ကြောင်မျက်နှာတဲ့လား...ခရမ်းချဉ်

26/01/2023 13:00 PM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

အင်္ဂလိပ်လိုခေါ်တာတော့ Catfacing တဲ့။

သူရဲ့ အသီးပုံစံက ပုံမှန်မဟုတ်ဘဲ ပုံပျက်နေတော့ ကြောင်မျက်နှာပုံစံမျိုးပေါက်နေလို့ ဖြစ်ပါလိမ့်မယ်။ အသီးပတ်ချာလည်မှာလည်း အဖုလုံးလေးတွေနဲ့ ကြည့်ရတာ အရမ်းကြီးမဆင်ပေမဲ့ ကြောက်မျက်နှာနဲ့ ခပ်ဆင်ဆင်။ ဆိုတော့ ဒီ  Catfacing ရောဂါကို ကြောင်မျက်နှာရောဂါလို့ပဲ မြန်မာမှုပြုလိုက်ပါရစေ။

ခရမ်းချဉ်မှာဖြစ်တတ်တဲ့ ဒီရောဂါက အင်းဆက်ကြောင့်ဖြစ်တာလည်းမဟုတ် ပိုးကြောင့်ဖြစ်တာရယ် လည်းမဟုတ်ပါ။ ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲတာကြောင့်ရယ်နဲ့ ဖန်လုံအိမ်အာနိသင်နဲ့ စိုက်ပျိုးတဲ့ခြံတွေမှာသာ တွေရလေ့ရှိတဲ့ ရောဂါတစ်ခုပါတဲ့။

ကြောင်မျက်နှာရောဂါဆိုတာဘယ်လိုမျိုးလဲဆိုတော့ အသီးရဲ့ထိပ်ပိုင်းမှာပုံပျက်လာတာ ဒါမှမဟုတ် ဘေးဖက်မှာပုံပျက်သွားတဲ့ပုံစံမျိုးဖြစ်သွားတာပါ။ အထူးသဖြင့် အနာလိုမျိုး အပိန့်အချိုင့်အကြီးကြီး တွေ ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့်အသီးဟာ ကွဲသွားတယ်။ အစေ့တွေအများကြီးပါတဲ့ အခန်းငယ်တွေ ဖြစ်သွားပါတော့တယ်။ ပြီးတော့ ခရမ်းချဉ်သီးဟာ ချွန်ထက်နေတဲ့ ပုံစံမျိုးတွေနဲ့ ပုံပျက်လာပါ တော့တယ်။

တစ်ခါတလေမှာ အသီးကမကွဲသေးပေမဲ့ အပွင့်ပေါ်မှာ အနာအကြီးကြီးဖြစ်လာပြီဆိုရင်လည်း ကြောင် မျက်နှာရောဂါလို့ပဲယူဆနိုင်ပါတယ်။

ဒီရောဂါက ဖြစ်တာနည်းနေသေးတာကြောင့် သေချာတဲ့သုတေသနပြုချက်တွေ အများကြီးတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ဟိုတစ်နေ့က အစိမ်းရောင်လမ်းရဲ့ အမေးအဖြေကဏ္ဍမှာ တောင်သူတစ်ဦးရဲ့ ခရမ်းချဉ်ဟာ ဒီရောဂါဖြစ်နေပြီဆိုတာတွေ့မိလိုက်လို့ တခြားတောင်သူတွေပါ သတိထားစေချင်လို့ ဘာကြောင့်ဖြစ်တာလဲဆိုတာ ပြောပြပါ့မယ်ရှင့်။

