ထိုင်းနိုင်ငံက ခွန်ကန်တက္ကသိုလ် (Khon Kaen University) ဟာ စိုက်ပျိုးရေးကနေ ထွက်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကို လျှော့ချဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းမှုမရှိစေတဲ့ လောင်စာဆီထုတ်လုပ်ဖို့အတွက် ကြံရွက်တွေကနေ ဇီဝလောင်စာဆီ (Bio-oil) ကို စမ်းသပ်ထုတ်လုပ်လျက်ရှိပြီး အဆိုပါ နမူနာပုံစံနည်းပညာဟာ တစ်ရက်လျှင် လီတာ ၁,၀၀၀ အထိ ထုတ်လုပ်နိုင်ပြီ ဖြစ်ပါတယ်။
အဆိုပါသုတေသနကို ခွန်ကန်တက္ကသိုလ်ရဲ့ ပညာရေးဆိုင်ရာ ဝန်ဆောင်မှုရုံးက ဦးဆောင်တာဖြစ်ပြီး "ပိုင်ရိုလစ်ဆစ်" (Pyrolysis) လို့ခေါ်တဲ့ နည်းပညာကို အသုံးပြုထားပါတယ်။ ကြံခုတ်ပြီးတဲ့နောက် ကျန်ရှိနေခဲ့တဲ့ အရွက်တွေနဲ့ ကြံအညွန့်တွေကို အောက်ဆီဂျင်မရှိဘဲ မြင့်မားသောအပူချိန်အောက်မှာ အရည်ပျော်သွားအောင် ပြုလုပ်တာ ဖြစ်ပါတယ်။ ကြံရွက်တွေကနေ ဇီဝလောင်စာဆီထုတ်လုပ်တဲ့ဖြစ်စဉ်မှာ ဘေးထွက်ပစ္စည်းအနေနဲ့ ဇီဝမီးသွေးမှုန့် (Biochar) တွေလည်း ထွက်ရှိလာပါတယ်။ အဲ့ဒီမီးသွေးမှုန့်တွေဟာ စိုက်ပျိုးရေးမှာ မြေဆီလွှာကောင်းမွန်အောင် ပြန်လည်ပြုပြင်ပေးနိုင်တဲ့ အလွန်တန်ဖိုးရှိသော သဘာဝမြေဩဇာ ဖြစ်ပါတယ်။
ပညာရေးဆိုင်ရာဝန်ဆောင်မှုရုံးရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ တွဲဖက်ပါမောက္ခ Chuchat Kamollert ပြောကြားတာက အဆိုပါစီမံကိန်းဟာ တောင်သူများရဲ့ စိုက်ပျိုးရေးကုန်ကျစရိတ်များကို လျှော့ချပေးရန်နဲ့ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများကို မီးရှို့ခြင်းကြောင့် ဖြစ်ပေါ်လာရသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုပြဿနာများကို ဖြေရှင်းပေးနိုင်ရန်အတွက် ကြံနဲ့ သကြားထွက်ကုန်လုပ်ငန်းဆိုင်ရာ ဘုတ်အဖွဲ့ရုံးနဲ့ ပူးပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သုတေသနပညာရှင်တွေဟာ ကြံရွက်ကနေရရှိတဲ့ ဇီဝလောင်စာဆီကို ပလတ်စတစ်စွန့်ပစ်ပစ္စည်းများမှ ထုတ်လုပ်ထားသော လောင်စာဆီနဲ့ ရောစပ်ပြီး လယ်ယာသုံးစက်ကိရိယာများနဲ့ မော်တော်ဆိုင်ကယ်များမှာ ထည့်သွင်းအသုံးပြုနိုင်အောင် စမ်းသပ်လုပ်ဆောင်ခဲ့ကြကြောင်း ထိုကဲ့သို့အသုံးပြုခြင်းဖြင့် စက်များမှထွက်ရှိသော မီးခိုးငွေ့နဲ့ လေထုညစ်ညမ်းမှုများကို လျှော့ချပေးနိုင်ကြောင်း ရှင်းပြခဲ့ပါတယ်။
