မြန်မာ့ဆန်စပါးဈေးနှုန်း အချိန်မီထိန်းချုပ်စေလို

14/11/2018 15:21 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုတလော မြန်မာ့ဆန်စပါးဈေးနှုန်းတွေ အဆမတန်ခုန်တက်သွားလို့ ဆန်စပါးဈေးကွက်ထဲ ပွက်လောရိုက်နေပါတယ်။ ဆန်စက်ပိုင်၊ ကုန်သည်ပွဲစား၊ တောင်သုလယ်သမားများနဲ့ စားသုံးသူပြည်သူတွေထဲမှာ ဆန်စပါးဈေးနှုန်းဒဏ် အခံရဆုံး ကတော့ စားသုံးသူပြည်သူတွေပါ။ ကျန်တဲ့အလွှာကတော့ ခံစရာမလိုပဲ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပါပဲ။

အဲ့ဒီကိစ္စကြောင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက စက်ပိုင်၊ ကုန်သည်၊ ပွဲစားတွေကို အသင်းရုံးမှာခေါ်ယူကာ သတင်းစာရှင်းလင်းပွဲနဲ့ တားဆီးခဲ့ရပါတယ်။

မြန်မာ့ဆန်စပါးဈေးကွက်မှာ စပါးဈေးကလည်းအဆမတန်တက်၊ ဆန်ဈေးကလည်းအလွန်အမင်းတက်နေပြီး စပါးကတော့ ယခင်က ပြည်တွင်းရောင်းဝယ်ဖောက်ကားမှုသက်သက်အတွက်ပဲ အသုံးချတာတွေ့ရပါတယ်။

စပါးဈေးဘာကြောင့်တက်ရသလဲ၊ စက်ပိုင်တွေ ကုန်သည်ပွဲစားတွေက စပါးကိုဝယ်လှောင်ပြီး ကြိုးကိုင်ဈေးကစားနေတဲ့ အချက်တစ်ချက်လည်း ပါဝင်တာတွေ့ရပါတယ်။ နောက်တစ်ချက်ကတော့ ယခင်က ပြည်တွင်းရောင်းဝယ်ဖောက်ကားမှု တစ်ခုတည်းသာရှိရာက ယခုအခါမှာ တရုတ်ပြည်က မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်တွေမွေးပြီး မြန်မာပြည်အထက်ပိုင်းမှ သည် မြန်မာပြည်အောက်ပိုင်း ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်အထိပါ ခြေဆန့်ကာ စပါးကို တိုက်ရိုက်ဝယ်ယူနေတာ တွေ့ရပါတယ်။ ပြီးရင် တရုတ်နယ်စပ်ကနေတဆင့် ၁၀ ဘီးကာကြီးတွေ၊ ၁၂ ဘီးကားကြီးတွေနဲ့ တရားမဝင် သယ်ယူသွား ကြတာ တွေ့နေရတယ်လို့ ဆိုပါတယ်။ တရုတ်က စပါးဝယ်ယူနေရာမှာ ဘယ်လိုစပါးမျိုးဖြစ်ဖြစ် ချေးမများဘူး။ ဈေးပိုပေး တယ်။ ဘာစာရွက်စာတမ်းအထောက်အထားမှ မလိုအပ်ဘူးဆိုတော့ မြန်မာတောင်သူ လယ်သမားကြီးတွေဟာ တရုတ် ကိုယ်စားလှယ်ဝယ်လက်တွေကို ကျေကျေနပ်နပ်ကြီး ထိုးအပ်လိုက်ကြပါတယ်။ ဒီလိုနဲ့ ပြည်တွင်းမှာ စပါးဈေးတွေ ကမောက်ကမဖြစ်ကုန်တော့တာပါပဲ။

