တိုင်းဧရာရဲ့ စက်မှုလယ်ယာ ကူးပြောင်းရေး အခက်အခဲ

19/01/2018 16:38 PM တွင် Myanmar Now Myanmar Now မှ ရေးသား

ပုသိမ် (Myanmar Now) - မနက်နေမထွက်ခင်ကတည်းက ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်၊ ဦးစိုးမြင့်အောင်က လယ်ကွက်ထဲမှာ ရိတ်သိမ်းချွေလှေ့စက်တွေနဲ့ ဝင်းမှည့်နေပြီဖြစ်တဲ့ စပါးပင်တွေကို ရိတ်သိမ်းပြီး ထွက်လာတဲ့စပါးတွေကို သူကိုယ်တိုင်ဦးစီးကာ အိတ်သွတ် ထုတ်ပိုးနေပါတယ်။

လူငယ် လူရွယ် လယ်ယာလုပ်သားတွေ မြို့ပြကို၊ ပြည်ပကို ထွက်ကုန်ကြလို့ နေ့စားအငှားလယ်လုပ်သားတွေ ရှားပါးနေပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့စပါးကျီဒေသမှာ ဒီစက်ကြီးတွေကပဲ သူ့အတွက်တော့ အဓိက အားထားစရာဖြစ်လာတယ်လို့ မကြာသေးခင်က ကွင်းယား အရှေ့ကျေးရွာအပြင်ဘက် လယ်ကွင်းထဲမှာ အလုပ်လုပ်နေရင်း Myanmar Now ကို ပြောပြပါတယ်။

“ကျွန်တော်တို့ မြို့နယ်အနေနဲ့ကတော့ ကုန်းလည်း ကျတယ်၊ လမ်းမနဲ့လည်း နီးတော့ စက်တွေအတွက် အဆင်ပြေတယ်။ ဒါပေမယ့် လမ်းနဲ့ဝေးတဲ့ လယ်ကွင်းတွေနဲ့ ရေနက်ကွင်းလိုဖြစ်နေတဲ့ လယ်တွေအတွက်တော့ စက်တွေနဲ့ ဘယ်လိုမှလုပ်မရဘူး” လို့ လယ် ၁၇ ဧကပိုင် ဦးစိုးမြင့်အောင်က ပြောပါတယ်။ 

မြန်မာပြည်မှာ လယ်ယာသုံး စက်ကိရိယာတွေ၊ ယန္တရားတွေ သုံးနိုင်တဲ့ လယ်သမားက အနည်းငယ်ပဲ ရှိပါတယ်။  ဦးစိုးမြင့်အောင်ဟာ အဲဒီထဲက တစ်ယောက်ပါ။  ရန်ကုန်-ပုသိမ် အဝေးပြေး ကားလမ်းမဘေးက သူ့လယ်ကွင်းလိုမျိုး  လမ်းနဲ့နီးတဲ့ လယ်ကွင်းတွေမှာ စက်ကြီးတွေ ဝင်ထွက်လုပ်ကိုင် နိုင်ပေမယ့် ကွင်းဘက်ကျတဲ့ လယ်တွေမှာတော့ ရှေးရိုးနည်းတွေအတိုင်း လုပ်ကိုင်ရတယ်လို့ သူက ရှင်းပြတယ်။

ဧရာဝတီတိုင်းဒေသကြီးအပါအဝင် မြန်မာပြည်ရဲ့ စက်မှုလယ်ယာစနစ် ကူးပြောင်းရေး လုပ်ငန်းစဉ်ဟာ လယ်ယာသုံးယန္တရားတွေ အသုံးချနိုင်မှု၊ ဒီယန္တရားတွေ အလွယ်တကူ ဝင်ရောက်လုပ်ကိုင်နိုင်တဲ့ မြေအနေအထား အဆင်သင့် ဖြစ်ရေး၊ ကန်ထရိုက် လယ်ယာမြေစနစ်ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းခြင်း အစရှိတဲ့ လိုအပ်ချက်တွေ ရှိနေတယ်လို့ လယ်သမားတွေ၊ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

