ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယိလို တွဲဖက်စိုက်ပျိုးကြမလဲ

07/06/2026 11:58 AM တွင် Thein Soe Min Thein Soe Min မှ ရေးသား

ပိုးသတ်ဆေးတွေကြောင့် အချိန်ကုန် လူပင်ပန်းပြီး အကျိုးမြတ်နည်းပြီဆို စိုက်ပျိုးရေးလုပ်ရတာ အရှုံးချည်းပဲ​ဖြစ်နေတော့မှာပေါ့။ ပိုးမွှားတွေကို ဉာဏ်ဆင်ပြီး နှိမ်နင်းရမယ့်အချိန် ရောက်ပါပြီ။

ဓာတုပိုးသတ်ဆေး တစ်စက်မှမသုံးဘဲ တန်ဖိုးကြီးတဲ့ သင့်ရဲ့ဟင်းသီးဟင်းရွက်ခင်းတွေကို ကာကွယ်နိုင်မယ့် နည်းလမ်းရှိတယ်ဆိုရင်ရော။ ဆူးပန်းပင် ၊ စပါးလင်၊ မုန်ညင်းပင်နဲ့ ချစ်တီးပန်း ဒါမှမဟုတ် ထပ်တရာပန်းပင် စတဲ့ အပင်တွေကို စိုက်ခင်းပတ်ပတ်လည်မှာ ဗျူဟာမြောက် အစတေးခံ စိုက်ပျိုးခြင်းအားဖြင့် လိပ်ပြာတွေ၊ ဖလံတွေနဲ့ ပျပိုးတွေ ကျွန်တော်တို့ရဲ့ အဓိကသီးနှံဆီ မရောက်ခင် ကြားကနေ ဖြတ်တောက်တားဆီးပေးမယ့် 'မမြင်ရတဲ့ သဘာဝအကာအကွယ်တံတိုင်း' တစ်ခုကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

ဆူးပန်းပင်ကို ပတ်လည်ခြံစည်းရိုးအဖြစ် စိုက်ပျိုးခြင်း

သဘာဝတရားကို လှည့်စားခြင်း အတတ်ပညာ

ဒါကို စိုက်ပျိုးရေးပညာရပ်မှာ 'Biological Deception' သို့မဟုတ် သဘာဝတရားကို လှည့်စားတဲ့ ဗျူဟာလို့ ခေါ်ပါတယ်။ ပိုးကျမှ လိုက်လံနှိမ်နင်းရတဲ့ ပိုးလိုက်သတ်ရတဲ့စနစ် (Reactive Strategy) မဟုတ်ဘဲ၊ ပိုးမွှားတွေ စိုက်ခင်းထဲမဝင်ခင်ကတည်းက သူတို့ရဲ့ ရွေ့လျားမှုကို ကြိုတင်ထိန်းချုပ်ထားနိုင်တဲ့ ကြိုတင်ကာကွယ်ရေးဗျူဟာ (Proactive Strategy) တစ်ခု ဖြစ်ပါတယ်။

ရိုးရိုးလေးပါပဲ... ဖျက်ပိုးတွေဟာ ကျွန်တော်တို့ရဲ့ တန်ဖိုးရှိတဲ့ စိုက်ခင်းဆီကို မဦးတည်ဘဲ၊ သူတို့ ပိုကြိုက်တဲ့ လမ်းဘေးက ထောင်ချောက်ပင်တွေဆီ သွားမိအောင် ဒါမှမဟုတ် ကျွန်တော်တို့စိုက်ခင်းထဲ မဝင်လာတော့အောင် လမ်းကြောင်းလွှဲပစ်တာ ဖြစ်ပါတယ်။

 

ပိုးမွှားတွေ ဘာကြောင့် ဒီအပင်တွေကို ပိုကြိုက်တာလဲ ဒါမဟုတ် ကြောက်ကြတာလဲ 

မုန်ညင်းပင် နှင့် ကိုက်လန်/ဂေါ်ဖီအတွဲ

ဂေါ်ဖီရွက်စား စိန်ကွက်ဖလံပိုးတွေဟာ ကိုက်လန်ပင်ထက် မုန်ညင်းပင်က ထွက်တဲ့ အနံ့နဲ့ အရသာကို ပိုပြီး အရူးအမူး ကြိုက်နှစ်သက်ကြပါတယ်။

မုန်ညှင်း ဂေါ်ဖီထုပ် သီးညှပ်စိုက်ပျိုးခြင်း

ချစ်တီးပန်းပင် နှင့် ငရုတ်/ခရမ်းချဉ်အတွဲ

သီးလုံးဖောက်ပိုးတွေက ငရုတ်ပင်ထက် ချစ်တီးပန်း ဒါမဟုတ် ထပ်တရာပန်း ရဲ့ တောက်ပတဲ့အရောင်နဲ့ အနံ့ကို ပိုသဘောကျပါတယ်။

စပါးလင် နှင့် ပင်စိမ်း

တစ်ဖက်မှာလည်း စပါးလင်နဲ့ ပင်စိမ်းလို အပင်တွေကျတော့ စူးရှတဲ့ အမွှေးဆီအနံ့တွေ ထွက်တာကြောင့် ဖျက်ပိုးတွေ စိုက်ခင်းနားမကပ်ရဲအောင် 'တွန်းထုတ်' (Repel) ပေးပြန်ပါတယ်။

ဒါဟာ ဖျက်ပိုးတွေရဲ့ သဘာဝဗီဇ အားနည်းချက်ကို အသုံးချပြီး ကိုယ့်ရဲ့ ငွေဖော်ပေးမယ့် သီးနှံတွေကို အထိအခိုက်မရှိအောင် ကာကွယ်လိုက်တာပါ။