ဆန်စက်ပိုင်ရှင်တစ်ယောက်က “တရုတ်က မြန်မာပြည်တွင်းစပါးတွေ တိုက်ရိုက်လာဝယ်ပြီး ကားကြီးတွေနဲ့ တရားမဝင် သယ်ယူနေတော့ ဆန်စက်ပိုင်ရှင်တွေ ငုတ်တုတ်မေ့နေကြရတယ်။ စပါးဝယ်လို့မရဘူး။ တရုတ်ကပေးနေတဲ့ ဈေးနဲ့လည်း ပေးမဝယ်နိုင်ဘူး။ တရုတ်ကတော့ ဈေးပိုပေးဝယ်နိုင်တာပေါ့။ သူက တစ်ဆင့်ပြန်ရောင်းစားတာမဟုတ်ဘူး။ သူ့နိုင်ငံစားဖို့ ဝယ်တာဆိုတော့ ဈေးကြီးလည်းပြဿနာမရှိဘူး။ မြန်မာနိုင်ငံသား စက်ပိုင် ကုန်သည်တွေကတော့ ပြည်တွင်း (သို့) ပြည်ပကိုရောင်းဖို့ ဝယ်ကြရတာဆိုတော့ ဈေးမကိုက်ရင် အမြင့်ဈေးမပေးနိုင်ကြဘူး”လို့ ဆိုပါတယ်။

မြန်မာ့ဆန်စပါးဈေးကွက်မှာ ဆန်ချောနဲ့ ဆန်ကြမ်းဈေးဆိုတာ နှစ်မျိုးတွေ့ရပါတယ်။ ဆန်ချောလို့သတ်မှတ်တဲ့အထဲမှာ ပေါ်ဆန်း၊ ငကျွဲ၊ တောင်ပျံစတဲ့ဆန်တွေ ပါဝင်ပါတယ်။ ဆန်ကြမ်းထဲမှာတော့ ဧည့်မထအုပ်စုဝင်တော်တော်များများ ပါဝင် ပါတယ်။

ဆန်ချော (ပေါ်ဆန်း၊ ငကျွဲ၊ တောင်ပျံ) ဈေးမြင့်တက်လာတာကိုကြည့်ရင် ပြည်သူလူထု လူတန်းစားအလွှာအသီးသီးဟာ ဆန်စားသုံးမှု ပုံသဏ္ဌာန်ပြောင်းလာပြီး ယခင်ဆန်ကြမ်းစားသုံးနေရာက ဆန်ချောစားသုံးမှု ပိုများလာတာတွေ့ရပါတယ်။ ဒါကြောင့် ဝယ်လိုအားများလာပြီး ရောင်းလိုအားနည်းလာတဲ့အတွက် ဆန်ချောဈေးမြင့်တက်လာတာဖြစ်ပါတယ်။

ဒီလိုမြင့်တက်လာရတဲ့အထဲမှာ ဖြစ်စဉ်တစ်ခုအနေနဲ့ ဆန်ကုန်သည်အချို့ဟာ လောဘတက်ပြီး ငွေအင်အားနဲ့ ဆန်ချော တွေအကုန်လိုက်ဝယ်၊ ဂိုဒေါင်မှာသိုလှောင်ထား၊ ဈေးကို ကြိုးကိုင်ကစားနေကြတာလည်း ပါဝင်ပါတယ်။ တချို့ဆန်စက် ပိုင်ရှင်တွေဟာ ပေါ်ဆန်း၊ ငကျွဲ၊ တောင်ပျံတွေကို စပါးရောဆန်ပါ အလုံးအရင်းနဲ့ ဝယ်ယူပြီး လက်ထဲမှာ ကိုင်ထားကြတာ တွေ့ရပါတယ်။ ဈေးကလည်းသူတို့ပါးစပ်ထဲမှာပဲ ရှိပါတယ်။ ဆန်ချောဈေးအဆမတန်မြင့်တက်နေခြင်းဟာ ပြည်တွင်း စက်ပိုင်၊ ကုန်သည်ပွဲစားတချို့ လောဘတက်ပြီး ဈေးကိုင်လှုပ်နေခြင်းကြောင်းလည်း ဖြစ်ပေါ်လာခဲ့တာ တွေ့ရပါတယ်။