(၁) ပုံမှန်မဟုတ်တဲ့ အပူချိန်ကြောင့်

အေးတဲ့ရာသီဥတုက ဒီလိုမျိုးပုံမမှန်တဲ့ ဖြစ်စဉ်ကို ဖြစ်စေပါတယ်။ ပန်းမပွင့်ခင် ၃ ပတ်မှာ အပူချိန်ဟာ ၆၀ ဒီဂရီဖာရင်ဟိုက် (၁၆ºC) ထိ လျော့နည်းနေပြီဆို ပုံမှန်အတိုင်းပန်းဖူးတဲ့ဖြစ်စဉ်ဖြစ်ဖို့ကို နှောင့်ယှက်လိုက်ပါတယ်။ ဒါကြောင့် ကြောင်မျက်နှာဆိုတဲ့ ရောဂါပုံစံဖြစ်လာနိုင်တာပေါ့။

ပူတဲ့ရာသီကလည်း ဒီရောဂါဖြစ်ဖို့ကို အားပေးပြန်ရော။ ပိုဆိုးစေတာက နေ့အပူချိန်နဲ့ ညအပူချိန်အရမ်းကွာခြားနေတာမျိုးဆိုရင်ပါ။

(၂) ပန်းပွင့်မှုဖြစ်စဉ်ကို နှောင့်ယှက်ခြင်းကြောင့်

ဝတ်မှုန်ကူးပြီးချိန် ဒါမှမဟုတ် မကူးရသေးခင်မှာ ပန်းပွင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု ခံလိုက်ရရင် ကြောင်မျက်နှာဖြစ်လာနိုင်ပါတယ်။ ပန်းပွင့်ကို အဓိကထိခိုက်စေနိုင်တာကတော့ ကိုယ်လုံးသေးသေး လေးရှိတဲ့ လှေးပိုးပါ။ လှေးပိုးတိုက်ခိုက်တာခံရပြီဆိုရင် အဓိကမြင်ရတဲ့ လက္ခဏာကတော့ အရွက်တွေ လိပ်တာပဲ ဖြစ်ပါတယ်။ ဒီအင်းဆက်ဟာဆိုရင်တော့ ဗိုင်းရပ်ရောဂါ ဖြစ်စေမှုကို သယ်ဆောင်လာတဲ့ အကောင်ဖြစ်ပြီး ခရမ်းချဉ်တစ်ခင်းလုံးကို ဖျက်စီးပစ်လိုက်နိုင်တာ သာမကဘဲ နောက်ပိုင်းမှာဆိုရင် ငရုတ်၊ ခရမ်းသီး၊ အာလူးစတဲ့ အနီးအနားမှာရှိနေတဲ့ မျိုးနွယ်တူအခင်းတွေကိုပါ လိုက်လံဖျက်စီးပစ်ပါ တော့တယ်။

ဒါ့ကြောင့် စိုက်ခင်းထဲမှာ လှေးပိုးကျလာပြီဆိုရင် ဆပ်ပြာနဲ့ပြုလုပ်ထားတဲ့ ပိုးသတ်ဆေးလိုမျိုး သဘာဝ ပိုးသတ်ဆေးတွေနဲ့ နှိမ်နင်းပေးဖို့ လိုပါလိမ့်မယ်။ မနိုင်မနင်းအခြေအနေတွေဆိုရင်တော့ ဓာတုပိုးသတ်ဆေးတွေ သုံးရမှာပေါ့။

(၃) ကိုင်းချိုင်ခြင်းနှင့် နိုက်ထရိုဂျင်မြေဩဇာကျွေးမှုများခြင်းကြောင့်

ကိုင်းအလွန်အကျွံချိုင်ခြင်းနဲ့ နိုက်ထရိုဂျင် (ပုလဲ) မြေဩဇာတွေ များများကျွေးခြင်းကလည်း ကြောင် မျက်နှာပုံစံကို ဖြစ်လာဖို့အားပေးတဲ့အထဲ ‘ပါ’ပါတယ်တဲ့။

University of Maryland Extension က ဒေါက်တာ Gerald Brust ကတော့ အပင်ဆဲလ် ရှည်ထွက်မှု ကိုအားပေးတဲ့ ဟော်မုန်း အောက်ဇင်ကို လျှော့ချရပါမယ်တဲ့။ ဒါမှလည်း ကိုင်းမချိုင်ဖြစ်တော့ဘဲ ကြောင်မျက်နှာပုံစံဖြစ်မလာတော့မှာပါ။