လက်တွေ့စိုက်ပျိုးနည်းလမ်းများ

အခုဆိုရင် သီအိုရီအကြောင်းအရင်းတွေကို သိပြီဆိုတော့ ဒီထောင်ချောက်ပင်နဲ့ ပိုးပြေးပင်တွေကို တန်ဖိုးကြီးသီးနှံစိုက်ခင်းထဲမှာ ဘယ်လိုအကွက်ချပြီး လက်တွေ့စိုက်ပျိုးမလဲ။ နည်းလမ်း (၃) ခု ရှိပါတယ်။

နည်းလမ်း (၁) - ပတ်လည်ခြံစည်းရိုးပုံစံ စိုက်စနစ်

ဒါကတော့ အလွယ်ဆုံးနဲ့ အထိရောက်ဆုံးပါပဲ။ သင့်ရဲ့ အဓိက ဟင်းသီးဟင်းရွက်ခင်း (ဥပမာ - ကိုက်လန် သို့မဟုတ် ငရုတ်) ရဲ့ ပတ်ပတ်လည်မှာ ဆူးပန်းပင် သို့မဟုတ် မုန်ညင်းပင်တွေကို စည်းရိုးသဖွယ် ပတ်ပတ်လည် ဝိုင်းပြီး စိုက်ပျိုးတာ ဖြစ်ပါတယ်။ ပြင်ပကနေ ပျံသန်းလာတဲ့ ဖျက်ပိုးမှန်သမျှ အလယ်က သီးနှံခင်းထဲမရောက်ခင် ဒီစည်းရိုးမှာတင် တင်ကျန်ပြီး ပိတ်မိသွားပါလိမ့်မယ်။

ငရုတ် စပါးလင် သီးရောစိုက်ပျိုးခြင်း

နည်းလမ်း (၂) - ကြားညှပ်စိုက်စနစ်

စိုက်ကွင်းကျယ်ရင်တော့ ကြားညှပ်စိုက်တာ ပိုကောင်းပါတယ်။ ဥပမာ - အဓိကသီးနှံ (၈) တန်း သို့မဟုတ် (၁၀) တန်း စိုက်ပြီးတိုင်းမှာ ထောင်ချောက်သီးနှံ (သို့မဟုတ်) ပိုးပြေးပင်ဖြစ်တဲ့ စပါးလင်နဲ့ ပင်စိမ်းကို (၁) တန်း ညှပ်စိုက်ပေးရပါမယ်။ ဒါဟာ ဖျက်ပိုးတွေ စိုက်ခင်းအနှံ့ ပျံ့နှံ့မသွားအောင် ကြားကနေ အနံ့နဲ့ ဖြတ်တောက်မောင်းထုတ်တဲ့ နည်းလမ်းပါ။

နည်းလမ်း (၃) - အချိန်ကိုက် စိုက်ပျိုးခြင်း

ဒါက အရေးကြီးဆုံး လျှို့ဝှက်ချက်ပါ။ ထောင်ချောက်သီးနှံတွေကို အဓိကသီးနှံထက် (၂) ပတ်ကနေ (၃) ပတ်ခန့် စောပြီး ကြိုတင်စိုက်ပျိုးထားရပါမယ်။ ဒါမှ အဓိကသီးနှံပင်လေးတွေ ကြီးထွားလာချိန်မှာ ထောင်ချောက်ပင်တွေက ဖျက်ပိုးတွေကို ဆွဲဆောင်နိုင်လောက်တဲ့ အရွယ်အစားနဲ့ အနံ့အသက် ရှိနေမှာ ဖြစ်ပါတယ်။

ထောက်ချောက်ပင်မှာ လာကျသော ပိုးများကို ပိုးသတ်ဆေးဖြန်းနေပုံ

ပြီးတော့ သတိထားရမယ့် အချက်တစ်ခုကတော့ ထောင်ချောက်ပင်တွေပေါ်မှာ ဖျက်ပိုးတွေ လာစုနေပြီဆိုရင် ထိုအပင်တွေကိုပဲ သီးသန့် ပိုးသတ်ဆေးအပျော့စား ဖျန်းပေးတာမျိုး ဒါမှမဟုတ် ပိုးကျနေတဲ့ အစိတ်အပိုင်းတွေကို ခုတ်ထွင် ဖျက်ဆီးပစ်ရပါမယ်။ ဒါမှ စိုက်ခင်းတစ်ခုလုံးအတွက် ပိုးသတ်ဆေးသုံးစွဲမှုကို ၉၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

ဒီဗျူဟာရဲ့ အနှစ်ချုပ်ကတော့ ကျွန်တော်တို့ဟာ သဘာဝတရားကို အတင်းအဓမ္မ လိုက်လံတိုက်ခိုက် နှိမ်နင်းနေတာ မဟုတ်ပါဘူး။ ထောက်ချောက်ပင်တွေ ပိုးပြေးပင်တွေရဲ့ သဘာဝကို အသုံးချပြီး ကျွန်တော်တို့ လိုချင်တဲ့ လမ်းကြောင်းထဲရောက်အောင် 'လမ်းညွှန်ထိန်းကျောင်း' ပေးလိုက်တာ ဖြစ်ပါတယ်။ 

ဒီလို သဘာဝအတိုင်း ဂေဟစနစ် မျှခြေကို ထိန်းသိမ်းခြင်းအားဖြင့် သင့်စိုက်ခင်းဟာ ပိုးသတ်ဆေး ဘေးအန္တရာယ်ကင်းပြီး ရေရှည်မှာ အကျိုးအမြတ်ပိုမို ရရှိစေမှာ အသေအချာပါပဲ။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်