ဒါတင်မက ဧည့်မထ(ဆန်ကြမ်း) ဘာကြောင့်ဈေးတက်ရတယ်ဆိုတာ သုံးသပ်ကြည့်လိုက်ပြန်ရင် အကြောင်း ၂ ချက် တွေ့ရပါတယ်။ နံပါတ် ၁ အချက်ကတော့ တရုတ်နယ်စပ်ကုန်သွယ်ရေးက ဈေးကွက်ပွင့်ပြီး လှိုင်လှိုင်အဝယ်လိုက်နေခြင်း ပါပဲ။ နံပါတ် ၂ အချက်ကတော့ ပုံမှန်ရေကြောင်းလိုင်းက ပြည်ပတင်ပို့ခြင်းလုပ်ငန်းနဲ့ ဆက်စပ်နေခြင်းပါပဲ။ 

တရုတ်နယ်စပ်ကုန်သွယ်ရေးဟာ မြန်မာ့ဆန်ဈေးကွက်ကိုရော ပြည်ဆန်တင်ပို့မှု ပမာဏအပေါ်ကိုပါ ကြီးမားစွာလွှမ်းမိုးမှု ရှိနေပါတယ်။

၂၀၁၅-၂၀၁၆ခုနှစ်က တရုတ်နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ဆန်ကီလိုဂရမ်ပေါင်း ၁ ဒသမ ၂၃ သန်းတင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၃၈ ဒသမ ၇၄ သန်းရရှိခဲ့ပါတယ်။ ၂၀၁၆ - ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန် တန်ချိန် ၃ ဂသမ ၅၉ သန်းတင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာသန်း ၈၀၀ ကျော်ရရှိခဲ့ပါတယ်။ အဲ့ဒီအထဲမှာ တရုတ်နယ်စပ်ကုန်သွယ်ရေးကတစ်ဆင့် ဆန် ၆၅ ရာခိုင်နှုန်းထိ တင်ပို့ထားတာကို တွေ့ရှိရပါတယ်။ 

မြန်ာမာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း အတွင်းရေးမှူးက “တရုတ်ဘက်ကအဝယ်လိုက်နေတယ်၊ ပို့ရတာလည်း လွယ်တယ်၊ ပြည်တွင်းမှာဈေးပိုပေးပြီးလည်းဝယ်နိုင်တယ်။ တရုတ်ကငှားထားတဲ့ကိုယ်စားလှယ်တွေက ဆန်ဆိုပြီးရောဆို ပြီး မဟားတရားလိုက်ဝယ်နေတော့ ဆန်ဈေးကွက် ကမောက်ကမဖြစ်နေတယ်။ ဆန်ဈေးလည်းအဆမတန်တက်ပြီး ထိန်း လို့မရတော့ဘူး။ တကယ်တော့ တရုတ်နယ်စပ်ကနေတစ်ဆင့် ဆန်တင်ပို့နေတာဟာ အစိုးရအချင်းချင်း သဘောတူခွင့်ပြု ထားတာမဟုတ်ဘူး။ ပို့တော့ပို့နေရမှာပဲ။ ဒါပေမယ့် တရားဝင်ဖြစ်အောင်လုပ်ပြီး ထိန်းဖို့တော့ လိုနေတာ အမှန်ပဲ” လို့ ဆို ပါတယ်။