စက်ယန္တရား

နေ့စား လယ်ယာ လုပ်သားရှားပါးတဲ့ ပြဿနာကို ကုစားဖို့ ဆိုတာက စက်မှုလယ်ယာကို မဖြစ်မနေပြောင်းမှ ရမှာပါ။ ဆန်စပါး အဓိက စိုက်ပျိုးတဲ့ မြန်မာနိုင်ငံမှာ လက်မှုလယ်ယာကနေ စက်မှုလယ်ယာကိုကူးပြောင်းမယ်လို့ ပြီးခဲ့တဲ့ ယခင်အစိုးရများ လက်ထက်ကတည်းက ကြွေးကြော်ခဲ့ပါတယ်။ လက်ရှိ အစိုးရကလည်း လယ်သမားတွေကို ထွန်စက်တွေ၊ ရိတ်သိမ်းခြွေလှေ့စက်စတာတွေကို ငှားရမ်းတာ၊ အရစ်ကျ ရောင်းချတာတွေ လုပ်ပေးနေတယ်လို့ ဆိုပါတယ်။

ထွန်စက် အရွယ်အစားပေါ် မူတည်ပြီး တစ်ဧကကို ကျပ် ၆,၅ဝဝ၊  ၁၃,ဝဝဝ နှုန်းတွေနဲ့ အငှား ထွန်ယက်ပေးနေတယ်လို့ ပုသိမ်ခရိုင် စက်မှုလယ်ယာဌာန ဦးစီးမှူး ဦးငြိမ်းသောင်းက ပြောပါတယ်။

ရိတ်သိမ်းခြွေလှေ့စက်ကြီး အသုံးပြုနှုန်းကလည်း တစ်ဧကပေါ်မှာ ကျပ် ၃၅ဝဝဝ နှုန်းနဲ့ ဝန်ဆောင်ပေးတယ်၊ ထွန်စက်ကြီး၊ လက်တွန်းထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်၊ စပါးခြွေလှေ့စက် တို့ကို ဝယ်လိုရင် နှစ်နှစ်အတွင်း သုံးရစ်ခွဲပြီး ပေးတဲ့နည်းနဲ့ ရောင်းချဖြန့်ဖြူးပေးနေတယ်လို့  သူက ဆက်ပြောပါတယ်။

စက်မှု လယ်ယာဌာနက အရစ်ကျရောင်းချပေးတဲ့စက်တွေထဲမှာ ရိတ်သိမ်းခြွေလှေ့စက်တစ်လုံးကို ကျပ်သိန်း ၃၆ဝ ဝန်းကျင်ထိ ရှိတယ်လို့ ဦးငြိမ်းသောင်းက ဆိုပါတယ်။  တရုတ်လုပ် ဒေါင်ဖန်း အမျိုးအစား လက်တွန်းထွန်စက်တစ်လုံးဟာ ကျပ် ၁၆ သိန်းဝန်းကျင် အနည်းဆုံး ရှိပြီး စျေးအများဆုံးထွန်စက်ကြီးဟာ ကျပ်သိန်း ၂၄ဝ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။

ဌာနရဲ့ ဘတ်ဂျက် နည်းပါးတဲ့ အတွက်ကြောင့် ခရိုင်အတွင်းက လယ်သမားတွေရဲ့ ၁၅ ရာခိုင်နှုန်းလောက်ကိုသာ အရစ်ကျ ရောင်းချပေးနိုင်တယ်၊ ကျန်တဲ့ လယ်သမားတွေက ဝယ်လိုရင် ပြင်ပကုမ္ပဏီတွေကနေ ဝယ်ယူနေကြတယ်လို့ သူက ဆက်ပြောပါတယ်။

 “ အခု လယ်ယာဝန်ဆောင်မှု အသင်းလေးတွေဖွဲ့ဖို့ ကြိုးစားနေတယ်။ အဲဒီအသင်းကနေ သမဝါယမနဲ့ချိတ်ဆက် ငွေချေးပြီး သူတို့လိုချင်တဲ့ စက်တွေ ဝယ်နိုင်အောင်ပေါ့။ ဒီနည်းနဲ့ တဖြည်းဖြည်း စက်တွေဝင်လာပြီး လုပ်သားရှားပါးတာကို ပြေလည်စေဖို့ပေါ့” လို့ ၎င်းကပြောပါတယ်။