(၄) ပေါင်းသတ်ဆေးထိတွေ့မှုများခြင်း

စိုက်ခင်းတွေထဲမှာ အသုံးပြုမှုများတဲ့ ပေါင်းသတ်ဆေး 2-4D ကလည်း ဒီကြောင်မျက်နှာ ပုံစံဖြစ်စေတဲ့ ထဲမှာပါဝင်ပါတယ်။ ဒီလိုမျိုး ဓာတုတွေနဲ့ အပင်တွေက ထိတွေ့မှုများရတဲ့အခါ ပုံသဏ္ဌာန်မမှန်တဲ့ အသီးမျိုးကို ရရှိစေနိုင်ပါတယ်။

အလွန်ကြီးတဲ့ခရမ်းချဉ်မျိုးတွေနဲ့ အောက်ခြေပြားတဲ့မျိုးတွေက တခြားသေးတဲ့မျိုးတွေထက် အပင်ကို ကိုင်းချိုင်ဖို့ လိုအပ်တတ်တာမို့  ကြောင်မျက်နှာပုံစံဖြစ်ဖို့ အခွင့်အရေးပိုရပါတယ်။ ပြီးတော့ Heirloom မျိုးတွေဆိုရင် ပိုပြီးခံနိုင်ရည်မဲ့ပါတယ်။

ပုံ- Heirloom ခရမ်းချဉ်မျိုး

ဘယ်လိုတွေကာကွယ်ကြမလဲ..?

ကြောင်မျက်နှာပုံစံမဖြစ်ဖို့ လုံးဝမကာကွယ်နိုင်ပေမဲ့ ဒီလိုနည်းလမ်းလေးတွေနဲ့တော့ လျှော့ချနိုင်ပါ တယ်။

(၁) ခံနိုင်ရည်ရှိတဲ့ မျိုးတွေကိုစိုက်ပါ။

‘Countil,’ ‘Duke,’ ‘Floradade,’ ‘Monte Carlo,’ and ‘Walter.’ လို့ခေါ်တဲ့မျိုးတွေက အပြည့်အဝ တော့မဟုတ်ပေမဲ့ ကြောင်မျက်နှာပုံစံမဖြစ်အောင် လျှော့ချပေးနိုင်တဲ့မျိုးတွေပဲဖြစ်ပါတယ်။

(၂) အရမ်းအေးတဲ့အခြေအနေမျိုးမရရှိအောင် ဆောင်ရွက်ခြင်း

ဖန်လုံအိမ်အာနိသင်နဲ့ စိုက်တဲ့ခရမ်းချဉ်ခင်းမှာဆို သူ့သက်တမ်းတစ်လျှောက်လုံး အပူချိန်အရမ်းနည်း နေတာမျိုးနဲ့ အတက်အကျကြမ်းသွားတာမျိုးမဖြစ်အောင် ဆောင်ရွက်ပေးရပါမယ်။

ပြီးတော့လည်း အေးတဲ့ရာသီဥတုနဲ့ ထိတွေ့နေတာကနေလည်းလျှော့ချဖို့ စိုက်ခင်းထဲသို့ စောစော ပြောင်းရွှေ့စိုက်တာမျိုးတွေလည်း မလုပ်သင့်ပါဘူး။ တကယ်လို့ အအေးလှိုင်းဖြတ်မှာတို့ ဘာတို့ကို ကြိုသိတာမျိုးဆိုရင်လည်း အပင်တွေကို ပလတ်စတစ်တို့ မိုးကာဖျင်ကြမ်းတွေနဲ့ ကာပြီးတော့ ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။