နောက် ပြည်ပပို့ကုန် ပုံမှန်(ရေလမ်းကြောင်း)ကြောင့် ဆန်ကြမ်းဈေးနှုန်းတက်နေတာကတော့ ဆန်တင်ပို့နေတဲ့ ပို့ကုန် လုပ်ငန်းရှင် (Exporter) ကြီးတချို့နဲ့ သက်ဆိုင်နေပါတယ်။ ဖြစ်ရပ်ကတော့ လက်ထဲမှာ ဆန်အဆင်သင့်မရှိပဲ ဆန်ကို ကြိုပွိုင့်နဲ့ ကြိုတင်ရောင်းထားခြင်းပါပဲ။ တချို့ကတော့လက်ထဲမှာ အဆင်သင့်ရှိတယ်။ ဒါပေမယ့် ကြိုပွိုင့်ရောင်းမထားဘူး။ ဈေးနှုန်းအခြေအနေကို အကဲခတ်နေပြီး ဈေးကိုက်တော့မှ ထရောင်းကြတာတွေ့ရတယ်။ လက်ထဲမှာဆန်အဆင်သင့်မရှိပဲ ကြိုပွိုင့်ရောင်းထားတဲ့ ပုဂ္ဂိုလ်များဟာ သင်္ဘောလာတော့မှ နယ်တွေဆင်းပြီး ဆန်ကိုရတဲ့ဈေးနဲ့တက်သုတ်ရိုက်ပြီး ခြေချင်း လိမ်အောင် ဝယ်ကြရတော့ ဆန်ဈေးကမတက်သင့်ပဲ တက်ကုန်တာဖြစ်တယ်လို့ ဆန်စပါးကုန်သည်အသင်း ဥက္ကဌက ဆို ပါတယ်။

“ကိုယ့်လက်ထဲမှာဆန်မရှိပဲ ကြိုပွိုင့်ရောင်းတာ အလွန်အန္တရာယ်များတယ်။ နိုင်ငံလည်း နာမည်ပျက်နိုင်တယ်။ မလုပ်သင့် ဘူးလို့ သူကဆိုပါတယ်။ တချို့ကတော့ ကြိုပွိုင့်မရောင်းပဲ လက်ထဲမှာဆန်အဆင်သင့်ရှိနေတဲ့ Exporter ကြီးတွေဆီက ခေတ္တချေးငှားပြီး မဖြစ်ဖြစ်အောင်တင်ပို့ဖို့လုပ်ကြတယ်။ သူတစ်ပါးဆီက ချေးငှားပြီးဆန်ကိုတင်ပို့ရတော့ အချိန်တန်ရင် ပြန်ဆပ်ဖို့ ဆန်ဝယ်ကြရပြန်ပါတယ်။ ဒီအခြေအနေမှာ သူများနောက်ကလက်ကျန်ကို ကောက်သင်းကောက်ပြီး ဝယ်ရ တော့ ဈေးမပေးရင် ဆန်ကဝယ်လို့မရပြန်ဘူး။ ဒီတော့ဆန်ဈေးက မတက်သင့်ပဲ တက်လာပြန်ရော” လို့ ဆန်ကို မူမှန် လမ်းမှန်တင်ပို့နေတဲ့ ဝါရင့် Exporter ကြီးတစ်ယောက်ကဆိုပါတယ်။

ဒါကြောင့်စားသုံးသူ ပြည်သူအများစုရဲ့ မျက်နှာကို ထောက်ထားညှာတာတဲ့အနေနဲ့ မြန်မာ့ဆန်စပါးလောကမှာ ဝိသမ လောဘတက်ပြီး ကြိုးကိုင်ဈေးကစားနေကြတဲ့ပုဂ္ဂိုလ်တွေကို ဥပဒေအရလည်းကောင်း၊ အမျိုးသားရေးစိတ်ဓာတ်ဖြင့် စည်း ရုံးပညာပေးခြင်းဖြင့်လည်းကောင်း နည်းလမ်းတစ်ခုခုဖြင့် အချိန်မီထိန်းချုပ်သင့်ပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

အောင်ဆန်း (စိုက်ပျိုးရေး)

လယ်ယာစီးပွားသတင်းဂျာနယ်၊ အမှတ်စဉ် (၇၄၁)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်