေါင်းမြက်ခြောက်များကို မီးရှို့ရမည် ဟူသည့် အသိမှာ ဘိုးဘွား စဉ်ဆက်ကတည်းက ဖြစ်တည်လာခဲ့သဖြင့် ထိုအလေ့အထကို ပြောင်းလဲပစ်ရန်မှာ လွယ်မယောင်နှင့် အလွန်ပင် ခက်ခဲလှသည့် စည်းရုံးရေးလုပ်ငန်း စဉ်တစ်ခုဖြစ်ပါသည်။ မီးမရှို့ပဲ မနေနိုင်ကြပါ။ တောင်ယာကွက်တွင် အမှိုက်တွေနှင့် ရှုပ်နေပြီးစိုက်ပျိုး လုပ်ကိုင်၍ မရနိုင်ဟုပင် အထင်က ရှိနေနှင့်ပြီး ဖြစ်နေသည်။ သို့အတွက် မီးရှို့ပစ်လိုက်ရမှကို အလုပ်ပြီးသွားသည်ဟု မှတ်ယူထားကြပါသည်။

၈။ ရွေ့ပြောင်းတောင်ယာစနစ် ပပျောက်ရန် သတင်းအချက်အလက် ပျံ့နှံ့ရေးနှင့် နည်းပညာပြန့်ပွားရေး

စာရေးသူ၏ ဆောင်းပါးနှစ်စောင်ကို ဖတ်ရှုပြီးနောက် စားရေးသူထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း စုံစမ်းသူများထဲ တွင် ချင်းပြည်နယ် တီးတန်မြို့မှ ဓမ္မဆရာ တစ်ဦးလည်း ပါဝင်ခဲ့ပါသည်။ စာရေးသူတို့ အကောင်အထည် ဖေါ်နေသည့် လားရှိုးမြို့ နယ် မှ စိုက်ကွက်သို့ တီးတိန်မှ တောင်သူများအား လေ့လာရေးခရီး ပို့ပေးလိုပါသည်ဟု ပြောကြားလာပါသည်။ အမှန်မှာ လားရှိုးမြို့နယ် စံဖြတ်ကျေးရွာမှ စာရေးသူတို့ စိုက်ကွက်ထက် ပိုမိုကောင်းမွန်သည့် ဝမ်တလုတ်ကျေးရွာရှိ စိုက်ကွက်များ အကြောင်းကို ထိုဆရာတော် မသိရှိ၍ ဖြစ်ပါသည်။ နီးလျက်နှင့်ဝေး ဆိုသကဲ့သို့ ဖြစ်နေပါသည်။ တီးတိန်မှ ဆရာတော်ကို ဖလမ်းမြို့နယ် ဝမ်တလုတ်ကျေးရွာသို့ လေ့လာရေး သွားရောက်နိုင်ရန် အကြံပေးခဲ့ပြီး အသေးစိတ်ကိုပါ လမ်းညွန် ပေးခဲ့ပါသည်။

၀မ်တလုတ်ကျေးရွာတွင် ရွေ့ပြောင်းတောင်ယာ မခုတ်တော့ပဲ ဤစနစ်အတိုင်း လုပ်ကိုင် စားသောက်လာခဲ့သည်မှာ နှစ်ပေါင်း (၂၀)ကျော်ခဲ့ပြီး ဖြစ်သော်လည်း မနီးမဝေးရွာများ ဖြစ်ကြသည့် လင်းတဲ၊ လိုင်ဇူး၊ ဟွမ်းပီးကျေးရွာမှ ရွာသူရွာသားများ မှာမူ ရွေ့ပြောင်းတောင်ယာ စနစ်အတိုင်း စိုက်ပျိုး လုပ်ကိုင်ကြဆဲဟု ကြားသိရခဲ့ပါသည်။ ဝမ်တလုတ်တွင် အောင်မြင်နေမှုကို မသိခဲ့ကြ၍ ပဲလား၊ မီးမရှို့ရလျှင် မနေနိုင်ကြ၍ပဲလား မပြောတတ်ဟု ဦးလှေထန်းက ပြောပြပါသည်။ သတင်းအချက်အလက် ပျံ့နှံ့ရေး စေ့ဆော်တိုက်တွန်းအား တစ်ခုတော့ လိုနေမည် ထင်ပါသည်။ စာရေးသူ အနေဖြင့်မူ WHHအဖွဲ့၏ လားရှိုးမြို့နယ် အတွင်းရှိ စီမံကိန်းကျေးရွာများမှ မရှို့-မထွန် စိုက်ကွက် များသို့ လေ့လာရေး လာကြရန်နှင့် ချင်းပြည်နယ် ဖလမ်းမြိူ့နယ်အတွင်း ရှိ ဝမ်တလုတ်ကျေးရွာမှ အောင်မြင်ဖြစ်ထွန်းနေသည့် မရှို့-မထွန် စိုက်ကွက်များသို့ လေ့လာရေး သွားရောက်ကြရန် နှိုးဆော် တိုက်တွန်း လိုပါသည်။