(၃) ကိုင်းချိုင်တာမျိုး နိုက်ထရိုဂျင်အများကြီးကျွေးတာမျိုးတွေမလုပ်ပါနဲ့

ခရမ်းချဉ်ပင်တွေကို နိုက်ထရိုဂျင်ကို သင့်တင့်မျှတရုံလောက် ကျွေးတာမျိုးတွေပဲ လုပ်သင့်ပါတယ်။ ဘာဓာတ်က ဘယ်လောက်လိုအပ်နေပြီလဲဆိုတာ မြေဆီလွှာကိုစစ်ဆေးပြီးမှ ကျွေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။

အထူးသဖြင့်တော့ ပန်းပွင့်ချိန်မှာ ကိုင်းချိုင်တာမျိုးကို လုံးဝမလုပ်ဆောင်ရပါဘူးရှင့်။

(၄) လုံလောက်တဲ့ အစိုဓာတ်ရရှိစေရန်လုပ်ဆောင်ခြင်း

ခရမ်းချဉ်က နေ့စဉ်ရေလောင်းပေးဖို့လိုအပ်ပြီးတော့ ရေနက်နက်ဆင်းဖို့ကလည်း လိုအပ်ပါတယ်။

မြေဖုံးပေးခြင်းကလည်း အစိုဓာတ်ကို ထိန်းပေးပြီးတော့ အသီးတွေသီးချိန်မှာ ကြောင်မျက်နှာ ပုံစံမဖြစ်ဖို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ပိုက်ပျော့နဲ့ ရေလောင်းတာကလည်း မြေဆီလွှာအစိုဓာတ်ကို ထိန်းပေးနိုင်ပါတယ်။

(၅) ကွဲနေတဲ့အသီးတွေကြောင့် ရောဂါဒဏ်ကိုခံနိုင်မှုအားနည်းလာခြင်း

အချို့အသီးတွေပုံမှန်အတိုင်းကွဲသွားတာက စားဖို့အတွက် ဘေးကင်းပေမဲ့ မှို၊ ဘတ်တီးရီးယားစတဲ့ ရောဂါတွေကိုတော့ နည်းလမ်းအမျိုးမျိုးနဲ့ ဝင်ရောက်လာဖို့ အားပေးတတ်ပါတယ်။ အများအားဖြင့် အသီးကွဲရင် ဝင်ရောက်လာနိုင်တာက မှိုကြောင့်ဖြစ်တဲ့ မှည့်ပြောက်စွန်းရောဂါပေါ့။ ဒီလိုအခြေအနေ မျိုးဆို မှည့်လာတာနဲ့ မြန်မြန်ခူးလိုက်တာက ဆုံးရှုံးမှုကို သက်သာစေပါတယ်။

ရောဂါဖြစ်နေတဲ့ ခရမ်းချဉ်သီးရဲ့ အရေခွံကို ဖယ်ရှားပြီးစားနိုင်တယ်ဆိုပေမဲ့ ကျွမ်းကျင်ပညာရှင်တွေက အဲ့ဒီအသီးတွေကို မစားဖို့အကြံပေးထားပါတယ်။ ဘာလို့လဲဆိုတော့ မှိုရောဂါက အလွန်ကြောက်စရာ ကောင်းတဲ့ အဆိပ်တွေကို ထုတ်လွှတ်နိုင်လို့ပါ။

အချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ ခရမ်းချဉ်သီးတွေမှာ ကြောင်မျက်နှာပုံစံဖြစ်လာရတာဟာ ဖြစ်နိုင်တဲ့ အကြောင်းတရားတွေ အများကြီးရှိတယ်ဆိုပေမဲ့ ပတ်ဝန်းကျင်ကြောင့် ဖြစ်ရတဲ့အချက်တွေကြောင့်သာ အဓိကဖြစ်ရတယ်လို့ ပညာရှင်တွေကယူဆထားကြပါတယ်တဲ့ရှင်။

Ref: https://gardenerspath.com/how-to/disease-and-pests/tomato-catfacing/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်