စက်မှုလယ်ယာကူးပြောင်းဖို့ကိစ္စဟာ အင်နဲ့အားနဲ့တော်လှန်ရေးကြီးတစ်ရပ်အသွင် ဖြစ်မလာသေးပါဘူး။

ဟင်္သာတမြို့နယ်က  လယ်သမား ကိုမျိုးချစ်ကတော့ သူတို့ကျေးရွာအနေနဲ့တော့ အစိုးရဆီက စိုက်ပျိုးစရိတ်ချေးငွေကလွဲပြီး ဘာမှ ပံ့ပိုးကူညီတာတွေကို မရ၊  လယ်ကွက်တွေကလည်း စက်ကြီးတွေနဲ့လုပ်ကိုင်နိုင်တဲ့ မြေပြင်အနေအထား မရှိတဲ့ အခါ အလုပ်သမား ရှားပါးမှုဒဏ်က တကယ့်ကိုစိန်ခေါ်မှုဖြစ်နေတယ်လို့ ဆိုပါတယ်။

စိုက်ပျိုးစရိတ်ချေးငွေ အနေကလည်း စိုက်ပျိုးရေး နှင့်မွေးမြူရေးဘဏ်က ယခင် တစ်ဧကကို ကျပ်တစ်သိန်းကနေ ယခုနှစ်မှာ တစ်သိန်းခွဲနှုန်းကို မြှင့်ပေးခဲ့တာပါ။   အများဆုံး ၁ဝ ဧကထက် ပိုပြီး ချေးမပေးပါဘူး။

စက်ကြီးတွေနဲ့ ထွန်ရက်နိုင်တဲ့လယ်တွေဆိုတာ ကားလမ်းဘေးနားက လယ်တွေသာများတယ်လို့ စည်တော်ကုန်းကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာမှာ နေထိုင်တဲ့ ကိုမျိုးချစ်က ဆက်ပြောတယ်။

“အစိုးရအနေနဲ့ ကျွန်တော်တို့ကို စက်တွေများများထောက်ပံ့ပေးစေချင်တယ်။ ကျွန်တော်တို့မြေနဲ့ ကိုက်ညီတဲ့စက်မျိုးတွေပေါ့။   အခုချေးတဲ့ စိုက်ပျိုးစရိတ်ချေးငွေဆိုတာက နည်းလည်းနည်းတယ်၊  ချေးတဲ့ ကာလကလည်း ခြောက်လပဲ။ နှစ်ရှည်ချေးငွေရမှ ကျွန်တော်တို့က ကိုယ်လိုတဲ့စက်ကို ဝယ်နိုင်မှာ” လို့ ၄၃ နှစ်အရွယ် ကိုမျိုးချစ်က ဆိုပါတယ်။ 

တိုင်းဒေသကြီးအစိုးရ   စိုက်ပျိုးရေးဝန်ကြီး ဦးဘဟိန်းကတော့ ဧရာဝတီတိုင်းက လယ်သမားတွေရဲ့ ၃ဝ ရာခိုင်နှုန်းဟာ လယ် သုံး ဧကလောက်ပဲ လုပ်နိုင်ပြီး ၂ဝ ရာခိုင်နှုန်းကျော်ဟာ လယ် ၃ ဧက အောက်မှာပဲ လုပ်ကိုင်နိုင်တယ်လို့ ပြောပါတယ်။

မြေပြင်အနေအထား

စက်မှုလယ်ယာစနစ်ကို အမှန်တကယ် ကူးပြောင်းမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုများစွာပြုလုပ်ရဦးမှာဖြစ်တယ်၊ လက်တွန်းထွန်စက်တွေနဲ့ အသုံးပြုနေတာကိုပဲ စက်မှုလယ်ယာစနစ် ကူးပြောင်းနေပါတယ်လို့ မယူဆနိုင်ကြောင်းကန်ကြီးထောင့်မြို့က အောင်သိဒ္ဓိ ဆန်စက်နဲ့ လယ်ဧက ၇ဝ ပိုင်ဆိုင်တဲ့ ဦးမောင်မောင်ဝင်းက ဝေဖန်လိုက်ပါတယ်။