သဘာဝဝန်းကျင်မပျက် စိုက်ပျိုးရေး နည်းပညာသည် ထူးခြား ဆန်းကျယ်လှသည်တော့ မဟုတ်ပါ။ လုပ်လေ့ လုပ်ထ မရှိခဲ့ဖူး သည့် အချို့ လုပ်ငန်းစဉ်များကို ပူးတွဲ လုပ်ဆောင်ရန်သာ ဖြစ်ပါသည်။ ဥပမာ-တောင်ယာ ခုတ်ထားသည့် အပင် အစိတ်အပိုင်း အခြောက်များ သီးနှံပင် ကြွင်းကျန် အခြောက်များ ခုတ်ထွင် ရှင်းထားသည့် ပေါင်းမြက်များကို မီးရှို့မပစ်တော့ပဲ စိုက်ကွက်အတွင်း ဖြန့်ဖြူး ဖုံးအုပ် ပေးထားရသည့် လုပ်ငန်းမျိုး ဖြစ်ပါသည်။ ပြောရသည်ကတော့ လွယ်ပါသည်။ လုပ်ရမှာ ကတော့ ခက်ပါသလား။ အလေ့အထ မရှိတော့ ခက်သယောင် ထင်ရပါသည်။ မယုံကြည်နိုင် သေးတာလဲ ပါဝင်နိုင် ပါသည်။ လုပ်လေ့လုပ်ထ ဖြစ်နေခဲ့ကြသည့် တောင်စောင်း တစ်ကွက်လုံးကို ပေါက်ပြားဖြင့် ပေါက်၍ မြေဆွ စိုက်ပျိုးရမှု ကိုတော့ ပင်ပန်းသည်ဟု ထင်ချင်မှ ထင်ကြပါသည်။ ခုတ်ထွင်ပြီးသား ပေါင်းမြက်များကို တစ်ကွက်လုံး အပေါ်တွင် လိုက်၍ ဖြန့်အုပ်ပေး ရသည်က တစ်ကွက်လုံးကို ပေါက်ပြားဖြင့် ပေါက်၍​ မြေဆွ ပေးရသည်ထက် များစွာ သက်သာလှ ပါသည်။ ထို့အတူ စိုက်မည့် နေရာလေး တွင်သာ ပေါက်ပြားဖြင့် ပေါက်၍ မြေဆွ ပေးရသည်ထက် များစွာ သက်သာလှ ပါသည်။ (မြေကြီးကို ထွန်ယက် သဖြင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို ပထမဆောင်းပါး Voice  Weekly ဂျာနယ်(၇.၁၁.၂၀၁၁)တွင် ဖေါ်ပြပြီး ဖြစ်သဖြင့် မဖေါ်ပြတော့ပါ။ နှံစားသီးနှံများ ဖြစ်သည့် စပါး၊ ပြောင်း၊ ဂျုံ စသည်တို့နှင့် တွဲဖက်၍ သော်လည်းကောင်း၊ အလှည့်ကျ သော် လည်းကောင်း၊ ပဲတစ်မျိုးမျိုးကို စိုက်ပျိုး ပေးရမည်ကိုလည်း အားလုံး သိရှိကြပါသည်။ စီမံချက်တစ်ခု၊ စနစ်တစ်ခု အနေဖြင့် မစိုက်မိကြသေးခြင်း သာဖြစ်ပါသည်။ ထို့ကြောင့် မရှို့-မထွန် စိုက်ပျိုးစနစ်သည် ထူးဆန်း ခက်ခဲသည့် နည်းစနစ် တစ်ခုမဟုတ်ပါ။