အဆိုပါစီမံကိန်းကို ထိုင်းနိုင်ငံရဲ့ သကြားကုမ္ပဏီတစ်ခုဖြစ်တဲ့ Mitr Phol Group နဲ့ အတူ ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ပြီး ၎င်းနည်းပညာကို စျေးကွက်ထဲမှာ အမှန်တကယ် ရောင်းချအသုံးပြုနိုင်ရန်နဲ့ စိုက်ပျိုးရေးလုပ်ကိုင်နေကြတဲ့ တောင်သူလူထုကြားထဲမှာ သန့်စင်သော စွမ်းအင်ကိုအခြေခံသည့် နည်းပညာသစ်များ ပိုမိုကျယ်ပြန့်လာစေရန်အတွက် လေ့လာစမ်းသပ်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
အဆိုပါ တာဝန်ရှိသူ ဆက်လက်ပြောကြားတာက ယခုစမ်းသပ်တီထွင်ထားတဲ့ စက်နမူနာဟာ တစ်နေ့လျှင် ဇီဝလောင်စာဆီ လီတာ ၁,၀၀၀ ဝန်းကျင်အထိ ထုတ်လုပ်ပေးနိုင်ကြောင်း ကြံအရွက် ၄ ကီလိုဂရမ်ကို အသုံးပြုပါက လောင်စာဆီ ၁ လီတာ (ရေသန့်ဘူး ၁ ဘူး) ရရှိနိုင်ကြောင်း ရှင်းပြခဲ့ပါတယ်။ နည်းလမ်းကတော့ ပထမဆုံးအနေနဲ့ ကြံရွက်တွေကို ၂ - ၄ မီလီမီတာခန့်ရှိတဲ့ အပိုင်းအစ သေးသေးလေးတွေဖြစ်အောင် စင်း (ညှပ်) ရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ အောက်ဆီဂျင်မရှိတဲ့ စက်အခန်းထဲကိုထည့်ကာ အပူချိန် ၄၀၀ - ၆၀၀ ဒီဂရီစင်တီဂရိတ်အထိ အပူပေးပြီး လောင်စာဆီအဖြစ် ပြောင်းလဲထုတ်လုပ်တာ ဖြစ်တယ်လို့ဆိုပါတယ်။
အခြားသုတေသနတစ်ခုအနေနဲ့လည်း ထိုင်းနိုင်ငံ နခွန်ဖနွန်တက္ကသိုလ် (Nakhon Phanom University) က သုတေသနပညာရှင်တွေဟာ ဒေသအခေါ် "ယာအွိုင်နူး" (ya oi noo) လို့ ခေါ်ကြတဲ့ တောမြက်ရိုင်းတစ်မျိုးကနေ လယ်ယာသုံး စက်အင်ဂျင်တွေမှာ ထည့်မောင်းလို့ရမယ့် အစားထိုး ဇီဝအီသနော (Bioethanol) စက်သုံးဆီကို အောင်မြင်စွာ တီထွင်ထုတ်လုပ်နိုင်ခဲ့ကြပါတယ်။
အဆိုပါတက္ကသိုလ်ရဲ့ စွမ်းအင် အင်ဂျင်နီယာဌာန လက်ထောက်ပါမောက္ခ Harit Khlongdee ပြောကြားတာက အဆိုပါသုတေသနရဲ့ ရည်ရွယ်ချက်ဟာ မိမိတို့ဒေသအနီးအနားမှာ အလွယ်တကူရနိုင်ပြီး သကြားဓာတ်များစွာပါဝင်နေတဲ့ အပင်များကို အသုံးပြုခြင်းဖြင့် ပုံမှန်ဝယ်ယူသုံးစွဲနေရတဲ့ လောင်စာဆီများအပေါ် မှီခိုနေရမှုကို လျှော့ချရန်ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။
ကိုးကားလင့်ခ်>> https://www.bangkokpost.com/thailand/general/3259574/sugarcanederived-biooil-eyed-as-huge-wastesaver
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။