ကန်သင်းရိုး လိုအပ်တာထက် ပိုမိုများပြားတဲ့ မြေပြင်အနေအထားကလည်း စက်မှုလယ်ယာစနစ်ကို ကူးပြောင်းရာမှာ အများကြီး အဟန့်အတားဖြစ်စတယ်လို့   ပုသိမ်ခရိုင်က စက်မှုလယ်ယာဌာန ဦးစီးမှူးဖြစ်သူ ဦးငြိမ်း သောင်းက သုံးသပ်ပါတယ်။

“ဒီကလယ်တွေက ထောင့်ချိုးတွေရော၊ တြိဂံတွေရော အကွက်ပုံစံက အမျိုးမျိုးဖြစ်နေတာ။ စက်ကြီးတချို့က လှည့်ရခက်တယ်။ နောက်ပြီး လယ်တစ်ကွက်နဲ့တစ်ကွက် စက်တွေကူးပြောင်းဖို့ကလည်း လမ်းကမရှိဘူး” လို့ ဦးမောင်မောင်ဝင်းက   ဆိုပါတယ်။

နိုင်ငံတကာမှာ စက်မှုလယ်ယာအတွက် ဧကလယ်ကွက်တွေကို ဖော်ထုတ်ပြီး လယ်ကွက်လေးမှာ ရေသွယ်မြောင်း၊ စက်ကိရိယာတွေ သွားလာနိုင်ဖို့ လမ်းတွေကအစ အကွက်ကျကျ ဖော်ထုတ်ထားတဲ့အပြင် လယ်ကွက်တွေကို အဆင်ပြေအောင် ညှိထားတဲ့အတွက် စပါးအထွက်တိုးရေး အထောက်အကူဖြစ်စေတယ်လို့ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံတို့ကို နမူနာပြုပြီး သူက သုံးသပ်ပါတယ်။

စက်မှုလယ်ယာ စံပြစိုက်ခင်းများ  တမြို့နယ်လျှင်  ဧက ၃ဝဝ နှုန်း ရှိကြောင်း၊ ဧရာဝတီတိုင်းမှာ လယ်ဧက ၃၇ သိန်းနှင့် ယှဉ်လျှင် စံပြလယ်ကွက် ဖော်ဆောင်နိုင်မှုမှာ "ပြောပလောက်အောင်”  မရှိသေးဘူးလို့  သူက ဆက်ပြောပါတယ်။

ကန်ထရိုက်လယ်ယာစနစ်  

တချို့ဒေသတွေမှာ စက်မှုလယ်ယာစနစ်ကို ဒေသခံလုပ်ငန်းရှင်တချို့ စုပေါင်းထားတဲ့ အများပိုင် ကုမ္ပဏီတွေက လယ်သမားတွေနဲ့ လုပ်ကိုင်ရာမှာ ကန်ထရိုက်စနစ်ကို ကျင့်သုံးလာကြတယ်လို့   ဧရာပုသိမ် အများပိုင် ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်က ပြောပါတယ်။ ကန်ထရိုက်ယူသူက လိုအပ်တဲ့ စက်တွေ၊ သွင်းအားစုတွေ၊ မျိုးစပါးတွေက အစ အကုန်လုံးကို ကူညီထောက်ပံ့ကာ ထွက်မယ့်စပါးကို စျေးနှုန်း သတ်မှတ်ပြီး ပြန်ယူတဲ့စနစ်ကို ပြုလုပ်တာမျိုးဖြစ်တယ်လို့   သူက ဆိုပါတယ်။

အဲ့ဒီလိုလုပ်ဆောင်ရာမှာ အဓိကအဟန့်အတားဖြစ်စေတာက လယ်သမားအများစုဟာ ကန်ထရိုက်စနစ်နဲ့ လယ်ကွက်ကို စနစ်တကျပြန်လည်ပြုလုပ်ရာမှာ မိမိတို့ပိုင်ဆိုင်တဲ့လယ်ပမာဏ လျော့ကျသွားမှာနဲ့ မိမိတို့လယ်တွေ ဆုံးရှုံးသွားမလားဆိုတာကို စိုးရိမ်မှုတွေနဲ့ ကန်ထရိုက်လယ်ယာစနစ်ကို ဖော်ဆောင်လို့မရဘူး လို့ သူက ဆက်ပြောပါတယ်။  အစိုးရဆီမှာလည်း စက်မှုလယ်ယာနဲ့ပတ်သက်ပြီး တိကျတဲ့စီမံချက်တွေ မတွေ့ရသေးဘူးလို့ သူက ဆိုပါတယ်။