၉။ ရွေ့ပြောင်းတောင်ယာစနစ်ပပျောက်ဖို့ ဝိုင်းဝန်းလုပ်ဆောင်ကြပါစို့

တောင်ပေါ်ဒေသ တိုင်းရင်းသားတို့သည် စားနပ်ရိက္ခာ ရရှိရေးအတွက် တောင်ယာစိုက်ပျိုးခြင်း အလုပ်ကို လုပ်ကိုင်လာ ခဲ့ကြရာ နှစ်ပရိစ္ဆေဒ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ရွေ့ပြောင်းတောင်ယာ စနစ်ကြောင့် တောတွေလည်း ပြုန်းကာ တောင်ကတုံးများလည်း ပိုမို များပြား လာပါသည်။ သီးနှံအထွက် များလည်း တစ်နှစ်ထက် တစ်နှစ် လျော့နည်း ကျဆင်းလာကာ တောင်ပေါ် တိုင်းရင်းသားတို့ ဘဝများ သည်လည်း ကြပ်တည်းသည်ထက် ကြပ်တည်း လာကြပါသည်။

ရွေ့ပြောင်း တောင်ယာစနစ် ပပျောက်စေရေးကို ပညာရှင် အသီးသီးကလည်း ရှာဖွေ ဖေါ်ထုတ်လျက် ရှိကြရာ ယခုအခါ သဘာဝ ဝန်းကျင် မပျက် စိုက်ပျိုးရေး (မရှို့-မထွန်စိုက်ပျိုးရေး) နည်းစနစ်သည် အလွန် ကိုက်ညီသည့် နည်းစနစ် တစ်ခုအဖြစ် ရှာဖွေ တွေ့ရှိခဲ့ ကြပါသည်။ ချင်းတောင်ပေါ်ရှိ ဝမ်တလုတ်ကျေးရွာမှ နှစ်ပေါင်း(၂၀)ကျော် လက်တွေ့လုပ်ကိုင် စားသောက် နေကြမှု ကလည်း မှန်ကန်ကြောင်း သက်သေပြလျက် ရှိပါသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်လာအောင် အကောင်အထည် ဖေါ်လုပ်ဆောင် ဖို့သာ လိုအပ်လာ ပါတော့သည်။ (ပြောရုံနဲ့ကတော့ မယုံနိုင်ပေါင်၊ မြင်လိုက်မှပဲ ယုံရအောင်) ဖြစ်ဖို့လက်တွေ့ လုပ်ကိုင် ဆောင်ရွက် နေသည့် နေရာများသို့ သွားရောက် လေ့လာ ကြည့်ကြဖို့ တိုက်တွန်းလိုပါသည်။

ယခု၂၀၁၂ခုနစ်၊ တောင်ယာကွက်များ ရိတ်သိမ်းပြီးချိန်တွင် တောင်ယာကွက် အဟောင်းကို မရှို့-မထွန် နည်းအတိုင်း စနစ်တကျ ထိန်သိမ်း စောင့်ရှောက်ရန် ကြိုတင် စဉ်းစားကြ ရပါတော့သည်။ နောက်နှစ်အတွက် တောင်ယာ အသစ်ခုတ်ခြင်း မီးရှို့ခြင်း များကို စိတ်မကူး နိုင်ကြအောင် ကြိုတင် ပြင်ဆင် ကြရပါသည်။ ယခုက အချိန်မှီ ပါသေးသည်။

စုပေါင်း ဆွေးနွေးပွဲ တစ်ခု ဖြစ်မြောက်ရေး အတွက်လည်း စဉ်းစားလျက် ရှိပါသည်။

သိန်းဆု (စိုက်ပျိုးရေးတက္ကသိုလ်)

photo : http://research.cnr.ncsu.edu/blogs/news/files/2010/12/2010-national-arbo



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ခဝဲပွင့်ချိန် ခင်းကထိန်"