အောင်သိဒ္ဓိ ဆန်စက်ပိုင်ရှင် ဦးမောင်မောင်ဝင်းက   ကန်ထရိုက်လယ်ယာစနစ်ကို  တချို့က လုပ်ဆောင်နေတယ် ဆိုပေမယ့် ဒါဟာ တရားမဝင်ဘူးလို့ ထောက်ပြပါတယ်။ ရလဒ်က  လယ်သမားများဟာ  စီးပွားရေးလုပ်ငန်းရှင်တွေကို မယုံကြည်၊ ကိုယ်တိုင်လည်း အဲဒီလိုလုပ်ဖို့ အားမရှိကြဘူး လို့ သုံးသပ်ပါတယ်။

“ကန်ထရိုက်စနစ်နဲ့ ပတ်သက်ပြီး တိကျတဲ့ဥပဒေလည်းမရှိသေးဘူး။ လယ်သမားဘက်နဲ့ ကုမ္ပဏီဘက်နဲ့ သူ့ ဘက်ကိုယ့်ဘက် ဥပဒေတွေ သတ်မှတ်ပေးလေ။ ထွက်လာမယ့်စပါးကိုလည်း အခြေခံစျေး သတ်မှတ်ပေးထား လိုက်ရင် လယ်သမား တွေမှာလည်း စပါးစျေးကျမှာမပူရတော့ သူအကျိုးရှိ ကိုယ်အကျိုးရှိဖြစ်မှာ” လို့ ဆန်စက်ပိုင်ရှင်က ဆိုပါတယ်။

ပုသိမ်မြို့အခြေစိုက် Green Peasant Institute အဖွဲ့က ဒါရိုက်တာ ဦးတင်လင်းအောင်က ကန်ထရိုက်စနစ်နဲ့ ပတ်သက်ပြီး အဆိုပါ ဥပဒေထဲမှာ မပါဝင်သေးဘူးလို့ ထောက်ပြပါတယ်။ သူတို့အဖွဲ့က လယ်သမားတွေကို ဥပဒေရေးရာ၊ အသိပညာရေး ရာ ကူညီပံ့ပိုးပေးနေတာပါ။  

ဧကကွက်တွေ ဖော်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ နည်းပညာ၊ ကျွမ်းကျင်တဲ့ဝန်ထမ်း၊ စိုက်ပျိုးရေးပညာရှင် တွေလိုအပ်တယ်၊  လယ်ယာမြေပိုင်ဆိုင်မှု သက်သေခံလက်မှတ် (ပုံစံ-၇)၊ မြေပုံတွေ ပြန်လည် ပြင်ဆင် ရေးဆွဲရမှာတွေနဲ့ ကုန်ကျစရိတ်အလွန် ကို မြင့်မားမှာကို လယ်သမားများမလုပ်နိုင်တဲ့အတွက် အစိုးရအကူအညီနဲ့သာ လုပ်နိုင်မယ်၊  လက်ရှိလယ်ယာမြေဥပဒေက လယ်သမားတွေကို အကာအကွယ် ထိထိရောက် ရောက် မပေးနိုင်သေးဘူးလို့ သူက ရှင်းပြပါတယ်။

 “လက်ရှိဥပဒေကိုပဲ ပြင်ပြင်၊ ဥပဒေအသစ်ကိုပဲဆွဲဆွဲ လယ်သမားတွေကိုလည်း ပါဝင်ခွင့်ပေးရမယ်။ လယ်သမားတွေကလည်း ကိုယ့်ဥပဒေကို နားလည်ဖို့ ကြိုးစားရမှာဖြစ်သလို ဥပဒေအတိုင်း နစ်နာနေတာတွေကို ပွင့်ပွင့်လင်းလင်း ပြောရဲဆိုရဲဆွေးနွေးရဖို့ လိုတယ်။ ဒီလို အားလုံးပါဝင်မှ ဘယ်စီမံကိန်းမဆို အဆင်ပြေမယ်” လို့ ဦးတင်လင်းအောင်က ပြောပါတယ်။     ။

ရေးသားသူ - Myanmar Now


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်